စစ်ရှောင်နေရာ သတ်မှတ်ပေးရန် တောင်းဆို

စစ်ရှောင်နေရာ သတ်မှတ်ပေးရန် တောင်းဆို

ထိုင်း-ကရင်နီ နယ်စပ်တွင် ရှိသော ဒေါနိုးကူး ကရင်နီစစ်ဘေးရှောင်များအတွက် နေရာအတည်အကျ စီစဉ် ပေးရန် စစ်ရှောင်များက ထပ်မံ တောင်းဆိုလိုက်သည်။

ယခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်ပြီး ဒေါနိုးကူး ရင်နီစစ်ရှောင်များက ၎င်းတို့အား နေရာတစ်ခု သတ် မှတ်ပြီး နေရာထိုင်ခင်း အတည်တကျ စီစဉ်ချမှတ်ပေးဖို့ ထိုင်းအာဏာပိုင်များနှင့် စစ်ရှောင်အရေး လုပ်ဆောင် ပေးနေသူများကို တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

သို့သော် “စခန်းထဲတော့ ပြန်နေကြပြီ။ ဒါပေမယ့် သုံးပုံတစ်ပုံပဲ ရှိတော့တယ်။ တချို့ကလည်း စခန်းထဲက သူတို့ ဆွေမျိုးတွေ ရှိတဲ့နေရာတွေမှာ သွားနေကြတာရှိတယ်။ တချို့ နေရပ်ကိုပဲ ပြန်သွားကြတဲ့ သူတွေလည်း ရှိတယ်။ အခုကဝင်တဲ့သူကဝင် ထွက်တဲ့သူက ထွက်လိုက်ပဲပေါ့” ဟု ဒေါနိုးကူး စစ်ရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

ထိုင်းအာဏာပိုင်များ၏ ဖိအားပေးမှုများကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းတွင် ဝင်ရောက်ခိုလှုံခဲ့ကြသော ဒေါနိုးကူး စစ်ရှောင်စခန်းမှ စစ်ဘေးရှောင်များသည် ယခုနှစ် ဖေဖော်ဝါရီလမှစတင်၍ လေကြောင်းပစ်ခတ်မှု အန္တရာယ်များ ရှိနေသည့် ကြားမှ ကရင်နီဘက်ခြမ်းကို ပြန်သွားကြခြင်း ဖြစ်သည်။

ထိုင်းအာဏာပိုင်များက ဒေါနိုးကူးစစ်ရှောင်များကို ၃ ကြိမ်တိုင်တိုင် နေရပ်သို့ ပြန်လည်နေထိုင်ရန် ဖိအားပေးခဲ့ ခြင်း ဖြစ်သည်။ ထိုသို့ ဖိအားပေးမှုများကြောင့် စစ်ရှောင်အိမ်ထောင်စု ၁၀၀၀ ကျော်ရှိသည့်အနက် အိမ်ထောင်စု ၃၀၀ ကျော်မှာ ပြန်လည်နေထိုင်ကြပြီး ကျန်အိမ်ထောင်စုများမှာ အမှတ်-၁ ကရင်နီဒုက္ခသည် စခန်းအတွင်းရှိ ဆွေမျိုးများနှင့် သွားရောက်နေထိုင် ကြသူများလည်းရှိသည်။

အချို့စစ်ရှောင်များမှာမူ တိုက်ပွဲများ ဖြစ်ပွားနေသည့် ကရင်နီပြည်တွင်းက ၎င်းတို့၏ ရပ်ရွာများဆီသို့ ပြန်သွားသူ များလည်း ရှိနေသည်။

ထိုင်း-ကရင်နီ နယ်စပ်တွင်ရှိသော ကရင်နီစစ်ဘေးရှောင်များအရေးနှင့် ပတ်သက်၍ ထိုင်းအာဏာပိုင်များဘက် ခြမ်းတွင် တိကျသော မူဝါဒများထုတ်ပြန်ထားရန် လိုအပ်သည်ဟု ကရင်နီ လူမှုအသင်းအဖွဲ့များ ကွန်ရက် KCSN ညှိနှိုင်းရေးမှူး ခူးကိုရယ်က ပြောသည်။

“လေယာဉ်နဲ့ လာကြဲပြီး ကတည်းက သူတို့မှာ စိတ်ဒဏ်ရာတွေ အများကြီး ရှိတယ်ဆိုတော့ ပြေးလိုက် လာ လိုက်ပါပဲ။ ထိုင်းဘက်ကလည်း သူတို့တိကျတဲ့ ပေါ်လစီလည်း မရှိဘူးပေါ့နော်၊ မရှိတဲ့အခါကျတော့ သူတို့ အတွက် နေရထိုင်ရတဲ့ အခါမှာလည်း အဆင်ပြေတဲ့ အနေအထားတော့ မရှိပါဘူး။”

