လွိုင်ကော်မြို့ပေါ်မှာ တိုက်ပွဲပြန်လည်ဖြစ်ပွားနေ

လွိုင်ကော်မြို့ပေါ်မှာ တိုက်ပွဲပြန်လည်ဖြစ်ပွားနေ

ကရင်နီပြည်၊ လွိုင်ကော်မြို့ပေါ် ရပ်ကွက်တချို့မှာ ဒီကနေ့ ( ဇူလိုင်လ ၄ ရက်နေ့ ) မနက်ပိုင်း ၅ နာရီကျော်အချိန်ကစပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ လွိုင်ကော်ဒေသခံတွေဆီကနေ သိရပါတယ်။

“လက်နက်ငယ်ပစ်သံတွေတော့ ကြားတယ်။ လက်နက်ကြီးသံတော့ ကျနော်မကြားရဘူး။ ဒီမနက်အစောကြီးမှာ စကြားရတာ။” လို့ လွိုင်ကော် ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ တိုက်ပွဲအခြေအနေ အသေးစိတ်နဲ့ ပတ်သက်ပြီး တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တိုက်ပွဲဖြစ်ပွားနေပြီး အသေးစိတ်ကိုတော့ မဖြေကြားနိုင်သေးဘူးလို့ ဆိုပါတယ်။

ကရင်နီပြည်တပ်မတော်(KA)ရဲ့ စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်ကတော့ စစ်ဆင်ရေး ရှိနေဆဲဖြစ်တဲ့အတွက် ဒေသခံတွေအနေနဲ့ နေရပ်မပြန်ကြသေးဖို့ တိုက်တွန်းထားပါတယ်။

“ပြန်သူလူထုတချို့လည်း သူတို့နေစရာမရှိလို့ပဲ ပြန်နေကြတာလား။ သို့မဟုတ်တချို့ကလည်း နေချင်လို့ပဲ ပြန်နေကြတာလား။ ဒါပေမယ့် ကျနော်တို့ စစ်ရေးက မပြီးသတ်သေးဘူးလေ။ အဲဒီအတွက်ကြောင့် လူထုတွေအနေနဲ့ အတတ်နိုင်ဆုံးရှောင်ပေးဖို့ ကျနော်အနေနဲ့ ပြောချင်ပါတယ်။” လို့ ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ လွိုင်ကော်မြို့ စက်မှုဇုန်ဘက်ရှိ ရပ်ကွက်တကြောမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး နမ့်ဘော်ဝမ်ရပ်ကွက်တွေမှာတော့ ဒီကနေ့မနက်ပိုင်းမှာ ပြန်လည်စတင် ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

ဒီကနေ့မနက်မှာ တိုက်ပွဲပြန်လည်ဖြစ်ပွားတဲ့ နမ့်ဘော်ဝမ်ရပ်ကွက်ဘက်မှာ လူထုတချို့ ပြန်လည်နေထိုင်တာရှိနေတဲ့အတွက် တိုက်ပွဲအတွင်း အရပ်သားထိခိုက်မှု ရှိမရှိကိုတော့ ကန္တာရဝတီတိုင်း ( မ် ) အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

လွိုင်ကော်မြို့မှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့ကစပြီး ၁ လေးလုံးစစ်ဆင်ရေး တိုက်ပွဲစတင်ပြင်းထန်ဖြစ်ပွားကာ ဒေသခံအများအပြား နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

လွိုင်ကော်စစ်ဆင်ရေးကာလ ၆ လကျော်အကြာမှာတော့ ဒေသခံတချို့ နေရပ်ပြန်လာကြတယ်လို့ သိရပါတယ်။ တစ်ဖက်မှာလည်း လွိုင်ကော်မြို့ပေါ်မှာ စစ်ကောင်စီဘက်က အုပ်ချုပ်ရေးယန္တာရားတွေ ပြန်လည်ပတ်ဖို့ သိသိသာသာ ကြိုးစားလာတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

Most read this week

Photo credit - CJ
December 9, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက စစ်ကော်မရှင် တပ်စွဲထားတဲ့ ပတ်ဝန်းကျင်တွေရှိ...
Photo credit - CJ
December 8, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက စစ်ဘေးရှောင်စခန်း နှစ်ခုမှာ အိမ်ရှင်မတွေရဲ့...
December 4, 2025
ကရင်နီပြည် နဲ့ ရှမ်း-ကရင်နီ နယ်စပ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း စစ်ကောင်စီပစ်ခတ်မှုကြောင့်...
December 3, 2025
ကရင်နီမှာ စစ်ကော်မရှင်တပ်ဟာ ဒရုန်းတွေကို အသုံးပြုပြီး အရပ်သားပြည်သူတွေကို ပစ်မှတ်ထား...