ဝိုင်းမော်မြို့မှာ ရေကြီးရေလျှံကာ နေအိမ်နှင့် လယ်ယာများပျက်စီးခဲ့ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းလုပ်ဆောင်နိုင်ခြင်းမရှိသေး

ဝိုင်းမော်မြို့မှာ ရေကြီးရေလျှံကာ နေအိမ်နှင့် လယ်ယာများပျက်စီးခဲ့ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းလုပ်ဆောင်နိုင်ခြင်းမရှိသေး

ဧရာဝတီမြစ်ရေကြီးရေလျှံခဲ့တဲ့  ဝိုင်းမော်မြို့နယ်အတွင်းမှာ    စိုက်ပျိုးသီးနှံများဆုံးရှုံးမှု၊ နေအိမ်ပျက်စီးဆုံးရှုံးမှုတွေနဲ့ တချို့လမ်းပိုင်းပျက်စီးတွေဟာ  ဆိုးရွားစွာဖြစ်ပွားနေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

မြို့နယ်အတွင်းက မိုင်းနားကျေးရွာအုပ်စု၊ ဟူးလော်ကျေးရွာက  မြစ်ကမ်းပါးတစ်လျှောက်ရှိ နေအိမ်(၄)လုံးခန့်ကလည်း အိမ်အလုံးလိုက်ရေစီးထဲမျှောပါသွားပြီး တစ်ချို့သောနေအိမ်များမှာ ပြိုကျပျက်စီးသွားတာတွေလည်း ရှိနေတယ်လို့ ဝိုင်းမော်ကျေးရွာသား တစ်ဦးကအခုလိုပြောပြပါတယ်။     

“ ခိုင်ခိုင်ခံ့ခံ့မရှိတဲ့အိမ်တွေက ပြိုသွားတာပေါ့နော် အိမ်အကုန်လုံးပြိုလဲသွားတာမျိုးတွေလည်းရှိတယ် အိမ်အလုံးလိုက်ပါတာကျတော့  ဟူးလော်ရွာဘက်လေ ဘယ်လိုလဲဆို ကမ်းပါးနားအရမ်းကပ်နေတဲ့အိမ်တွေ ဖြစ်သွားကြတာဟုတ်တယ် တစ်ချို့ဟာတွေဆို အိမ်အလုံးလိုက်မပါရင်တောင်မှ နေလို့မရတော့တဲ့အခြေအနေမျိုးလာက်ထိဖြစ်သွားတာတွေရှိတယ်’ ဟု သူက ပြောပါတယ်။

ပြီးခဲ့တဲ့ဇွန်လအတွင်းမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး လက်နက်ကြီးကျရောက်မှုတွေကြောင့် ဒေသခံသေဆုံးမှုတွေရှိခဲ့တဲ့  ခတ်ချိုကျေးရွာမှာတွေလည်း ရေကြီးမှုကြောင့် ထိုနည်းတူ နေအိမ်ဆုံးရှုံးမှုတွေရှိနေတယ်လို့လည်း ဆိုပါတယ်။

တချို့သောနေအိမ်များမှာ အိမ်ရှင်တွေက မြစ်ကြီးနားမြို့ပေါ်ကို စစ်ဘေးတိမ်းရှောင်နေကြရတာကြောင့်  မော်တော်ယာဉ်၊ အိမ်အသုံးအဆောင်ပစ္စည်းပျက်စီးမှုများ ရှိနေပါတယ်။

ခတ်ချိုကျေးရွာအထက်ပိုင်းရှိ ဝိုင်းမော်မြို့နယ်လုံးဆိုင်ရာ တိုင်းလေစာပေယဉ်ကျေးမှုရုံးတွင်းမှာလည်း အပျက်အစီးကြီးမားခဲ့တာအပြင် ရှမ်းနီလူမျိုးနဲ့ ဂေါ်ရခါးလူမျိုးများအများဆုံးနေထိုင်သော မုတ်လွဲကျေးရွာမှာလည်း ပျက်စီးမှု ဆိုးဆိုးဝါးဝါးဖြစ်ပွားခဲ့တယ်လို့ ဒေသခံများက ဆိုကြပါတယ်။

ဝိုင်းမော်မြို့၊ သာယာအေးရပ်ကွက်၊လယ်ကွင်းတွေထဲက  စစ်ရှောင်စခန်းအဆောက်အဦးတွေလည်း ရေနစ်မြှုပ်ပျက်စီးမှုများခဲ့တာကြောင့် ပြန်လည်ပြုပြင်တာတွေပြုလုပ်နေရတယ်လို့ သိရပါတယ်။  

ဒါ့အပြင် ရေနစ်မြှုပ်ခဲ့တဲ့ ဒေသခံများရဲ့ စိုက်ပျိုးသီးနှံအားလုံးနီးပါးလည်း  ပြန်လည်ရှင်သန်ကောင်းမွန်လာနိုင်ခြင်းမရှိနိုင်တော့ကြောင်း ခတ်ချိုကျေးရွာသားတစ်ဦးက ဆိုပါတယ်။

“အခင်းတွေလည်းပျက်မှာပဲလေ ဘာလို့ဆို စပါးတွေနှမ်းတွေပြောင်းဖူးတွေဆိုပျက်သွားကြပြီ  ဘာမှပြန်မရနိုင်လောက်တော့ဘူး  ရေကလည်းနှစ်ရက်လောက်နစ်သွားပြီး လဲလည်းလဲသွားပြီဆိုတော့လေ   ရေစီးကလည်းတအားကြမ်းတာကိုး”  သူကဆိုပါတယ်။

ဝိုင်းမော်-မြစ်ကြီးနားသွားတဲ့လမ်းတစ်လျှောက်က စက်သုံးဆီပန့်ဆိုင်တွေအပြင် ကျေးရွာအတွင်းတွေက စက်သုံးဆီပန့်ဆိုင်အတော်များများလည်း ပျက်စီးဆုံးရူံးမှုများခဲ့ကြပါတယ်။

ဝိုင်းမော်မြို့ပေါ်မှာထက် မြို့နယ်အတွင်းက ကျေးရွာတွေမှာ ပျက်စီးမှုတွေပိုများပြားတယ်လို့ ဆိုပါတယ်။

အခုလို ပျက်စီးမှုတွေ ဖြစ်ပွားနေပေမယ့် လက်ရှိအချိန်ထိ ပြန်လည်ထူထောင်ပေးရေးအတွက် ဘယ်အဖွဲ့အစည်းကမှ လုပ်ဆောင်မှုမရှိသေးကြောင်း ဒေသခံများရဲ့ပြောပြချက်တွေအရ သိရပါတယ်။

Most read this week

September 3, 2026
ရေပန်းစားသည့် ဆက်သွယ်ရေး လူမှုကွန်ရက်များဖြစ်ကြသော Viber နှင့် Telegram တို့မှတစ်ဆင့် အွန်လိုင်း...
September 2, 2026
မြစ်ကြီးနား-မန္တလေး-ရန်ကုန် လေယာဉ်လက်မှတ်များ ဝယ်ယူရန် ပိုမိုခက်ခဲလာပြီး နှစ်လဝန်းကျင်အထိ...
ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...