တပ်ဖွဲ့ဝင်များကို KNLA ပြန်လွှတ်ပေးပြီးနောက် ဖလူး-ဝေါလေလမ်းကို DKBA ပြန်ဖွင့်

တပ်ဖွဲ့ဝင်များကို KNLA ပြန်လွှတ်ပေးပြီးနောက် ဖလူး-ဝေါလေလမ်းကို DKBA ပြန်ဖွင့်

ကေအဲန်ယူ၊ ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ-၆ လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မ‌တော်- KNLA က ထိန်းသိမ်းထားသည့် တပ်ဖွဲ့ဝင်များကို ပြန်လွှတ်ပေးပြီးနောက် ယနေ့ နိုဝင်ဘာ ၂၉ ရက် နေ့ တွင် ပိတ်ထားသည့် ဖလူး-ဝေါလေလမ်းကို DKBA က ပြန်ဖွင့်လိုက်သည်။

ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော်-DKBA အနေဖြင့် နယ်မြေအေးချမ်း၊ တည်ငြိမ်အေးချမ်းရေးကို ရှေးရှူသောအားဖြင့် ပြီးခဲ့သည့် နိုဝင်ဘာ ၂၆ရက်နေ့တွင် ထုတ်ပြန်ထားသည့် လမ်းပိတ်ထားမှုကို ပြန်လည် ရုတ်သိမ်းလိုက်သည်ဟု ထုတ်ပြန်ချက်၌ ပြောဆိုထားသည်။

၎င်းတို့၏ တပ်ဖွဲ့ဝင်များကို KNLAဘက်မှ အကုန်ပြန်လွှဲပေးလိုက်ပြီးဖြစ်သောကြောင့် ဖလူး-ဝေါလေလမ်းကို ဆက်လက်ပိတ်ဖို့ မလိုအပ်သည့်အတွက် ပြန်လည်ဖွင့်လိုက်ခြင်းဖြစ်သည်ဟု DKBA ပြောခွင့်ရ စစ်ရေးချုပ် ဗိုလ်မှူးကြီး စောစိန်ဝင်းက ယခုလို ပြောဆိုသည်။

“အခုက အဲဒီလမ်းကို ပိတ်ဖို့ မလိုအပ်တော့ဘူး။ ပြီးတော့ ကျနော်တို့ လူတွေနဲ့အတူ လက်နက်တွေ အကုန် ပြန်ပေးလာလိုက်ပြီးဆိုတော့ အဲလိုဘဲပြောရမယ်။ အခုက သွားလာနေပြီး” ဟု ဗိုလ်မှူးကြီးစိန်ဝင်းက ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၁ရက်နေ့တွင် မင်းလက်ပံ၌ အာဏာသိမ်းစစ်အုပ်စုနှင့် KNLA တပ်ဖွဲ့ကြားတိုက်ပွဲ ဖြစ်ပွား ချိန်တွင် DKBA ဗိုလ်မှူးကြီးနိုင်လွင် အဖွဲ့က အာဏာသိမ်းစစ်အုပ်ဘက်က စစ်ကူ သေနတ်ဖောက်ပစ်ခတ်သည့် အတွက် KNLA က DKBAလုံခြုံရေးယူပေးသည့် အွန်လိုင်းငွေလိမ်လုပ်ငန်းခြံဝင်းကို ဝင်ရောက်ထိန်းချုပ်လိုက်ကာ DKBA အဖွဲ့ဝင် ၂၀၀ ဦးကို ဖမ်းဆီးထိန်းသိမ်းထားခြင်း ဖြစ်သည်။

အဆိုပါ KNLA က ဖမ်းဆီးထိန်းသိမ်းထားသည့် DKBA တပ်ဖွဲ့ဝင်များကို နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ပါလာသည့် လက်နက်နှင့်အတူ ဆုံဆည်းမြိုင်ဌာနချုပ်ထံ ပြန်လွှဲပေးလိုက်သည်ဟု သိရသည်။

KNLA ဝင်ရောက်ထိန်း ချုပ်ထားသည့် မင်းလက်ပံ အွန်လိုင်းငွေလိမ်လုပ်ငန်းဝင်းထဲ၌ တရုတ်နိုင်ငံသားအပါအဝင် နိုင်ငံခြားသား ၆၀၀ ဦး ကျော်သည် ထိုင်းဘက်သို့ ထွက်ပြေးသွားသလိုထိုင်းဘက်က လက်မခံ၍ သောင်ရင်းမြစ် ဘေးတွင် ၃၀၀ ဦးကျော် သောင်တင်နေဆဲဖြစ်သည့် အပြင် အွန်လိုင်းငွေလိမ်လုပ်ငန်းဝင်းထဲမှ ထွက်ခွာရန် အတွက် လူဦးရေထက်ဝက်ကျော် ကျန်ရှိနေသေးကြောင်း သိရသည်။

ထို့အပြင် လက်ရှိအချိန်တွင် မင်းလက်ပံ၊ မယ်ဝါးခီး၊ အင်ကြင်းမြိုင်အနီးတွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA နှင့် အာဏာသိမ်း စစ်အုပ်စုတပ်တို့ တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်သလို စစ်အုပ်စုဘက်မှ ဒရုန်းနှင့် လက်နက်ကြီးပစ်ခတ်သည့်အပြင် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

December 4, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးရုံးများသို့ ရွေးကောက်ပွဲ မဲပေးနိုင်ရေး...
Photo credit - CJ
December 3, 2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ယမန်နေ့ ဒီဇင်ဘာလ(၁)ရက်နေ့ ညကိုးနာရီခွဲ ဝန်းကျင်က...
December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
Photo credit - CJ
December 2, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ မြဝတီတောင်ဘက်ခြမ်းရှိ မင်းလက်ပံ...