နိုင်ငံရေးမတည်ငြိမ်မှုများအကြား၌ မွန်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူများ ထောက်ပံ့ငွေမရရှိသည့်အပြင် ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကြောင့် ဘဝရှင်သန်ရပ်တည်ရေးနှင့် စားဝတ်နေရေးကိစ္စများ တစ်နှစ်ထက်တစ်နှစ် ပိုကြပ်တည်းလာနေကြောင်း သိရသည်။
ယခင်အစိုးရလက်ထက် မသန်စွမ်းသူများအတွက် နည်းဥပဒေသစ်တစ်ရပ်ချမှတ်ထားသော်လည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း အပြောင်းအလဲများကြောင့် အကောင်အထည်မဖော်ဆောင်နိုင်သည့်အပြင် ပုံမှန်ရရှိနေသည့် ထောက်ပံ့ငွေများလည်း မရရှိတော့သည်မှာ ၃ နှစ်အထိရှိလာပြီးဖြစ်ကြောင်း မွန်ပြည်နယ်မှ မသန်စွမ်းသူများအသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းရှားပါးမှုနှင့် စားဝတ်နေရေး မဖူလုံမှုဒဏ်ကို တွေ့ကြုံနေရသည့် နောက်ဆက်တွဲကိစ္စများကြောင့်လည်း မသန်စွမ်း အိမ်ထောင်စုများအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်လာသည်ဟုလည်း ၎င်းက ဆက်ပြောသည်။
“သာမန်လူတွေလည်း ခက်ခဲတယ်။ သူတို့က အိမ်ထောင်စုမှာ မှီခိုကြတယ်။ အဲ့အတိုင်းပဲ ကြပ်တည်းလာတယ်၊ ဒီနိုင်ငံရေးအပြောင်းအလဲမဖြစ်ခင်ကဆို အလယ်လတ်တန်းစားလောက်က စားနိုင် သောက်နိုင်သေးတယ်။ အခုက ဒီနှစ်နှစ် သုံးနှစ်အတွင်းမှာ အစိုးရလည်း မထောက်ပံ့ဖြစ်ဘူး။ အရင်ကတော့ ပေးဖူးတယ်။ တစ်ယောက်ကို ၄ သောင်းကျော်ပဲ။ ဒီနောက်ပိုင်း လုံးဝမရှိတော့ဘူး” ဟု ပြောသည်။
စစ်တပ်နှင့် တော်လှန်ရေးအင်အားစုများကြား တိုက်ပွဲဖြစ်ပွားသည့်ဒေသတွင် တစ်နိုင်တစ်ပိုင် လုပ်ပိုင်ခွင့် လုပ်ငန်းများလည်း ရပ်တန့်ထားရခြင်းကြောင့် မသန်စွမ်းသူများ မိသာစုးများထံ ပိုပြီးမှီခိုလာရသည်။
ထို့ကြောင့် မသန်စွမ်းများအတွက် ထိရောက်သည့် အလုပ်အကိုင်အခွင့်အလမ်းများကို ပြန်လည်ရှာဖွေ ဆောင်ရွက်ပေးသင့်ကြောင်းလည်း မသန်စွမ်းသူများအရေး ကူညီနေသူများက တိုက်တွန်းလျက်ရှိသည်။
တစ်ဖက်တွင်လည်း ဒေသတွင်းတိုက်ပွဲနှင့် ပဋိပက္ခများကြောင့် ကရင်နှင့် မွန်ပြည်နယ်တွင်
မြေမြှပ်မိုင်း အသုံးပြုမှု များလာသည်နှင့်အမျှ ဒေသခံများ နင်းမိပေါက်ကွဲရာမှတစ်ဆင့် မသန်စွမ်းဖြစ်ပွားမှုနှုန်း တိုးလာနေသည်ဟု မိုင်းအန္တရာယ်အသိပညာပေးလှုပ်ရှားနေသည့် အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။
“မွန်မှာတော့ သိပ်မများဘူး။ များသောအားဖြင့် မိုင်းကြောင့်ပဲ လက်နက်ကြီး ထိရင်တော့ မသန်စွမ်းဖြစ်တာက နည်းတယ်။ မွန်ဘက်မှာတော့ အဓိကက ဓမ္မသဘက်မှာ ဖြစ်တယ်။ ပျားတောင်ဘက်တွေမှာ အဲ့ဘက် သွားမိလို့ တစ်ယောက် နှစ်ယောက် ထိတယ်။ ရေးမြောက်ပိုင်းဘက်နဲ့ ရေးဘက်သွားတဲ့လမ်းမှာ ဖြစ်တယ်။ စစ်တပ်နဲ့ ကရင်တပ်တွေ တော်လှန်ရေးအဖွဲ့တွေရှိတဲ့ လမ်းပိုင်းမှာ ထိတာများတယ်”ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ UNICEF ၏စာရင်းဇယားအရ ၂၀၂၀ ခုနှစ်တွင် မသန်စွမ်းဦးရေ ၃ ဒဿမ ၆ သန်းရှိနေပြီး၊ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခများ ကြောင့် မသန်စွမ်းသူဦးရေသည် ယခင်ကထက် နှစ်ဆနီးပါးဖြစ်လာကာ လူဦးရေ ၆ သန်းကျော် ရှိလာသည်ဟု ၂၀၂၄ ဒီဇင်ဘာလတွင် ကုလသမဂ္ဂအဖွဲ့အစည်းမှ ထုတ်ပြန်ထားသည်။
ဒီဇင်ဘာ ၃ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို ကမ္ဘာတစ်ဝှမ်းက “လူမှုတိုးတက်မှု မြှင့်တင်ရန် မသန်စွမ်းသူများ ပါဝင်နိုင်သော လူမှုအသိုင်းအဝိုင်းများ တည်ဆောက်ခြင်” ဆောင်းပုဒ်ဖြင့် ကမ္ဘာတစ်ဝှမ်း နိုင်ငံများနှင့် အဖွဲ့အစည်းများက အခြေခံ၍ လှုပ်ရှားမှုများ ဆောင်ရွက်နေကြသည်။
မသန်စွမ်းသူများကို လူမှုအသိုင်းအဝိုင်းတွင် အပြည့်အဝ ပါဝင်နိုင်ရန် အတားအဆီးများကို ဖယ်ရှားရန်နှင့် ပညာရေး၊ အလုပ်အကိုင်၊ ကျန်းမာရေး ကိစ္စများတွင် တန်းတူညီမျှ အခွင့်အရေးများ ရရှိရန်လည်း ဝန်းရံလှုပ်ရှားလျက်ရှိသည်။
ကမ္ဘာ့လူဦးရေ၏ (၁.၃) ဘီလီယံ ၁၆ ရာခိုင်နှုန်းခန့်သည် မသန်စွမ်းမှု အမျိုးမျိုးကို ရင်ဆိုင်နေရပြီး အချို့သည် မွေးရာပါဖြစ်ပြီး အချို့က ဘဝ၏ အချိန်တစ်ခုတွင် အကြောင်းတစ်ခုခုကြောင့် မသန်စွမ်းဘဝကို ရောက်ရှိခဲ့ရသည်။







