တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီမှ လေကြောင်းဖြင့် အကြောင်းမဲ့ဗုံးကြဲတိုက်ခိုက်

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီမှ လေကြောင်းဖြင့် အကြောင်းမဲ့ဗုံးကြဲတိုက်ခိုက်

တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာ ၄ရွာတွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွား ခြင်းမရှိဘဲ စစ်ကောင်စီမှ ယမန်နေ့ ညနေပိုင်းက လေကြောင်းဖြင့် အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများကပြောသည်။

တနင်္သာရီမြို့နယ်ရှိ တကူကျေးရွာအုပ်စုအတွင်းမှ အင်းရှည်ကုန်း၊ ခြောက်အိမ်စု၊ ပြည်အေး နှင့် သံတိုက်စသည့် ကျေးရွာများကို Mi-2 တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် ဗုံးသီး (၁၀) လုံးကျော် ကြဲချတိုက်ခိုက်ခဲ့ကြောင်း အမည်မဖော်လိုသူ ကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

၎င်းက “ဗုံးသီး(၁၀)လုံးကျော်လောက်ရှိတယ်။ နေအိမ်တွေ ထိခိုက်ပျက်စီးကုန်တယ်။ ကလေးတစ်ယောက် ဗုံးသီးကျည်စ နည်းနည်းထိပြီးတော့ ဒဏ်ရာရသွားတယ်။ လေယာဉ်က ရုတ်တရက်လာကြဲတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ဘူး။ အခုထိကြောက်နေရတုန်းဘဲ။” ဟု ကေအိုင်စီ သို့ပြောသည်။

အဆိုပါ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အရပ်သားထိခိုက်မှုရှိသည့်အပြင် အင်းရှည်ကုန်းရွာရှိ မီးသတ်ရုံဘေးမှ အဆောင်တစ်ခု နှင့် ပြည်အေးရွာမှ နေအိမ်တစ်လုံး ထိခိုက်ပျက်ဆီးမှုများရှိခဲ့ကြောင်း ဒေသခံ များကပြောသည်။

တနင်္သာရီမြို့နယ်တွင် ယခုဇွန်လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား စစ်ရေး အခြေအနေ ငြိမ်သက်လျက်ရှိနေပြီး ယခုလို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားကျေးရွာများအတွင်းသို့ လေကြောင်းမှ တစ်ဆင့်တိုက်ခိုက်သောကြောင့် ကျေးရွာဒေသခံများအနေဖြင့် ကြောက်ရွှံ့ စိုးရိမ်မှုများ ဖြင့် နေထိုင်နေရကြောင်း ကျေးရွာအမည်မဖော်လိုသူ ဒေသခံတစ်ဦးကဆိုသည်။

“တိုက်ပွဲက ဖြစ်တယ်လို့မကြားမိဘူး။ အဲ့တော့ ပုံမှန်တိုင်း နေနေကြတာပေါ့။ ဒါပေမဲ့ ရုတ်တရက်လေယာဉ်နဲ့ လာကြဲတော့ အကုန်ကြောက်နေရတယ်။ တချို့တွေကြတော့လည်း ရွာထဲမနေဘဲ နီးစပ်တဲ့နေရာတွေကို ရှောင်နေကြကုန်ပြီး။ အခုလက်ရှိဆိုရင် စာသင်ကျောင်းတွေလည်းပိတ်ထားရတယ်။”ဟု ကေအိုင်စီ သို့ ပြော သည်။

ထို့အပြင် ပြီးခဲ့သည့် မေလတွင်လည်း သရက်ချောင်းမြို့နယ်က ဂုံညှင်းဆိပ်၊ ကနက်သီရိ နှင့် ကတွဲရွာတို့တွင် စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု အကြိမ်ကြိမ်လုပ်ဆောင်ခဲ့သောကြောင့် အရပ်သား ၆ ဦး သေဆုံးခဲ့ရပြီး သေဆုံးခဲ့သူ အရပ်သား ၆ ဦးထဲတွင် (၃) ဦးသည် ဆယ်ကျော်သက်အရွယ်ကလေးငယ်များ ဖြစ်ကြောင်း ဒေသ တွင်း သတင်းအရင်းအမြစ်များ၏ ဖော်ပြချက်များအရ သိရသည်။

Google Map
April 25, 2026
ထိုင်း-ကရင်နယ်စပ်၊ မြဝတီမြို့နယ်က “ထိုက်ချန်”အမည်ရ အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့်ပတ်သက်ပြီး...
April 24, 2026
စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားများ၊ အရပ်သားပြည်သူပိုင်နေရာများကို...
Photo crd- Thai PBS World
April 23, 2026
ထိုင်းနိုင်ငံခြားရေး ဝန်ကြီး Mr. Sihasak Phuangketkeow ၏ မြန်မာနိုင်ငံ၊...
April 22, 2026
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့မှတစ်ဆင့် မဲဆောက်မြို့သို့ နိုင်ငံဖြတ်ကျော်ဝင်လာမည့်...