IEC ရဲ့ သတင်းမီဒီယာနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်ကို ပြန်လည်စဥ်းစားဖို့ ( သို့မဟုတ် ) ရုတ်သိမ်းဖို့ IMJA တောင်းဆို

IEC ရဲ့ သတင်းမီဒီယာနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်ကို ပြန်လည်စဥ်းစားဖို့ ( သို့မဟုတ် ) ရုတ်သိမ်းဖို့ IMJA တောင်းဆို
ဓါတ်ပုံ - crd
ဓါတ်ပုံ - crd

သတင်းမီဒီယာနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်ကို ပြန်လည်စဥ်းစားဖို့ ( သို့မဟုတ် ) ရုတ်သိမ်းဖို့နဲ့ မီဒီယာ အသိုက်အဝန်း ကိုယ်စားလှယ်တွေနဲ့ အဓိပ္ပာယ်ပြည့်ဝသော ဆွေးနွေးမှု ပြုလုပ်ဖို့ကို လွတ်လပ်သော မြန်မာသတင်းစာဆရာများအစည်းအရုံး ( IMJA ) က ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ ( IEC ) ကို အိတ်ဖွင့်ပေးစာ ပေးပို့ချိန်မှာ ထည့်သွင်းတောင်းဆိုလိုက်ပါတယ်။

အိတ်ဖွင့်ပေးစာကို ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ သတင်းလွတ်လပ်ခွင့် အခြေခံမူတွေကို လိုက်နာပြီးတော့ ကရင်နီပြည်အတွင်းမှာရှိတဲ့ သတင်းထောက်ရဲ့ လုံခြုံရေးနဲ့ လုံခြုံရေးကို အာမခံချက်ပေးတဲ့ အဖြေတွေ ပူးပေါင်းရှာဖွေဖို့လည်း တောင်းဆိုထားပါတယ်။

သတင်းထောက်တွေအနေနဲ့ ကျင့်ဝတ်တွေကို မလိုက်နာရင် တခြားနည်းလမ်းတွေနဲ့ ထိန်းကျောင်းလို့ ရနိုင်တယ်လို့ IMJA ရဲ့ ပြန်ကြားရေးကော်မတီ ကိုမိုးက ပြောပါတယ်။

“သတင်းထောက်တွေ ကျင့်ဝတ်လိုက်နာခြင်း မလိုက်နာခြင်းဆိုတာကပေါ့နော။ စာဖတ်သူတွေ ဆုံးဖြတ်ရမယ့် ကိစ္စပါ။ တကယ်လို့ ကိုယ့်အလုပ်ကိုယ်သာ မှန်မှန်ကန်ကန်လုပ်နေရင် ဘားမှ ကြောက်စရာ မရှိဘူးပေါ့နော။ မီဒီယာတစ်ခုက မဟုတ်တာ လုပ်နေပြီဆိုရင်လည်း ကျန်တဲ့ မီဒီယာတွေ သတင်းသမားတွေ ပြည်သူလူထုတွေက ဝိုင်းဝန်းပြီးတော့ ထိန်းကျောင်းပေးသွားပါလိမ့်မယ်။ ဒီ IMJA အနေနဲ့ကတော့ လက်ရှိမှာ စည်းကမ်းထိန်းသိမ်းရေး ကော်မရှင်အနေနဲ့ ဖွဲ့စည်းထားတာရှိပါတယ်။ တကယ်လို့ တိုင်ကြားတာတွေ ရှိနေရင်တော့ ကြားကနေ ဆွေးနွေ ညှိ့နှိုင်းပေးတာတွေ ဖြေရှင်းပေးတာတွေရှိပါတယ်။” လို့ သူက ပြောပါတယ်။

လက်ရှိမှာ အိတ်ဖွင့်ပေးစာအနေနဲ့သာ ပေးပို့ထားပြီး IEC နဲ့ တိုက်ရိုက်ဆက်သွယ်ဆွေးနွေးတာမျိုးတော့ မရှိသေးဘူးလို့ ