ချောင်းဆုံတွင် ရာသီပွဲတော်အကြောင်းပြကာ လောင်းကစားဝိုင်းဆက်တိုက်ဖွင့်လှစ်

ချောင်းဆုံတွင် ရာသီပွဲတော်အကြောင်းပြကာ လောင်းကစားဝိုင်းဆက်တိုက်ဖွင့်လှစ်

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ရာသီပွဲတော်အကြောင်းပြကာ  လောင်းကစားဝိုင်းများဆက်တိုက်ဖွင့်လှစ်နေသည်ဟု  ချောင်းဆုံဒေသခံများထံမှ သိရသည်။

ချောင်းဆုံမြို့နယ်ရှိ ရွာလွတ်၊ ကွမ်ရိုက်၊ သက္ကော ၊ ဒေါင်ဥ၊ ကမနင်းရွာနှင့် ချောင်းဆုံမြို့အတွင်းရှိရပ်ကွက်တို့တွင် လာမည့်ညောင်ရေသွန်းပွဲတော် စည်ကားရန်အတွက်ဟုဆိုကာ ရပ်ကျေးအုပ်ချုပ်ရေးမှူးများမှ  ဇာတ်ပွဲစတင်သွင်းနေပြီး လောင်းကစားဝိုင်းများဖြင့် စည်ကားလျှက်ရှိသည်ဟု ချောင်းဆုံဒေသခံတစ်ဦးက ဆိုသည်။

“ ညောင်ရေသွန်းပွဲကို စည်းကားဖို့ဆိုပြီးတော့ ပွဲဆက်တိုက်သွင်းနေတယ်။ ကမနင်းရွာမှာဆို ၅ ညရှိနေပြီ၊ ပွဲတော်မရှိပေမဲ့ မေလစကတည်းက ပွဲသွင်းနေတယ်၊ အဓိက ကသူတို့ လောင်းကစားဝိုင်းဖွင့်လှစ်ဖို့ပဲ အဲ့လိုဖွင့်တာက အုပ်ချုပ်ရေးမှူးတို့က ရန်ပုံငွေရှာဖို့လုပ်နေတယ်လို့ပြောတယ်။ နေ့ဘက်ဆို သက္ကောဘက် ကတောင်စိန် ဘက်ဖွင့်တယ်" ဟု ၎င်းကဆိုသည်။

၎င်းအပြင်  ဇာတ်ပွဲနှင့် ပွဲလမ်းသဘင်များမရှိသော်လည်း တစ်နှစ်ပတ်လုံး လောင်းကစာဝိုင်းသီးသန့်ဖွင့်လှစ်ထားသည့် ကျေးရွာတို့လည်းရှိသည်ဟုလည်း သိရသည်။

အဆိုပါလောင်းကစားဝိုင်းတို့ကို စစ်ကောင်စီ မွန်ပြည်နယ်ဝန်ကြီးချုပ်၏ ညီမဝမ်းကွဲဆိုသူအပြင်၊ ချောင်းဆုံမြို့နယ်ရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးအဖွဲ့၊ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်တို့မှ ဦးဆောင်စီမံခန့်ခွဲလျှက်ရှိသည်ဟု သိရသည်။

“ အန်ဂလုံဝိုင်းသက်သက်ဆို ၅၀ ဝိုင်းအထက်ရှိတယ်။ တစ်ဝိုင်းဆို တစ်သိန်း ကောက်ခံတယ်။ အုပ်ချုပ်ရေးမှူးအဖွဲ့တွေ ၉၀ နီးပါးလောက်ရတယ်။ အဲ့တာကနေ ပွဲဌားခက ဆယ်သိန်းလောက်ပဲရှိတယ် အုပ်ချုပ်ရေးမှူးတို့အဖွဲ့ပေးတယ်၊ ကောက်တယ်ပေါ့” ဟု ချောင်းဆုံမြို့နယ် မှ နောက်ထပ် ဒေသခံတစ်ဦးကပြောသည်။

လောင်းကစားဝိုင်းဖွင့်လှစ်ထားသည့် ကျေးတစ်ရွာလျှင် သိန်းရာကျော် အကောက်ခွန်ကြေးရရှိနေပြီး ကျေးရွာအုပ်ချုပ်ရေးမှူးမှတစ်ဆင့် ပြည်နယ်အုပ်ချုပ်ရေးမှူးအဖွဲ့အထိ အဆင့်ဆင့်ဝေမျှလျှက်ရှိကြောင်း သိရသည်။

ချောင်းဆုံမြို့နယ်အတွင်းရှိ လောင်းကစားဝိုင်းတို့တွင် အနီထောင်၊ အန်ဂလုံ ၊ ဖဲနှင့် ကြက်ဝိုင်းများ ပါရှိပြီး ချောင်းဆုံမြို့နယ် ဒေသခံအပြင် ဘားအံ၊ ပေါင်၊ မော်လမြိုင် စက်မှုဇုံ၊ ကျိုက်မရောနှင့် မုဒုံမှ ဒေသခံအမျိုးသား၊ အမျိုးသမီးတို့  လာရောက်လျှက်ရှိသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်မှ စတင်ကာ မွန်ပြည်နယ်ဝန်ကြီးချုပ်ခွင့်ပြုချက်ဖြင့် ချောင်းဆုံမြို့နယ်တွင် လောင်းကစားဝိုင်း စတင်ဖွင့်လှစ်လာကြောင်း သိရသည်။

လောင်းကစားဝိုင်းစည်ကားလာသည့်နောက် ချောင်းဆုံဒေသအတွင်း ခိုးဆိုးလုယက်မှုအပြင် မူးယစ်ဆေးဝါးအမှုတို့ ပိုမိုများလာသည်ဟု ဒေသခံတို့ကြား ပြောဆိုလျှက်ရှိသည်။

Most read this week

စစ်တပ်၏ ပစ်ခတ်မှုကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးရမှုများနှင့် စစ်ဘေးရှောင်ပြည်သူလူထုများ
February 13, 2026
မွန်ပြည်နယ်၊ ကျိုက်ထို မြို့နယ်၊  ခရွဲကျေးရွာအုပ်စုနှင့် ဝင်းကံကျေးရွာအုပ်စုအတွင်း...
February 12, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝယ်ကလိကျေးရွာအခြေစိုက် အမြှောက်တပ် အမတ-၃၁၅ တပ်ရင်းသို့...
February 11, 2026
မွန်ပြည်သစ်ပါတီ ဗဟို မွန်အမျိုးသမီးအဖွဲ့  Central Mon Women Organization  မှ...