စစ်ရှောင်အရေးနှင့် ပတ်သက်၍ တိကျသော မူဝါဒများ ချမှတ်ထားခြင်း မရှိသေးသော်လည်း စစ်ရေး အခြေ အနေပေါ်မူတည်၍ အချိန်မရွေး ဝင်ရောက် တိမ်းရှောင်နိုင်ရန် ခွင့်ပြုထားခြင်းများ ရှိသည်ဟု ခူးကိုရယ်က ဆက် ပြောသည်။

“ထိုင်းဘက်ကတော့ သဘောထား နည်းနည်း ပြောင်းလာတာတော့ ရှိတယ်။ ဒီဒေါနိုးကူးဘက်မှာပဲ မဟုတ်ဘူး ပေါ့နော် ဟိုး အောက်ဘက်မှာရှိတဲ့ စစ်ရှောင်တွေရှိတယ်။ အခြေအနေတည်ငြိမ်ရင် ဟိုဘက်မှာပဲ ပြန်နေ၊ အဝေးကြီးတော့ သူတို့လည်းမသွားခိုင်း စေချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဥပမာ လေယာဉ်ပဲဖြစ်ဖြစ် အခြေ အနေတွေ တော်တော်လေး ပြန်ဆိုးလာသည်ဖြစ်စေ သူတို့ဘက်က Welcome ပဲပေါ့နော်။ အချိန်မရွေး ပြန် လာလို့ရတယ် ဆိုတဲ့ဟာမျိုး ပြောတာတွေတော့ ရှိတယ်ပေါ့နော်။”

အလားတူ ဒေါနိုးကူး စစ်ရှောင်များ ထိုင်းဘက်ခြမ်းသို့ ထွက်ပြေးလာချိန် နေခဲ့သည့် ညောင်ပင်အောက် ဆိုသော နေရာမှ တဲများကိုလည်း ယနေ့အချိန်ထိ ဖြုတ်သိမ်းခိုင်းခြင်း မလုပ်ဘဲ အရေးပေါ် အခြေအနေများတွင် ပြန်လည် နေထိုင်ရန် ထိုင်းအာဏာပိုင်များက ခွင့်ပြုပေးထားသည်ဟု ဆိုသည်။

ထို့အပြင် နယ်စပ်ရှိ ကရင်နီစစ်ရှောင်များအတွက် ထိုင်းနိုင်ငံဘက်ခြမ်းရှိ အမှတ် - ၁ ကရင်နီ ဒုက္ခသည်စခန်းတွင် ကျန်းမာရေးနှင့် ပတ်သက်၍ အရေးပေါ် ဆေးကုသခွင့် ပြုထားသလို ကလေးငယ်များကို ပညာသင်ကြားခွင့်လည်း ပြုထားသည်။

သို့သော် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များနှင့် အကူအညီပေးရေး ကိစ္စရပ်များအတွက် များ စွာညှိယူရမည့် အခြေအနေမျိုး ဆက်ဖြစ်နေသေးသည်ဟု ကရင်နီ လူမှုအသင်းအဖွဲ့များ ကွန်ယက် KCSN မှ တာဝန်ရှိသူများက ပြောသည်။

ထိုင်းအစိုးရဘက်မှ ထိုင်း-ကရင်နီ နယ်စပ်ရှိ စစ်ဘေးရှောင်များအရေးနှင့် ပတ်သက်၍ ယနေ့အချိန်ထိ သိသာ သည့် သဘောထားပြောင်းလဲမှုနှင့် တိကျသော မူဝါဒများ မရှိသေးဘူးစုဟု စစ်ရှောင်အရေး လုပ်ဆောင်နေသူ များက ထောက်ပြကြသည်။

ထိုင်း - ကရင်နီ နယ်စပ်ရှိ စစ်ဘေးရှောင်များသည် စစ်ရေးအခြေအနေ တည်ငြိမ်သွားသည် အထိ လုံခြုံသော နေရာ တစ်ခုတွင် ခိုလှုံနေထိုင်ခွင့်ရရန် မျှော်လင့်နေကြသည်ဟု စစ်ဘေးရှောင်များက ဆိုသည်။

Most read this week

June 17, 2024
မွန်ပြည်နယ်၊ ကျိုက်မရော အကျဉ်းထောင်တွင် ဓါတ်လိုက် ဒဏ်ရာရသည့် အကျဉ်းသားနှင့် ပတ်သက်၍ စစ်ကောင်စီက...
June 12, 2024
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်အတွင်းရှိ တအာင်းအမျိုးသား တပ်မတော် TNLA ၏ တပ်စခန်းကို...
June 11, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်နေ ပြည်သူ ၅၀၀ နီးပါးခန့်မှာ တတိယအကြိမ်...
June 8, 2024
မြန်မာနိုင်ငံတစ်ဝှမ်းရှိ လူငယ်ပြုပြင်ရေး စခန်းများတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော အသက် မပြည့်သေး...