ရွေ့ပြောင်းလုပ်သားတို့ကို အစားထိုးစစ်မှုထမ်းစေရန် အုပ်ချုပ်ရေးမှုးတို့ကိုယ်တိုင်ဆောင်ရွက်ပေးနေ

ရွေ့ပြောင်းလုပ်သားတို့ကို အစားထိုးစစ်မှုထမ်းစေရန် အုပ်ချုပ်ရေးမှုးတို့ကိုယ်တိုင်ဆောင်ရွက်ပေးနေ

မွန်ပြည်နယ်တွင် စစ်ကောင်စီ၏ စစ်မှုထမ်းသင်တန်းတက်ရောက်ရန် မဲပေါက်ထားသည့်ဒေသခံနှင့် စစ်မှုထမ်းရန်ပျက်ကွက်သူတို့၏ နေရာတွင် ရွှေ့ပြောင်းလုပ်သားတို့ကို အစားထိုးအဖြစ် တက်ရောက်စေရန် အုပ်ချုပ်ရေးမှုးအဖွဲ့တို့ ကိုယ်တိုင်ဆောင်ရွက်နေသည်ဟု သိရသည်။

အစားထိုးစစ်မှုထမ်းမည့် ရွှေ့ပြောင်းလုပ်သားတို့အတွက် ဒေသခံတို့ထံ ငွေကြေးကောက်ခံလျှက်ရှိပြီး တစ်ဦးလျှင် ငွေကျပ် ၁၀ သိန်းမှ သိန်း ၅၀ အထိ ပေးဆောင်ကာ ငှားရမ်းနေသည်ဟု မော်လမြိုင် မြို့ခံတစ်ဦးက ဆိုသည်။

“ဈေးကွက်တစ်ခုလိုကိုဖြစ်နေတာ။ အုပ်ချုပ်ရေးမှုးတွေက ရပ်ကွက်မှာပိုက်ဆံကောက်တယ် ပြီးရင် သက်သက်သာသာနဲ့ငှားလို့ရတဲ့သူတွေကို ရှာငှားပေးကြတယ်။ တစ်ချို့က ပြောဆိုထားတဲ့ ဈေးလောက် မရနေတာတွေလည်းရှိတယ် ” ဟု ဆိုသည်။

စစ်ကောင်စီ၏ စစ်မှုထမ်းသင်တန်းအတွက် မြို့ပေါ်ရှိတစ်ရပ်ကွက်လျှင် ၂ ဦးနှုန်းဖြင့် ပို့ဆောင်ရမည်ဟု ညွှန်ကြားထားသော်လည်း စစ်မှုထမ်းရန်မဲပေါက်သူနှင့် အလှည့်ကျသူတို့ ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု သိရသည်။

ရွှေ့ပြောင်းလုပ်သားတို့ကို လုံခြုံရေးပိုင်းဆိုင်ရာ တစ်စုံတစ်ရာ အာမခံပေးခြင်းမရှိဘဲ ငွေကြေးဖြင့်မက်လုံးပေးစည်းရုံးနေခြင်းသည် လူ့အခွင့်အရေးချိုးဖောက်နေသည့်သဖွယ် ဖြစ်နေသည်ဟု ၎င်းမြို့ခံက ဆက်ပြောသည်။

“ ပိုက်ဆံရှိတဲ့လူက သူတို့အတ္တနဲ့သူတို့လွတ်မြောက်ဖို့ပဲ လုပ်နေကြတာဆိုတော့ နောက်ဆိုရင်သူတို့ဆီမှာ လုပ်နေတဲ့အလုပ်သမားတောင်မှ သူတို့အစားထိုးပြီးတော့ နင်တို့မိသားစုကို ငါဘယ်လောက်ပေးရမလဲ။ ဘယ်လိုထောက်ပံမလဲစည်းရုံးမှုတွေနဲ့ဆို အောက်ခြေအလုပ်သမားတွေပဲ အကြိမ်ကြိမ်နစ်နာမှာ၊အောက်ခြေဆင်းရဲသားတွေပဲဒုက္ခရောက်မှာ ” ဟုဆိုသည်။

တစ်ဖက်တွင် ကုန်ဈေးနှုန်းမြင့်တက်မှုနှင့် စားဝတ်နေရေးအခက်အခဲတို့ကြောင့် ရွှေ့ပြောင်းလုပ်သားတို့မှ စစ်မှုထမ်းသည့်ကိစ္စ မငြင်းဆန်နိုင်ဖြစ်နေကြောင်း သူကဆက်ပြောသည်။

စစ်မှုထမ်းဥပဒေနှင့် စစ်မှုထမ်းရန် အစားထိုးလုပ်ဆောင်လာခြင်းတို့ကြောင့် စိုက်ပျိုးရေးလုပ်ငန်း၊ အထည်ချုပ်လုပ်ငန်း၊ အုတ်လုပ်ငန်း၊ စားသောက်ဆိုင်နှင့် ကုမ္ပဏီလုပ်ငန်းတို့တွင် နေစားလုပ်သားရှားပါးမှုနှင့် ရင်ဆိုင်နေရသည်ဟုလည်း မွန်ပြည်နယ် လုပ်ငန်းရှင်တို့မှ သိရသည်။

မွန်ပြည်နယ်အတွင်းရှိ ရွေ့ပြောင်းအလုပ်သမားအများစုသည် ပဲခူး၊ ဧရာဝတီနှင့် မကွေးမှ ပြောင်းရွှေ့လာသူတို့ဖြစ်ကြောင်းသိရသည်။

ဗမာရေးရာနှင့်ပဋိပက္ခလေ့လာရေးအဖွဲ့(BACS) ၏ အစီရင်ခံစာအရ မွန်ပြည်နယ်တွင် စစ်မှုထမ်းဉပဒေအပတ်စဉ်(၁) အတွက် လူငယ် ၂၀၀ ကျော် စစ်သင်တန်းကျောင်းသို့ ပို့ဆောင်ခဲ့ပြီးနောက် လက်ရှိအပတ်စဉ်(၂)တွင်လည်း လူငယ်ဦးရေ ၂၀၀ ကျော် ပို့ဆောင်ထားကြောင်း သိရသည်။

Most read this week

June 13, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ ရာဖူးရွာသစ်၊ ရာဖူးကျေးရွာနှင့် သာယာမွန်ကျေးရွာတို့တွင်...
June 12, 2024
မွန်ပြည်သစ်ပါတီ၊ မွန်အမျိုးသားပညာရေးဌာနအောက်ရှိ အထက်တန်းကျောင်းတို့တွင်  ယခု၂၀၂၄ -၂၀၂၅...
June 10, 2024
စစ်ကောင်စီနှင့်တော်လှန်ရေးအင်အားစုတို့ကြား ပဋိပက္ခဖြစ်ပွားမှု ပိုဖြစ်ပွားသည့်...