စစ်ကောင်စီက သက်သေဖျောက်ဖို့ ပျက်ကျသွားတဲ့ ရဟတ်ယာဥ်ကို မီးရှို့ဖျက်ဆီးခဲ့ဟုဆို

စစ်ကောင်စီက သက်သေဖျောက်ဖို့ ပျက်ကျသွားတဲ့ ရဟတ်ယာဥ်ကို မီးရှို့ဖျက်ဆီးခဲ့ဟုဆို

မေလ ၆ ရက်နေ့မှာ ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ဘောလခဲမြို့အနီးမှာ ပျက်ကျခဲ့တဲ့ ရဟတ်ယာဥ် ကို စစ်ကောင်စီဘက်က သက်သေတွေဖျောက်ဖျက်ဖို့ ကြိုးစားခဲ့ပေမဲ့ တော်လှန်ရေးတပ်ဖွဲ့ဘက်က မှတ်တမ်းတချို့ရရှိထားတယ်လို့ ကရင်နီပြည် တပ်မတော်(KA) ရဲ့ စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောပါတယ်။

“ လေယာဥ်ကနှစ်စင်းလာပါတယ်။ ပထမလာတဲ့ တစ်စီးက ၁၃၄မှာ ဆင်းပါတယ်။ အဲဒီမှာဆင်းတော့ ကျနော်တို့ တပ်ပေါင်းစုက ပစ်တော့ ထိသွားတယ်။ ထိသွားတော့ ပြန်လှည့်တယ်ပေါ့။ နောက်တစ်စီးလည်း ပြန်လှည့်သွားတယ်။ အတူတူပဲ။ ဘောလခဲမရောက်ခင် ၃ မိုင် ၄ မိုင် ပွန်ချောင်းဘေးမှာ ကျတာပေါ့။ နောက်တစ်စီးက ပျက်ကျတဲ့ နေရာနားမှာလာပြီးတော့မှ မီးနားမှာလာပြီးတော့ စစ်တပ်တွေနဲ့ သူတို့ လုံခြုံရေးယူတယ်။ ယူပြီးတော့မှ ပျက်ကျတဲ့ လေယာဥ်ထဲမှာ ကျန်တဲ့ ပါတဲ့ လူနာနဲ့ သေတဲ့ လူအလောင်းနဲ့ ဒီလူနာတွေကို အဲဒီဟတ်စကီးနဲ့ တင်ပြီးတော့မှ ဘောလခဲဗျူဟာကို ပြန်ပို့ပေးတယ်လေ။‌နောက်ပြီးတော့မှ ပြန်ပို့ပြီးတော့မှ နောက်လာတဲ့တစ်စီးက စစ်သည်တွေကို ပြန်လာသယ်တယ် ဘောလခဲကို အဲဒီလိုမျိုးပါပဲ။ နောက်ပြီးတော့မှ အဲဒီ ၆ ရက်နေ့ညမှာပဲ လေယာဥ်ရဲ့ အစအနကို ဖြုတ်တယ်ပေါ့။ အဲဒီအစအနတွေကို အကုန်လုံးသယ်ပြီးတော့မှ သူတို့လေယာဥ်ကို မီးနဲ့ ရှို့လိုက်တယ်။”လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောပါတယ်။

ပျက်ကျသွားတဲ့ ရဟတ်ယာဥ်ဟာ စစ်ကောင်စီပိုင် MI-17 တိုက်ခိုက်ရေး ရဟတ်ယာဥ်အမျိုးအစားဖြစ်တယ်လို့ သိရပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ ဖားဆောင်းမြို့ကို လာရောက်စဥ်အတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

ရဟတ်ယာဉ်မောင်းအပါအဝင် တပ်သား ၈ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရတယ်လို့ ကရင်နီပြည်တပ်မတော် ( KA )ရဲ့ စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ဆက်ပြောပါတယ်။

“ ပျက်ကျတဲ့အထဲမှာက အဲဒီလေယာဥ်ပျံထဲမှာပါတဲ့ လူက ၁၁ ယောက်ပါတယ်။ ၁၁ ယောက်ပါတဲ့အထဲမှာ ၈ ယောက်သေတယ်ဆိုတော့ ၃ ယောက်ပဲကျန်တယ်ပေါ့။ သုံးယောက်ပဲ ဒဏ်ရာတွေနဲ့ပေါ့နော။” လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောပါတယ်။

လေယာဉ်ပျက်ကျတဲ့နေရာဟာ ဘောလခဲ နဲ့ ဖားဆောင်းမြို့နယ်ကြားက ချိကွဲ့-နန့်နောက်အနီးမှာ ဖြစ်ပြီး လေယာဉ်အပျက်အစီးကို ဖျက်ဆီးသယ်ဆောင်သွားတယ်လို့ ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (KPLA) က မေလ ၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

လေယာဉ်ပစ်ခတ်ခံရပြီး ပျက်ကျသွားတဲ့ လေယာဉ်အပိုင်းအစကို ဒရုန်းနဲ့ ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်ကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ထားတာရှိပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ရဟတ်ယာဥ်တစ်စီးကို တော်လှန်ရေးတပ်ဖွဲ့တွေ ပစ်ချနိုင်ခဲ့တဲ့ နေရာအနီးတစ်ဝိုက်မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ( KNDF ) သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ တာအယ်စိုးက ကန္တာရဝတီတိုင်း(မ်)ကို မေလ ၇ ရက်နေ့မှာ ပြောကြားပါတယ်။

“မနေ့က ရဟတ်ယာဥ် ပျက်ကျတဲ့ နေရာတစ်ဝိုက်နားအထိ တိုက်ပွဲဖြစ်တယ်လို့ ပြောပါတယ်။ မနေ့က ညနေအထိပေါ့နော။” လို့ သူက ပြောပါတယ်။

အလားတူ မေလ ၆ ရက်နေ့ တစ်ရက်တည်းမှာပဲ ထူးချောင်းကနေ ဘောလခဲမြို့နယ်ဖက်ကို ပြန်လာတဲ့ စစ်ကောင်စီရဲ့ ကားတစ်စီးဟာလည်း တော်လှန်ရေးတပ်ဖွဲ့ကနေ ထောင်ထားတဲ့ မိုင်းနင်းမိပြီး ကားထိခိုက်ပျက်စီးခဲ့သလို သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ ဖား‌ဆောင်းမြို့မှာ ကျန်ရှိနေသေးတဲ့ စစ်ကောင်စီရဲ့ ခလရ ၁၃၄နဲ့ ၁၃၅ တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်နေတာ နှစ်လကျော်ရှိသွားပြီဖြစ်ပြီး တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။

Most read this week

May 17, 2024
ကရင်နီပြည် (ကယား) ဒေသခံ တွေအနေနဲ့ နိုင်ငံကူးလက်မှတ် ပြုလုပ်တဲ့နေရာမှာ ပြည်နယ်အစိုးရအဖွဲ့ (...
May 17, 2024
ကရင်နီပြည်မှာ ပညာရေးအခွင့်အလမ်းကို ဆုံးရှုံးနေတဲ့ လူငယ်တွေအတွက် ဆေးဝါးဆိုင်ရာ...
May 16, 2024
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ရဲ့ ဥက္ကဌ ခူဦးရယ် အပါအဝင် တိုင်းရင်းသားခေါင်းဆောင်တချို့နဲ့...
May 15, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့၊ နွားလဝိုးကျေးရွာအနီးမှာ တည်ရှိတဲ့ စစ်ကောင်စီရဲ့   (ခလရ...