ထိုင်းပိုင်နက်ထဲ ထွက်ပြေးသည့် ဖူ့ချိမူစခန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၁ ဦး မဲဆောက်သို့ ပြန်ပို့ဆောင်

ထိုင်းပိုင်နက်ထဲ ထွက်ပြေးသည့် ဖူ့ချိမူစခန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၁ ဦး မဲဆောက်သို့ ပြန်ပို့ဆောင်

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်/တပ်မဟာ(၆) ကော့ကရိတ်မြို့နယ် ရှိ ဖူ့ချိမူ စစ်ကောင်စီတပ်စခန်းတိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် ထိုင်းနိုင်ငံပိုင်နက်ထဲသို့ ဝင်ရောက်သွားသော စစ် ကောင်စီတပ် ၃၁ ဦးအား ထိုင်းအဏာပိုင်က မြန်မာဘက်ခြမ်းပြန်လွှဲပြောင်းနိုင်ရန် ယမန်နေ့ မေလ ၂၃ ရက်နေ့ တွင် မဲဆောက်မြို့ဘက်သို့ ပို့ဆောင်လိုက်ပြီဖြစ်သည်ဟု ထိုင်းသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

ဖူ့ချိမူစစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တော်လှန်ရေးပူး ပေါင်းတပ် ဖွဲ့ဘက် ပြီးခဲ့သည့် မတ်လ ၂၀ ရက်နေ့တွင်အပြီး တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ဒုတပ်ရင်းမှူး အပါအဝင် ၄၈ ဦး KNLA တပ်ဖွဲ့ထံ လက်နက်ချအညံ့ခံခဲ့ပြီး ကျန်အယောက် ၃၀ ကျော်မှာ ထိုင်းနယ်စပ်ဘက်သို့ ထွက်ပြေးလွတ်မြောက်သွားခဲ့ခြင်းဖြစ်သည်ဟု တာဝန်ရှိသူများက ပြောသည်။

ပိုင်ခလိုင်ကျေးရွာရှိ တာဝန်ရှိသူတစ်ဦးက “သူတို့က တစ်ခါထဲဝင်လာတာမဟုတ်ဘူး။ ပထမရက်မှာ နှစ်ယောက် ဝင်လာတယ်။ ပြီးတော့ တစ်ယောက်ထပ်ဝင်လာတယ်။ ပြီးတော့ ဒီနေ့ (မနေ့က)၂၇ ဦး ထပ်ဝင် လာတယ်။ လက်နက်ပါတဲ့လူရှိတယ်။ မပါတဲ့လူရှိတယ်။ အဲဒီလူအားလုံးကိုတော့ မဲဆောက်ကို ပြန်ပို့လိုက်ပြီး”ဟု ကေအိုင်စီ သို့ ပြောသည်။

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် အုန်းဖန်မြို့နယ်ရှိ ပိုင်ခလန်ကျေးရွာသို့ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၁ ဦး သည် ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့က စခန်းဆုတ်ခွာ ထွက်ပြေးလာခြင်းဖြစ်ပြီး ထွက်ပြေးလာသည့် လမ်းတစ် လျှောက်တွင် ကိုယ်ဝန် ၅ လ လွယ်ထားသူ အမျိုးသမီးတစ်ဦးအပါအဝင် ဒေသခံ ၄ ဦးကို ပစ်သတ်သွားခဲ့သေး သည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ခြေလျင်တပ်ရင်း (ခလရ) ၅၅၇၊ ၃၃၉၊ ၃၁၁ တပ်ဖွဲ့ဝင်များဖြစ်ပြီး ၎င်းတို့၏ ကျူးလွန်သည့် ရာဇဝတ်မှုများကို တာဝန်ယူတာဝန်ခံမှုရှိစေရန်အတွက် ထိုင်းအာဏာပိုင်အနေဖြင့် မြန်မာသို့ လွှဲပြောင်းပေးခြင်း မပြုလုပ်ရန်လည်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်(KPSN)က ယနေ့ ကြေညာချက်ထုတ်ကာ တောင်းဆိုထားသည်။

ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ နိုင်ငံအတွင်း ထွက်ပြေးလာသည့် စစ်ကောင်စီတပ်များကို စစ်ရာဇဝတ်မှု ကျူးလွန်သည့်အတွက် နိုင်ငံတကာ စစ်ရာဇဝတ်မှုဥပဒေဖြင့် တရားစွဲဆိုနိုင်ရန် လိုလားသောကြောင့်  မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခြင်းမပြုလုပ်ရန် ဒေသခံလူထုနှင့် အရပ်ဖက်အဖွဲ့အချို့က ထိုင်း အာဏာပိုင်ကို တောင်းဆိုနေကြောင်း ဖော်ပြထားသည်။

ကရင်လူ့အခွင့်အရေးအတွက် လုပ်ဆောင်သူတစ်ဦးကလည်း “ကိုယ်ဝန်ဆောင်အမျိုးသမီးကို ပစ်သတ်တာက လူ့အခွင့်အရေးကို တိုက်ရိုက်ချိုးဖောက်တာဖြစ်တယ်။ ဒါက ရာဇဝတ်မှုဖြစ်တယ်။ အဲဒါကြောင့် ဒီစစ် ကောင်စီ တပ်ကို အရေးယူနိုင်ဖို့က သေသေချာချာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ရမှာဖြစ်တယ်။ သိတဲ့အတိုင်းပဲ မြန်မာ ဘက်ခြမ်း စစ်ကောင်စီထံ ပြန်လွှဲပို့ရင် သူတို့ကလွတ်မြောက်သွားမယ်။ ဘယ်သူမှ အရေးယူမှု တွေလုပ်မှာမဟုတ်တော့ဘူး။ ဒါကြောင့် ဒီစစ်တပ်တွေကို အရေးယူနိုင်ဖို့ လုပ်ဆောင်ပေးစေချင်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ထိုင်းနယ်စပ်အနီးရှိ ဖူ့ချိမူတပ်စခန်းကို KNLA ၊ PDF တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ဒရုန်းဖြင့် အဆက် မပြတ် တိုက်ခိုက်မှုလုပ်ဆောင်သည့်အတွက် စခန်းထဲရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၂၀ ခန့် သေဆုံးခဲ့ သည်ဟု တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူထံမှ သိရသည်။

သို့သော် ဖူ့ချိမူတပ်စခန်း တိုက်ခိုက်သိမ်းပိုက်နိုင်သည့် အခြေအနေ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ဖမ်းဆီးခံရသည့်အခြေအနေ၊ သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းနှင့် သေဆုံးမှုစာရင်းများကို ကေအဲန်ယူဘက်က ထုတ်ပြန်လာခြင်းမရှိသေးပေ။

ဖူ့ချိမူဒေသရှိ မယ်သရောထစခန်း၊ ရေတလျောက်စခန်းကိုလည်း ပြီးခဲ့သည့် မတ်လတုန်းက KNLA တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်မှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့စဉ် စခန်းထဲရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ထိုင်း-မြန်မာနယ်စပ် ပိုင်ခလန်ကျေးရွာထဲသို့ အလားတူ ထွက်ပြေးဝင်ရောက်ခဲ့ပြီး ထိုင်းအာဏာပိုင်ဘက်မှ မဲဆောက်မြို့မှတစ်ဆင့် မြဝတီသို့ ပြန်လည်လွှဲပြောင်းခဲ့သေးသည်။

June 15, 2024
ဖားအံမြို့တွင် ပြီးခဲ့သည့် မေလမှ စတင်ကာ စျေးကွက်အတွင်းလူသုံးများသည့် ဆေးဝါး နှင့်...
June 14, 2024
တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာ ၄ရွာတွင် နှစ်ဖက်တိုက်ပွဲ...
June 13, 2024
တနင်္သာရီတိုင်းဒေသကြီးအတွင်း တော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်အကြား နှစ်ဖက်တိုက်ပွဲ...
June 12, 2024
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ဒေသခံပြည်သူများအနေဖြင့် ကုန်ပစ္စည်း သွားလာရောင်းဝယ်မှုမရတော့...