အိန္ဒိယ-မြန်မာနယ်စပ်က စစ်ဘေးရှောင်စခန်းတွင် ဝမ်းပျက်ဝမ်းလျှောရောဂါအဖြစ်များနေ

အိန္ဒိယ-မြန်မာနယ်စပ်က စစ်ဘေးရှောင်စခန်းတွင် ဝမ်းပျက်ဝမ်းလျှောရောဂါအဖြစ်များနေ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ အိန္ဒိယ-မြန်မာနယ်စပ်သို့ တိမ်းရှောင်လာကြသော စစ်ဘေးရှောင်ပြည်သူများ ဝမ်းပျက် ဝမ်းလျှောဖြစ်ပွားကာ ဆေးဝါးများ အကူအညီလိုအပ်နေကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင် ကာကီကျေးရွာ စစ်ဘေးရှောင်စခန်းတွင်နေထိုင်ကြသော စစ်ဘေးရှောင်များသည် ယခင်ပတ်ကစ၍ ကလေးနှင့် လူကြီးများပါမကျန် ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားနေကြသည်ဟု ကာကီရွာစစ်ဘေးရှောင် စခန်းတွင်နေထိုသူတစ်ဦးပြောသည်။

“ အခု ကာကီရွာမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်နေတာဗျ၊ ဆေးဝါးကမလုံလောက်ဘူးဖြစ်နေတာ၊ လက်ရှိတော့  ကလေး တိုင်းလိုလိုဖြစ်နေတာ၊ ဖြစ်နုန်းကတော့ ကလေးရော လူကြီးရော အယောက် ၄၀၀ မှာ ၁၀၀ လောက်ဖြစ်မယ်ဗျ  ကောင်းသွားလိုက် ပြန်ဖြစ်လိုက်ပေါ့နော်၊ ဝမ်းပျက်တယ်၊ အော့အန်တာလဲရှိတယ် ပြီးတော့ နုံးခွေတာပေါ့နော်” ဟု ကာကီရွာ က စစ်ဘေးရှောင် အမျိုးသားတစ်ဦးက ပြောသည်။

ကာကီကျေးရွာက စစ်ဘေးရှောင်စခန်းတွင် ချင်းပြည်နယ် ပလက်ဝမြို့နယ်က စစ်ဘေးရှောင်ပြည်သူအယောက် ၄၀၀ ခန့်ရှိကြပြီး ယင်းအနက် ကလေး လူကြီးအယောက် ၁၀၀ ဝန်းကျင်ခန့် ဝမ်းပျက်ဝမ်းလျှောဖြစ်နေကြသည်ဟု ဆိုသည်။

ထိုသို့ဖြစ်ရခြင်းမှာ  ‌သောက်ရေမသန့်ရှင်းခြင်းနှင့် ရေလောင်းအိမ်သာမလုံလောက်ခြင်း ကြောင့်ဖြစ်နိုင်သည်ဟု သိရသည်။

“ ကျွန်တော်တို့သောက်သုံးနေတာ စမ်းရေပေါ့ အခုမိုးတွင်းဆိုတော့ ရေကမသန့်နိုင်‌တော့ဘူးပေါ့၊ ပြီးတော့ ရေစိမ်းသောက် ကြတာ များလို့ထင်တယ်၊ နောက် အိမ်သာပေါ့၊ လေး ငါး ဆယ်အိမ်မှ တစ်လုံးဆိုတော့ ဝမ်းပျက်ဝမ်းလျှော ဖြစ်တဲ့သူလည်း သုံး မဖြစ်တဲ့သူလဲသုံးဆိုတော့ ကူးစက်တာမြန်တာပေါ့နော်။”ဟု ကာကီကျေးရွာက စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

ထို့အပြင် စစ်ဘေးရှောင်ပြည်သူများသည် ရာသီတုတ်ကွေးနှင့် ငှက်ဖျားရောဂါပါဖြစ်ပွားနေကြပြီး ဆေးဝါးကုသမှုများမရရှိကြကြောင်းသိရသည်။

“ ဒီမှာ ဆေးခန်းလည်းမရှိတဲ့အပြင် ဆေးဝါးလည်းမရှိ၊ ရွာမှာ ဓါတ်ဆားကအစ မရှိတာ ဆေးဝယ်ဖို့ကလည်းပိုက်ဆံလှဲနှုန်း နဲ့ဆို ဈေးမြင့်လွန်းတယ်။ မတတ်နိုင်ဘူး ခက်တယ်။ လောလောဆယ်မှာတော့ စစ်ဘေးရှောင်ထဲက ဆေးဘက် အတွေ့ အကြုံရှိတဲ့သူတစ်ယောက်ပါလာတယ်၊ သူ့ကိုပဲ အားကိုးရတာပေါ့၊ သူကတော့ ဆေးဖိုးလောက်ပဲယူတယ်၊ အဲလိုပဲ ဖြေရှင်းနေရတယ် ” ဟု စစ်ဘေးရှောင်အမျိုးသားတစ်ဦးကပြောသည်။  

ကာကီရွာ စစ်ဘေးရှောင်စခန်းအပြင် အနီးအနားရှိ စစ်ဘေးရှောင်များနေထိုင်သော အချို့ကျေးရွာများတွင်လည်း ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း၊ ရာသီတုတ်ကွေးဖြစ်ခြင်းနှင့် ငှက်ဖျားရောဂါများ ဖြစ်ပွားကာ ဆေးဝါးအကူအညီများ လိုအပ်လျက်ရှိနေကြောင်း သိရသည်။

May 15, 2026
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အိန္ဒိယ-မြန်မာနယ်စပ် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်ရှိသော ကူကီး...
May 14, 2026
ချင်းအပါအဝင် မြန်မာနိုင်ငံတစ်ဝန်းလုံးက ကလေးငယ်များသည် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကို...
May 13, 2026
ချင်းပြည်နယ် မြောက်ပိုင်း၊ တွန်းဇံမြို့အတွင်းရှိ မိဘပြည်သူများအနေဖြင့် စစ်ရေးစိုးရိမ်မှုကြောင့်...
May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...