ထိုင်းနယ်စပ် ဒုက္ခသည်များ တတိယနိုင်ငံ အခြေချနေထိုင်ရေးအစီအစဉ် ပြန်လည်စတင်မည်

ထိုင်းနယ်စပ် ဒုက္ခသည်များ တတိယနိုင်ငံ အခြေချနေထိုင်ရေးအစီအစဉ် ပြန်လည်စတင်မည်

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် နှစ်ရှည်ကြာနေထိုင်သည့် ဒုက္ခသည်များ တတိယနိုင်ငံသို့ သွားရောက်အခြေချနေထိုင်ရေး အစီအစဉ်ကို ယခု ဇွန်လတွင် ပြန်လည် စတင်ခေါ်ယူ တော့မည်ဖြစ်ကြောင်း ကရင်ဒုက္ခသည်များကော်မတီ-KRC ထံမှ သိရသည်။

ထိုင်းနယ်စပ်တလျှောက် ဒုက္ခသည်စခန်းတွင် နေထိုင်သူများသည် ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး-UNHCR နှင့် ထိုင်းအစိုးရအဏာပိုင်ဘက်မှ လူဦးရေ ပြန်လည်စိစစ်အတည်ပြုသည့် လုပ်ငန်းစဉ်များလုပ်ဆောင်မှုပြီးစီးပြီဖြစ်၍ ယခုဇွန်မှစတင်ကာ ဘမ့်ဒုံယမ်းနှင့် ထမ့်မဟင် ဒုက္ခ သည်စခန်းနှစ်ခုကို ခေါ်ယူရေးလုပ်ငန်းစဉ် စတင်မည်ဟု KRC အတွင်းရေးမှူး စောပွယ်စေးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “အဲဒီမှာတချို့က ပထမတစ်ကြိမ် အင်တာဗျူးပြီးပြီ၊ ဒုတိယအကြိမ် အင်တာဗျူးပြီးတဲ့ သူတွေ လည်းရှိတယ်။ အဲဒီပြီးတဲ့လူတွေကို စတင်ခေါ်ယူမယ်။ နောက်ဆုံးသွားမယ့်အဆင့်ပဲ ကျန်တော့တယ်။ ဒီဒုက္ခသည်စခန်း နှစ်ခုကတော့ တစ်ကြိမ်ထဲပဲ လုပ်ဆောင်ဖို့ရှိတယ်။ စာရင်းတင်တဲ့လူကတော့ ထောင်ဂဏန်းတော့မရှိဘူး။ အယောက် ၇၀၀ ဝန်းကျင်လောက်တော့ရှိတယ်။ ” ဟု ကေအိုင်စီသို့ ပြောသည်။

ထမ့်မဟင်နှင့် ဘမ့်ဒုံယမ်းဒုက္ခသည်စခန်းနှစ်ခုကို စတင်ခေါ်ယူသည့် အစီအစဉ်လုပ်ဆောင်ပြီးစီးပါက အုန်းဖျန်၊ နို့ဖိုး၊ မယ်လ၊ မယ့်လအူး၊ မယ်ရာမိုနှင့် အမှတ်(၁)၊ (၂) ကရင်နီဒုက္ခသည်စခန်းများကိုလည်း အစဉ်လိုက် ဆက်လက်ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထိုင်း-မြန်မာဒုက္ခသည်စခန်းအတွင်း နေထိုင်သူများကို တတိယနိုင်ငံသို့ အစုအဖွဲ့လိုက် ပြောင်းရွှေ့ နေရာချထားရေး အစီအစဉ်ကို ၁၀ စုနှစ်တစ်ခုကြာ ရပ်နားထားရာမှ ပြန်လည်စတင်နိုင်ရန်အတွက် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် လူတွေ့စစ်ဆေးမှုလုပ်ငန်းများ ပြန်လည်လုပ်ဆောင်လာခြင်းဖြစ်သည်။

အဆိုပါ လူတွေ့စစ်ဆေးမှုများ ပြန်လည်လုပ်ဆောင်ရာတွင် စခန်းထဲ၌ နေထိုင်သူများဖြစ်ရမည်ဖြစ်ပြီး ၂၀၁၉-၂၀၂၀ ခုနှစ်တွင် ထိုင်းပြည်ထဲရေးဝန်ကြီးဌာန -MOI က ပြုလုပ်သည့် လူဦးရေ စိစစ်လုပ်ဆောင်မှုတွင် ပါဝင်သူနှင့် ၂၀၁၅ ခုနှစ်တွင် UNHCR က ပြုလုပ်သော လူဦးရေ စိစစ် အတည်ပြုလုပ်ဆောင်ရာတွင် ပါဝင်သော သူများသာဖြစ်ရမည်ဟု သိရသည်။

ပြီးခဲ့သည့်၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင်လည်း ဘန်ကောက်မြို့အခြေစိုက် (UNHCR ) အကြီးအကဲ Filippo Grandi က ထိုင်း-မြန်မာနယ်စပ် Ratchaburi ခရိုင်ရှိ ထမ့်မဟင်ဒုက္ခသည်စခန်းသို့ သွားရောက်လေ့လာခဲ့စဉ် တတိယနိုင်ငံသို့ ရွှေ့ပြောင်းအခြေချမည့်သူများအား အားပေးစကားပြော ဆိုခဲ့သလို စခန်းအတွင်း ကျန်ရှိသောသူများကိုလည်း လစ်လျူရှုမည်မဟုတ်ကြောင်း  ပြောဆိုခဲ့သေးသည်။

ဒုက္ခသည်များကို ခိုလှုံခွင့်ပေးသည့်အစီအစဉ်ထဲတွင် အမေရိကန်ပြည်ထောင်စုတစ်ခုတည်းသာ ပါဝင်သေးပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကလည်း ဒုက္ခသည်အရေးကိစ္စနှင့် ပတ်သက်၍ ၂၀၂၄ ခုနှစ် ထဲတွင် တကမ္ဘာလုံးရှိ ဒုက္ခသည်ဦးရေ (၁၂၅,၀၀၀)ကျော်ကို ခေါ်ယူမည်ဟု ပြောဆိုထားကာ ထိုအ ထဲတွင် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များလည်း ပါဝင်ကြောင်း သိရသည်။

ထိုင်း-မြန်မာနယ်စပ် တစ်လျှောက်တွင် မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်ရာမို၊ မယ်လအူး၊ ဘမ့်ဒုံယမ်း၊ ထမ့်မ ဟင်နှင့် အမှတ် (၁)၊ (၂) ကရင်နီဒုက္ခသည်စခန်းအပါအဝင် မြန်မာဒုက္ခသည်စခန်းပေါင်း ၉ ခုရှိပြီး လူဦး ရေ တစ်သိန်းနီးပါး ခိုလှုံလျက်ရှိသည်ဟု သိရသည်။

Most read this week

July 24, 2026
ကော်သူးလေဒေသအတွင်း ရင်ဆိုင်ကြုံတွေ့နေရသည့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုနှင့် ပဋိပက္ခအခြေအနေ...
July 24, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်းရှိ ကျောက်ခက်ဒေသမှ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)...
July 23, 2026
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် မြန်မာနိုင်ငံသို့တရားမဝင်သွင်းမည့် စွမ်းရည်မြင့် (FPV)...
July 22, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက်၊ ဖလူးနှင့် မင်းလက်ပံဒေသများတွင် တိုက်ပွဲများအတွင်း အထိနာနေသည့်...