မီဇိုရမ်ပြည်နယ်ရောက် မြန်မာစစ်ဘေးရှောင်များ၏ ဇီဝအချက်အလက်မှတ်တမ်းကောက်ယူမှု မကြာခင်စတင်ဖွယ်ရှိ

မီဇိုရမ်ပြည်နယ်ရောက် မြန်မာစစ်ဘေးရှောင်များ၏ ဇီဝအချက်အလက်မှတ်တမ်းကောက်ယူမှု မကြာခင်စတင်ဖွယ်ရှိ

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် ဝင်ရောက်ခိုလုံနေကြသော မြန်မာနိုင်ငံက စစ်ဘေးရှောင်များ၏ ဇီဝအချက်အလက် ကောက်ယူမှုကို မကြာခင်စတင်အကောင်အထည်ဖော်ဆောင်နိုင်မည်ဟု မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ကပြောသည်။

ယနေ့ မေလ ၁၅ ရက်နေ့တွင် မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာကို မီဇိုးလူငယ်အသင်း (CYMA) ခေါင်းဆောင်များက သူ၏ရုံးခန်းတွင်သွားရောက်တွေ့ဆုံကာ မီဇိုရမ်ပြည်နယ်အတွင်းရှိ အထောက်အထားမဲ့နေထိုင်မှု များ၊ မူးယစ်ဆေးဝါး နှင့် စစ်ဘေးရှောင်များအရေးဆွေးနွေးရာတွင် ထိုကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထိုတွေ့ဆုံမှုတွင် CYMA ခေါင်းဆောင်များက မီဇိုရမ်ပြည်နယ်တွင် အိန္ဒိယနိုင်ငံသားများသာ ပိုင်ဆိုင်ခွင့်ရှိသော Adhaar Card, ID Card နှင့် မွေးစာရင်းစသည့်အထောက်အထားများကို နိုင်ငံသားမဟုတ်သူများက ပိုင်ဆိုင်ရန်ကြိုးပမ်းမှုနှင့် ပိုင်ဆိုင်သူများရှိနေသောကြောင့် ယင်းကိစ္စကို သေချာကိုင်တွယ်ရန် အကြံပြုခဲ့ကြသည်။

စစ်ဘေးရှောင်များအရေးဆွေးနွေးရာတွင် မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်က မြန်မာစစ်ဘေးရှောင်များ၏ ဇီဝအချက်အလက်မှတ်တမ်းကောက်ယူရန် အသုံးပြုမည့် Biometric Enrolment Portal ကိုပြုလုပ်ထားပြီးဖြစ်ကာ မကြာခင်ကာလအတွင်း လက်တွေ့ အကောင်အထည်ဖော်ဆောင်နိုင်မည်ဟု ပြောဆိုခဲ့ကြောင်း All India Radio News ကဖော်ပြသည်။

အိန္ဒိယဗဟိုအစိုးရသည် မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များကို ဇီဝအချက်အလက်မှတ်တမ်းကောက်ယူရန် ညွန်ကြားခဲ့သော်လည်း ယခင်ဝန်ကြီးချုပ် ပူးဇိုးရမ်းထန်းငါဦးဆောင်သော MNF အစိုးရက ငြင်းဆန်ခဲ့သည်။

ထို့နောက် မီဇိုရမ်ပြည်နယ်တွင် ပူးလာလ်ဒိုအောမ်မာဦးဆောင်သော ZPM အစိုးရတက်လာပြီးနောက်တွင်လည်း ဇီဝအချက်အလက်များကောက်ယူရန် အိန္ဒိယဗဟိုအစိုးရက ထပ်မံ ဖိအားပေးခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးလာလ်ဒိုအောလ်မာက မြန်မာစစ်ဘေးရှောင်များအား မြန်မာ နိုင်ငံကိုပြန်မပို့ဘူးဟု ကတိပြုပါက ဇီဝအချက်အလက်များကောက်ယူမှုကိုဆောင်ရွက်နိုင်မည်ဟု အိန္ဒိယဗဟိုအစိုးရကို တင်ပြခဲ့ရာမှာ အိန္ဒိယပြည်ထဲရေးဝန်ကြီးက ကတိပေးခဲ့သည်။

ထို့ကြောင့် ယခုအခါ မြန်မာစစ်ဘေးရှောင်များအား ဇီဝအချက်အလက်မှတ်မ်းကောက်ယူရာတွင် အသုံးပြု မည့် Biometric Enrolment Portal လည်းပြီးစီးပြီဖြစ်ကာ မကြာခင်ကာလအတွင်း လက်တွေ့အကောင်အထည် ဖော်လာမည့် အနေအထားရှိသည်ဟု သိရသည်။

မီဇိုရမ်ပြည်ထဲရေးဝန်ကြီးဌာန၏ စာရင်းအရ ယခုလက်ရှိ မီဇိုရမ်ပြည်နယ်တွင် မြန်မာစစ်ဘေးရှောင် ၃၄၀၀၀ ကျော် ခိုလုံလျှက်ရှိကြသည်။

Most read this week

August 19, 2026
ချင်းတော်လှန်ရေး အင်အားစုများ ဖြစ်ကြသည့် ချင်းပြည်ကောင်စီ (CC) အင်အားစုနှင့် ကြားကာလ ချင်းအမျိုး...
August 19, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ် ရပ်ကွက်တိုင်းနီးပါးတွင် စစ်အုပ်စုတပ်နှင့် လူဝင်မှုကြီးကြပ်ရေးဌာန...
ဓါတ်ပုံ - ပလက်ဝ (wikipedia)
August 17, 2026
ချင်းပြည်တောင်ပိုင်း၊ ပလက်ဝမြို့နယ် အပါအဝင် ရခိုင်ပြည်အတွင်း ULA/AA ၏ ထိန်းချုပ်ဒေသများ၌ အခွန်...
ဓါတ်ပုံ - Chin Defence Force - Asho
August 17, 2026
မကွေးတိုင်းအနောက်ခြမ်းမှ ချင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ချင်းကာကွယ်ရေးတပ်ဖွဲ့- အရှို (CDF-...