ကရင်နီမှာ မိုင်းအန္တရာယ် အသိပညာပေး လုပ်ဆောင်မှု အားနည်းနေသေး

ကရင်နီမှာ မိုင်းအန္တရာယ် အသိပညာပေး လုပ်ဆောင်မှု အားနည်းနေသေး

စစ်မက်ဖြစ်ပွားနေဆဲ ကရင်နီပြည်မှာ မိုင်းအန္တရယ် အသိပညာပေး လုပ်ဆောင်တာနဲ့ ပတ်သက်ပြီး အားနည်းမှုရှိနေတယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ အတွင်းရေးမှူး (၂) ဦးဗညားက ပြောပါတယ်။

“ မိုင်းနင်းမိသွားတဲ့ အခြေအနေ ကိုပြန်ကြည့်လိုက်တဲ့ အချိန်မှာ လုံးဝ သတိမထားတဲ့ဟာမျိုးပေါ့။ နောက်ပြီးတော့ မျက်လုံးနဲ့ မြင်လို့မရတဲ့ဟာတွေ ၊ နောက်ပြီးတော့ ကန့်သတ် ဧရိယာထဲကိုကျော်သွားလို့ ထိခိုက်တာတွေရှိပါတယ်။ အဲ့တော့ ပညာပေးလုပ်ငန်းကတော့ အားနည်းချက်ရှိသေးတယ်။ သို့ပေမယ့်လည်း ဒါရေရှည်လုပ်ရတဲ့ လုပ်ငန်းတစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့ ကျနော်တို့ မှာ ပညာပေးလုပ်ငန်းဆိုတာကတော့ လုံလောက်တာ မရှိသေးဘူး၊ ပညာပေးလုပ်ငန်းတွေ လိုအပ်တယ်။ “ လို့ ဦးဗညားက ပြောပါတယ်။

ကရင်နီပြည်က တိုက်ပွဲဖြစ်ပွားခဲ့တဲ့ကျေးရွာတွေ၊ မြို့ပေါ်ဧရိယာတွေ နဲ့ စစ်ကောင်စီတပ်စွဲခဲ့တဲ့ နေရာတွေမှာ မြေမြှုပ်မိုင်းတွေ ကျန်ရှိနေဆဲဖြစ်ပါတယ်။

အဲ့ဒီအတွက်ကြောင့် တချို့ နေရပ်ပြန်တဲ့ ပြည်သူတွေ၊ နေအိမ်ပြန်ရှင်းလင်းကြတဲ့ ပြည်သူတချို့ဟာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရတာရှိသလို သေဆုံးခဲ့ရတာတွေလည်း ရှိနေပါတယ်။

ပြည်သူတွေအတွက် မြေမြှုပ်မိုင်း အသိပညာပေးတာတွေနဲ့ ပတ်သက်ပြီး အဖွဲ့အစည်းတချို့ လုပ်ဆောင်နေတာရှိပေမယ့် ထိရောက်မှု အားနည်းနေသေးတယ်လို့ ဦးဗညားက ဆက်ပြောပါတယ်။

“ အကြမ်းဖျင်းအားဖြင့်တော့ မိုင်းပညာပေးနဲ့ ပြောလိုက်ရင် ကျနော်တို့ လုပ်နေကြတာတော့ရှိတာပေါ့။ အဖွဲ့ သေးလေးတွေ သုံး၊ လေးဖွဲ့တော့ရှိပါတယ်။ ဒီမိုင်း အသိပညာပေးလုပ်ငန်းတွေပေါ့။ ဒါပေမယ့် ဘယ်လောက်ထိ ထိရောက်မှုရှိလဲဆိုတာ ကျနော်တို့ ပြောရတာတော့ ခက်သေးတယ်။ ဘာဖြစ်လို့လဲဆိုရင် မိုင်းအန္တာရယ် အသိပညာပေးလုပ်ငန်းတွေကတော့ အခြေခံအားဖြင့်တော့ ပေးရတာလွယ်တယ်။ သို့ပေမယ့် တကယ် လက်တွေ့က မြေပြင် ရဲ့ အခြေအနေအရ ကွက်တိ လူထုတွေ ယောက်တိုင်းက ဒီဟာအတိုင်း ပြန်ကျင့်သုံးရတာ ခက်ခဲမှုရှိတယ်။ “ လို့ ဦးဗညားက ဆက်ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ်အတွင်းက ကျေးရွာတွေမှာ စစ်ကောင်စီတပ်ဆုတ်သွားပြီဖြစ်ပေမဲ့ မြေမြှုပ်မိုင်းထောင်ထားခဲ့တာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေက မြေမြှုပ်မိုင်း ရှင်းလင်းခဲ့တာရှိပါတယ်။

