စစ်အုပ်စုက မြစ်ဆုံစီမံကိန်းကို အကောင်အထည်ဖော်ဖို့ ဆက်ကြိုးစားနေ

စစ်အုပ်စုက မြစ်ဆုံစီမံကိန်းကို အကောင်အထည်ဖော်ဖို့ ဆက်ကြိုးစားနေ
Photo credit - CJ
Photo credit - CJ

စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်း ဦးဆောင်အဖွဲ့ကို ပြန်လည်ဖွဲ့စည်းလိုက်ပါတယ်။

နိုဝင်ဘာ ၂၈ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ပြန်တမ်းထဲမှာ အဲဒီအဖွဲ့ကို ဖွဲ့စည်းလိုက်တဲ့အကြောင်း ဖော်ပြထားပြီး ဩဂုတ်လ ၂၉ ရက်နေ့ကတည်းက ဖွဲ့စည်းခဲ့တာလို့ သိရပါတယ်။

စစ်အုပ်စုဟာ အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းပြီး ကော်မတီတွေ၊ ကော်မရှင်တွေကို အသီးသီးဖွဲ့စည်းခဲ့ပြီး ၂၀၂၅ ဇူလိုင်လ ၃၁ ရက်နေ့မှာတော့ အဲဒီကောင်စီကို ဖျက်သိမ်းခဲ့ပါတယ်။

အဲဒီ ကောင်စီကို မဖျက်သိမ်းခင် ၂၀၂၄ ဧပြီလ ၂၄ ရက်နေ့က ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်း ဦးဆောင်အဖွဲ့ကို ဖွဲ့စည်းခဲ့ပါသေးတယ်။

ဒါပေမဲ့ ကောင်စီကိုဖျက်သိမ်းပြီးတဲ့နောက် နိုင်ငံတော်လုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင်ဆိုတဲ့ အဖွဲ့ကို နာမည်ပြောင်းဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

အဲဒီလို နာမည်ပြောင်းပြီးတဲ့နောက် သက်ဆိုင်ရာ ကော်မရှင်၊ အဖွဲ့၊ ကော်မတီတွေကို ဆက်တိုက် ပြန်လည် ဖွဲ့စည်းနေတာ ဖြစ်ပါတယ်။

ဒါကြောင့် စစ်အုပ်စုရဲ့ နိုင်ငံတော်လုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင် ဆိုတဲ့နာမည်ကို ပြောင်းပြီးတဲ့နောက် ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ကို ပြန်လည် ဖွဲ့စည်းလိုက်တာပါ။

အဲဒီဦးဆောင်အဖွဲ့ရဲ့ ခေါင်းဆောင်ကတော့ စစ်အုပ်စုရဲ့ စွမ်းအင်ဒုဝန်ကြီးဖြစ်ပြီး ကချင်ပြည်နယ်ရဲ့ သယံဇာတဝန်ကြီးကတော့ ဒုခေါင်းဆောင် ဖြစ်ပါတယ်။

အဖွဲ့ရဲ့ လုပ်ငန်းတာဝန်တွေကတော့ ကူမင်းမြို့အခြေစိုက် တရုတ်ကုမ္ပဏီဖြစ်သည့် SPIC Yunnan International Power Investment (SPICYN) ရဲ့ ဦးဆောင်အဖွဲ့နဲ့ပူးပေါင်းပြီး စီမံကိန်းအတွက် သုတေသနလုပ်ငန်းတွေ၊ နည်းပညာနဲ့ ပြည်သူ့ဆက်ဆံရေးလုပ်ငန်းတွေကို ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

SPICYN ဟာ မြစ်ဆုံစီမံကိန်းကို စအကောင်အထည်ဖော်တုန်းက ပါဝင်တဲ့ တရုတ်အစိုးရပိုင် တရုတ်နိုင်ငံ လျှပ်စစ်ဓာတ်အားရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်း CPI ကို နာမည်ပြောင်းလိုက်တဲ့ SPIC ကုမ္ပဏီလက်အောက်က ဖြစ်ပါတယ်။

အခုနှစ် မေလတုန်းကတော့ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ရပ်ဆိုင်းခဲ့ရတာကြောင့် လျှပ်စစ်ဓာတ်အား ဖူလုံမှုမရှိဘူးလို့ စစ်ခေါင်းဆောင်က ပြောခဲ့ပါသေးတယ်။

အဲဒီနောက် အခုနှစ် ဩဂုတ်လကုန်ပိုင်းမှာတော့ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းနဲ့ တခြားစီမံကိန်းတချို့ကို တရုတ်နဲ့ပူးပေါင်းဆောင်ရွက်နေတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထုတ်ပြောလာတာပါ။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းတုန်းကတော့ မြစ်ဆုံရေကာတာကို စီမံကိန်းရေးဆွဲထားတဲ့ အမြင့်ထက် နိမ့်ပြီးတော့ ဆောက်လုပ်သွားဖို့ တရုတ်ဘက်က ညှိနှိုင်းမှုတွေရှိတယ်လို့လည်း စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မြစ်ကြီးနား သတင်းဂျာနယ်ကို ဖြေကြားခဲ့ဖူးပါတယ်။

မြစ်ဆုံစီမံကိန်းကိုတော့ သမ္မတဦးသိန်းစိန်လက်ထက်ကတည်းက ပြည်သူလူထုရဲ့ ဆန္ဒပြ ကန့်ကွက်မှုတွေကြောင့် ရပ်တန့်ခဲ့တာပါ။

မြစ်ဆုံစီမံကိန်းကို ဖော်ဆောင်ဖို့အတွက်တော့ အာဏာရှင်ဦးသန်းရွှေလက်ထက် ၂၀၀၆ ခုနှစ်ကတည်းက စတင်ခဲ့တာ ဖြစ်ပါတယ်။

Most read this week

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
November 25, 2025
ဗန်းမော်၊ ဝိုင်းမော်(လမြန်)နဲ့ ဖားကန့်ဒေသဘက်မှာ နေ့စဉ်တိုက်ပွဲဖြစ်ပွားနေပြီး ပြီးခဲ့တဲ့...