မော်လမြိုင်မှာ စစ်မှုထမ်းမပေးနိုင်တဲ့ အုပ်ချုပ်ရေးမှူးတွေ အရေးယူခံရမယ်လို့ ခံဝန်ထိုးခိုင်း

မော်လမြိုင်မှာ စစ်မှုထမ်းမပေးနိုင်တဲ့ အုပ်ချုပ်ရေးမှူးတွေ အရေးယူခံရမယ်လို့ ခံဝန်ထိုးခိုင်း
Photo credit - MOI
Photo credit - MOI

မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကော်မရှင် လစဉ်ဖွင့်လှစ်နေတဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းအတွက် စစ်မှုထမ်း တပ်သားသစ် မစုဆောင်းနိုင်တဲ့ အုပ်ချုပ်ရေးမှူးတွေ အရေးယူခံရမယ်လို့ စစ်ကော်မရှင်ဘက်က ခံဝန်ထိုးခိုင်းနေကြောင်း အမည်မဖော်လိုတဲ့ အုပ်ချုပ်ရေးမှူးတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကော်မရှင်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက အုပ်ချုပ်ရေးမှူးတွေကို အစည်းအဝေးခေါ်ယူပြီးနောက် စစ်မှုထမ်းသင်တန်းအတွက် တစ်လလျှင် အနည်းဆုံး တပ်သားသစ် နှစ်ဦး မဖြစ်မနေ စုဆောင်း ပေးရမှာ ဖြစ်ပြီး မစုဆောင်းနိုင်တဲ့ အုပ်ချုပ်ရေးမှူး တွေကိုတော့ အရေးယူခံရမယ်ဆိုတာ သိရှိကြောင်း ခံဝန်ထိုးခိုင်းခဲ့တာပါ။

ဒါ့အပြင် လစဉ် သင်တန်းသား ပြည့်မီရေးအတွက် စစ်မှုထမ်းသင်တန်း မဖွင့်ခင်ကတည်းက တပ်သားသစ်တွေ ကြိုတင် စုဆောင်းထားဖို့ လိုအပ်တဲ့အချိန်မှာ တပ်သားသစ် အပြည့်အဝ ရရှိစေဖို့အပြင် ရပ်ကွက်အတွင်း ငွေကြေး ကောက်ခံတဲ့ နေရာမှာလည်း အသံမထွက်စေဖို့ ပြောဆိုခဲ့တာ ရှိတယ်လို့ သိရပါတယ်။

အမည်မဖော်လိုတဲ့ အုပ်ချုပ်ရေးမှူးတစ်ဦးကတော့ စစ်မှုထမ်းသင်တန်းအတွက် တစ်လလျှင် အနည်းဆုံး တပ်သားသစ် နှစ်ဦး ရှာခိုင်းပြီး မရှာနိုင်ပါက အရေးယူမှာ ဖြစ်သလို အရင်လို လူစားထိုး အငှား ခေါ်ယူလို့မရတာကြောင့် အခက်တွေ့ နေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အခုက အရင်လို မဟုတ်တော့ဘူး။ စစ်မှုထမ်းအတွက် မဖြစ်မနေတစ်လကို အနည်းဆုံး နှစ်ယောက် ရှာခိုင်းတယ်။ မရှာပေးနိုင်ရင် အရေးယူမယ်ဆိုပြီး ခံဝန် ထိုးရတာပေါ့။ သိတဲ့အတိုင်း အခုက အရင်လို ပိုက်ဆံပေးပြီး တော်ရုံမှ ခေါ်လို့ မရတော့တာ။ အရင် သင်တန်းဆင်းတွေလည်း အဆက်အသွယ်တွေ မရကြတော့ ဘယ်သူမှ အဲဒီသင်တန်းကို တက်ချင်တာ မဟုတ်ဘူး။ အခုတော့ အုပ်ချုပ်ရေးမှူး တော်တော်များများ ခေါင်းစားနေကြပြီ”လို့ ဆိုပါတယ်။

အခုလို မဖြစ်မနေ တပ်သားသစ် စုဆောင်းရမှာ ဖြစ်တာကြောင့် လူစားထိုးအငှားခေါ်ယူလို့ မရပါက ရပ်ကွက်အတွင်းက လူငယ်တွေကို မဲနှိုက်ခိုင်းဖို့ စီစဉ်ရမှာ ဖြစ်သလို မဲမနှိုက်တဲ့သူတွေကိုတော့ ဆင့်ခေါ်စာနဲ့ ခေါ်ယူရတော့မှာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

တဖက်မှာ စစ်ကော်မရှင် လက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေဟာ စစ်မှုထမ်း တပ်သားသစ်ရဖို့အတွက် လူငယ်တွေကို ငွေပေးစည်းရုံးတာ၊ ညအချိန်မတော် ထွက်တဲ့သူတွေကို ဖမ်းဆီးပြီး စုဆောင်းတာအပြင် နည်းအမျိုးမျိုးနဲ့ ရသလို အတင်း အဓမ္မ စုဆောင်းနေကြရတာပါ။

စစ်ကော်မရှင်က စစ်မှုထမ်းသင်တန်းအတွက် တပ်သားသစ်တွေကို အတင်းအဓမ္မ စုဆောင်းနေတာကြောင့် လူငယ်အများစု တော်ရုံ အပြင် မထွက်ရဲကြတော့သလို တချို့လူငယ်တွေဆိုရင် နီးစပ်ရာ နိုင်ငံတွေကို ထွက်ခွာမှုတွေ ရှိနေတာပါ။

သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ စစ်ကော်မရှင်ရဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၁၉ အထိ ဒေသတွင်းက စစ်မှုထမ်း အကြုံးဝင်တဲ့ လူငယ် စုစုပေါင်း ၃၅၀၀ ဝန်းကျင် စစ်သား စုဆောင်းခံထားရပါတယ်။

Most read this week

February 26, 2026
ထိုင်း-မြန်မာနယ်စပ် တနင်္သာရီတိုင်း မောတောင်မြို့ကို ပြန်လည်ထိန်းချုပ်ဖို့ စစ်ကော်မရှင်ဘက်က...
February 25, 2026
ပိုင်ကျုံ — ကရင်အမျိုးသားအစည်းအရုံး KNU ဌာနချုပ်ဖြစ်တဲ့ တပ်မဟာ ၇ နယ်မြေထဲ စစ်ကော်မရှင်တပ်...
February 24, 2026
မွန်ပြည်နယ်မှာ အစိုးရအဖွဲ့အသစ် အပြောင်းအလဲ မတိုင်မီ ပြည်နယ်စစ်ကော်မရှင်က ရပ်ကွက်ကျေးရွာ...
February 23, 2026
မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို မကြာခင် ဖွဲ့စည်းမယ့် အစိုးရလက်ထက်မှာ အ‌ကောင်အထည်ဖော်နိုင်ဖို့...