မြေမြှုပ်မိုင်း အများအပြားရှိနေသေးတာကြောင့် သတိထားသွားလာကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းက ကျေးရွာတွေမှာဆိုရင် မိုင်းရှင်းလင်းရေးတွေ လုပ်ဆောင်တာ ရှိပေမယ့် မြေမြှုပ်မိုင်းတွေ ရှိနိုင်သေးတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ ဒီးမော့ဆို အရှေ့ခြမ်းဆို ကျနော်တို့ တာဝန်ယူတယ်လေနော။ လိုက်ရှင်းပေးတယ်။ ဒေါညေးခူ၊ ဒေါတမကြီးတို့၊ ဒေါတငူးတို့ဆို ပြန်လာနေလို့တော့ရတယ်။ သို့သော် တချို့သော နေရာလည်း ကျနော်တို့ ရှင်းပြီးရင်လည်း မိုင်းထပ်တွေ့တာပဲ။ “ လို့ သူက ပြောပါတယ်။

မိုင်းရှင်းလင်းဖို့အတွက် ပစ္စည်းကိရိယာ မရှိတဲ့အတွက် ရှိတဲ့ ပစ္စည်းတွေနဲ့ ရှင်းလင်းနေရသလို အခက်အခဲတွေ ရှိနေတယ်လို့ သိရပါတယ်။

လွိုင်ကော်မြို့နယ် နဲ့ ဒီးမော့ဆိုမြို့နယ် အတွင်းမှာ စစ်ဘေးရှောင်ကြတဲ့ ဒေသခံတွေ နေရပ်ပြန်နေကြတာရှိပြီး မြေမြုပ်မိုင်းကြောင့် ထိခိုက်သေဆုံးခဲ့ရတဲ့ ပြည်သူတွေရှိနေပါတယ်။

၂၀၂၄ ခုနှစ်အတွင်းမှာ မြေမြုပ်မိုင်းကြောင့် ထိခိုက်ခဲ့ရတဲ့ အရပ်သား ၃၅ ဦးထက်မနည်းရှိပြီး၊ ၂ ဦး သေဆုံးခဲ့တယ်လို့ IECအတွင်းရေးမှူး(၂) ဦးဗညားက ကန္တာရဝတီတိုင်း(မ်)ကို မေလ (၁)ရက်နေ့မှာ ဖြေကြားထားတာရှိပါတယ်။

မေလအတွင်း (၂၄)ရက်နေ့အထိ ကန္တာရဝတီတိုင်း(မ်) မှ သိရှိထားတဲ့ စာရင်းအရ လွိုင်ကော်မှာ နေအိမ်ပြန်ရှင်းလင်းတဲ့ အမျိုးသမီးတစ်ဦး မိုင်းကြောင့် ညာခြေတစ်ဖက် ဆုံးရှုံးခဲ့ရသလို ဒီးမော့ဆို အရှေ့ဖက်ခြမ်းမှာလည်း တောထဲဟင်းရှာထွက်တဲ့ အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းကြောင့် ခြေနှစ်ဖက်ပြတ်ပြီး သေဆုံးခဲ့ရပါတယ်။

မိုင်းအန္တရာယ် ကာကွယ်ရေး လိုက်နာဆောင်ရွက်သင့်တဲ့ အချက်တွေကိုလည်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ၂၀၂၄ခုနှစ်၊ မေလ ၁ ရက်နေ့မှာ ထုတ်ပြန်ထားတာရှိပါတယ်။

Most read this week

June 17, 2024
ကယန်းဒေသတွင်းက စာသင်ကျောင်းပေါင်း ၆၀ မှာ ကယန်းစာပေသင်ကြားဖို့ စေတနာ့ဝန်ထမ်း ၆၀ ဦးကို...
June 14, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့ပေါ် ရပ်ကွက် နဲ့ ကျေးရွာတချို့မှာ ပြန်လာနေထိုင်ကြတဲ့ ဒေသခံတချို့ကို...
June 13, 2024
ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ဖွဲ့စည်းခဲ့တဲ့ တစ်နှစ်တာအတွင်းမှာ ငွေကြေးရန်ပုံငွေ...
June 10, 2024
ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ ( IEC ) ဖွဲ့စည်းပြီး တစ်နှစ်တာအတွင်းမှာ ပြည်သူလူထုနဲ့...