လက်နက်ကြီးထိမှန်၍ သံတွဲ လင်းသီရွာသေဆုံးသူ ၁၀ ဦးအထိရှိလာ

လက်နက်ကြီးထိမှန်၍ သံတွဲ လင်းသီရွာသေဆုံးသူ ၁၀ ဦးအထိရှိလာ

ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ လင်းသီရွာတွင် စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်၍ သေဆုံးသွားသူ အရေအတွက်မှာ (၁၀) ဦးအထိ တိုးလာပြီး

တိုက်ပွဲပြင်းထန်နေသဖြင့်  လက်ရှိအချိန်ထိ သေဆုံးသူများကို မသင်္ဂြိုလ်နိုင်ဘဲဖြစ်နေကြောင်း ဒေသခံများက နိရဉ္စရာသတင်းဌာနကို ပြောကြားသည်။

သေဆုံးသူများမှာ လင်းသီကျေးရွာမှ ကမန်လူမျိုးများဖြစ်သည့် ဦးညီလေး (၄၇နှစ်)၊ မငယ်လေး (၂၅) နှစ်၊ အပုလေး (၂၁) နှစ်၊ ဦးမောင်လေး (၂၆) နှစ်၊ မမေပု (၂၇) နှစ်၊ ဦးမောင်တင်ညွန့် (၄၇) နှစ်နဲ့ ဒေါ်မမေလီရန် (၇၅) နှစ်၊ ဒေါ်သန်းသန်း (၆၃) နှစ်၊ ဒေါ်မညံ့ (၅၅) နှစ်နှင့် ရွှေလှေကျေးရွာမှ ရခိုင်အမျိုးသမီး ဒေါ်သန်းမြင့်တို့ဖြစ်ကြသည်။

ယနေ့ နံနက်အစောကြီး ၄ နာရီကစတင်ပြီး  အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ အကြား  ရွှေလှေကျေးရွာ၏ တစ်ဘက်တစ်ကမ်းရှိ ကျောက်ဖြူကွင်းတွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး မနက် ၈ နာရီကျော်အချိန်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာလေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေသဖြင့် အလောင်းများကို မသင်္ဂြိုလ်နိုင်ဘဲ ဖြစ်နေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

" မနက် ၄ နာရီကတည်းက တိုက်ပွဲဖြစ်နေတာ။ အခုမနက်ရှစ်နာရီမှာ လေယာဥ်နဲ့ လာချနေပြီ။ ဘားတောင်းတောင်ဘက်ကလည်းလက်နက်ကြီးတွေနဲ့ပစ်နေတယ်။”

တိုက်ပွဲပြင်းထန်နေ၍ အလောင်းများမှာ ယမန်နေ့ ညပိုင်းက လက်နက်ကြီးကျပြီး သေဆုံးခဲ့သည့် အတိုင်းရှိနေသေးကြောင်း လင်းသီကျေးရွာမှ ကမန်ဒေသခံတစ်ဦးကပြောသည်။

" အလောင်းတွေကို အဲဒီအတိုင်းအိမ်ပေါ်မှာပဲထားရတယ်။ တိုက်ပွဲဖြစ်နေတော့ မသင်္ဂြိုလ်နိုင်ဘဲ ဖြစ်နေတယ်။ သင်္ဂြိုလ်မယ်ဆိုရင် ကိုယ့်ဘာသာဝင်တွေရဲ့ထုံးတမ်းစဥ်လာအတိုင်းလည်း တစ်သွေမတိမ်း လိုက်လုပ်ရတာလေ။ ဘာသာရေးဆရာတွေနဲ့ သေချာ အသုဘချရတာ။ အလောင်းတွေကို ကျွန်တော်တို့သွားပြီး သဂြိုလ်ပေးရမှာ။ ရွာမှာက လူတစ်ယောက်မှမရှိကြတော့ဘူး။ လက်နက်ကြီးငယ်တွေလည်း ပစ်နေတော့မသွားနိုင်ဘူး။ သဂြိုလ်ဖို့" ဟု ၎င်းက ဒေသခံကပြောသည်။

စစ်ကောင်စီ၏ ဘားတောင်းတောင်ပေါ်မှ လက်နက်ကြီးဖြင့် လင်းသီရွာထဲကို လှမ်းပစ်ခတ်၍ အဆိုပါဒေသခံများ သေဆုံးသွားရခြင်းဖြစ်သည်။

"ရွှေလှေကတယောက် သေတာကိုလည်း တိုက်ပွဲရပ်မှ သင်္ဂြိုလ်ဖို့ စီစဥ်ထားကြတယ်။ အခုထိတော့ ပစ်နေကြတုန်းပဲ။ ဘားတောင်းတောင်ကအမြှောက်နဲ့လှမ်းထုနေတယ်။ တိုက်ပွဲဖြစ်နေတုန်းတော့ လူတွေ အပြင်ထွက်လို့ မရဖြစ်နေကြတယ်" ဟု ရွှေလှေဒေသခံ ကမန်လူမျိုးတစ်ဦးကပြောသည်။

မေလ ၁၃ ရက်၊ နေ့လယ်ပိုင်းကလည်း ဘားတောင်းတောင်ပေါ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည်မှာ အောက်နတ်မော် ကျေးရွာမှနေအိမ်တစ်လုံးကိုကျကွဲပြီး ဒေသခံသုံးဦး ဒဏ်ရာရရှိခဲ့ရာ ယင်းအထဲမှ ဒေါ်ကြွင်းတင်မှာ ယမန်နေ့ကသံတွဲဆေးရုံတွင် သေဆုံးသွားကြောင်း သိရှိရသည်။

June 25, 2026
နှင်းနွယ်နီ — အာဏာသိမ်းစစ်တပ်ထိန်းချုပ်ထားသည့် ရခိုင်ပြည်မြို့တော် စစ်တွေမြို့တွင်...
June 24, 2026
ဧရာဝတီတိုင်း၊ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်တွင်စခန်းကုန်းတစ်ခု သိမ်းပိုက်ပြီး စစ်ဘက်ဆိုင်ရာ...