မောင်တောရှိ ICRC ဂိုဒေါင်ကို စစ်သာများဖောက်ထွင်းပြီး ပစ္စည်းများကို အပြင်တွင်ရောင်းချနေကြောင်း သတင်းများထွက်ပေါ်

မောင်တောရှိ ICRC ဂိုဒေါင်ကို စစ်သာများဖောက်ထွင်းပြီး ပစ္စည်းများကို အပြင်တွင်ရောင်းချနေကြောင်း သတင်းများထွက်ပေါ်

ရခိုင်ပြည်နယ်၊မောင်တောမြို့၊မြို့မကညင်တန်းရပ်ကွက်ရှိ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)၏ ကုန်ပစ္စည်း သိုလှောင်ရုံ ဂိုဒေါင်အား  အားစစ်ကောင်စီတပ်သားများမှ  ဖောက်ထွင်း ခိုးယူအပြီး အပြင်တွင် ရောင်းချမှုများရှိနေသည်ဟု ဒေသခံများက ပြောကြားသည်။

ICRC ရုံးမှ ဒေသတာဝန်ရှိသူများအား အဆိုပါ ဂိုဒေါင်သို့  သွားလာစစ်ဆေးခွင့်အား စစ်‌ကောင်စီတပ်မှ ပိတ်ပင်ထားကြောင်း ဒေသ တာဝန်ရှိသူများထံမှသိရသည်။

" စစ်တပ်က ဂိုဒေါင်နားမှာ တပ်စွဲထားတာ။ အဖောက်ခံရတာဟုတ်မဟုတ် ICRC ရုံးကဝန်ထမ်းတွေ သွားရောက်ပြီး ကြည့်ရှု စစ်ဆေးခွင့်ကိုစစ်တပ်က သွားခွင့်မပေးဘူး။ စစ်တပ်က ICRCဂုံတင်အနီး က ဘင်္ဂလား ဘုန်းတော်ကြီးကျောင်းနဲ့ လူကယ်ပြန်ရုံးတွေမှာ‌စခန်းချထား ကြတာ။ ဘယ်လိုမှသွားမရဘူး" ဟု  ICRC ဝန်ထမ်း တဦးကပြောကြားသည်။

ICRC ၏ သိုလှောင်ရုံ ဂိုဒေါင်အား ဇွန်လ ၂၈ ရက်နေ့က ၎င်းဂိုဒေါင် အနီး စခန်းချနေထိုင်နေကြသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များဖောက်ထွင်းကာ ဂိုဒေါင်မှ အခြေခံစားသောက် ကုန်များနှင့် လက်နှိပ်ဓါတ်မီး၊ ဘက်ထရီအိုး၊ မီးသွေး၊ စားသုံးဆီ၊ တာပေါ်လင်စသည့် ပစ္စည်းများအား ယူဆောင်ကာ မောင်တောမြို့ပေါ်ရှိ ပြည်သူများအား စျေးချိုသာစွာဖြင့် လိုက်လံ ရောင်းချခဲ့ကြ‌ ကြောင်း မောင်တောဒေသခံများကပြောဆိုသည်။

" ငါးစည်၊ အမဲသားစည် တစ်ဗူးကို ၃၀၀၀ ကျပ်၊ မျှစ်နဲ့ပဲစည်သွပ်ဗူးတစ်ဗူးကို ၂၀၀၀ ကျပ်နဲ့ မွတ်ဆလင် လူငယ်တွေ မြို့ပေါ်ကဈေးတွေ နဲ့ လူနေရပ်ကွက်တွေမှာ လည်ပတ်ပြီး ရောင်းချနေကြတာ။ ကျွန်မတို့က မေးတယ်။ မင်တို့ကို ဘယ်သူတွေရောင်းခိုင်းတာလဲဆိုတော့ စစ်သားတွေ ရောင်းခိုင်းတာလို့ ပြောကြတယ်။ နောက်ပြီးဈေးဆိုင်တွေမှာ WFP တံဆိပ်ပါတဲ့ စားသုံးဆီ တစ်လီတာကို ၉၅၀၀ ကျပ်နဲ့ ဝယ်ယူလိုက်ရတာလည်း ရှိတယ် "ဟု  မောင်တော ဒေသခံ အမျိုးသမီးတစ်ဦးကပြောသည်။

ညောင်ချောင်း‌(မွတ်ဆလင်)ကျေးရွာမှ တပ်‌နောက်ဆုတ်လာကြသည့် စစ်ကောင်စီတပ်များ ICRC ဂိုဒေါင်အနီးရှိ BAJ ရုံးအပါအဝင်လူကယ်ပြန်ရုံး၊ ဘင်္ဂလားဘုန်းကြီးကျောင်း စသည့် နေရာများတွင် စခန်းချနေကြသည်။

အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြသည့် ဇွန်လ ၂၀ ရက်‌နေ့မှစပြီး ICRC ဂိုဒေါင်ရှိ နေ့စောင့်/ ညစောင့်ဝန်ထမ်းများမှ ဂိုဒေါင်အားသော့ခတ်ထားခဲ့ကြပြီး လုံခြုံရာတွင် နေထိုင် နေခဲ့ကြသည်ဟု  ဝန်ထမ်းများက‌ ပြောဆိုသည်။

" ဂိုဒေါင်မှာ ဆန်တွေမရှိတော့ပါဘူး။ အစကတည်းက WFPကိုလွဲပေးလိုက်ပြီ။ ဂိုဒေါင်မှာ  ကျန်နေတာက ရိက္ခာခြောက်တွေ၊အသား၊ငါးစည်သွပ်ဗူး၊ ဟင်းသီးဟင်းရွက်နဲ့ ပဲစည်သွပ်ဘူးတွေ၊  နောက်ပြီး အိမ် အသုံးအဆောင်တွေဖြစ်တဲ့ လက်နှိပ်ဓါတ်မီး၊ ဘက်ထရီအိုး၊ မီးသွေး၊ စားသုံးဆီ၊ တာပေါ်လင်စတဲ့ ပစ္စည်းတွေဘဲရှိ‌နေတာ"လို့ပြောဆိုသည်။

လက်ရှိတွင် အဆိုပါပစ္စည်းများကို စစ်ကောင်စီတပ်က ဖောက်ထွင်းပြီး အပြင်တွင် ရောင်းချနေကြောင်း ဒေသခံများက ပြောကြားသည်။

Most read this week

December 10, 2025
အကြမ်းဖက်စစ်တပ်ထိန်းချုပ်ထားပြီးတိုက်ပွဲတစ်ခါမျှ မဖြစ်ဖူးသေးသည့် ရခိုင်မှ မာန်အောင်မြို့နယ်တွင်...
December 8, 2025
ယခင်ကလက်နက်ကြီးပစ်ခတ်သံများကိုသာ ကြားခဲ့ရပြီး ယခုရက်ပိုင်းအတွင်း စက်သေနတ်နှင့် လက်နက်ငယ်မျိုးစုံ...
ရိက္ခာပြတ်ရာမှ ၆၆၆ ပွိုင့်ကုန်းက အတင်းတိုးထွက်လာသော စစ်တပ်စစ်ကြောင်း AA ဆီမှာ ချေမှုန်းခံရ
December 4, 2025
စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် ပွိုင့် ၆၆၆ စခန်းမှထွက်ခွာလာတဲ့ စစ်အုပ်စု စစ်ကြောင်းတစ်ခုကို...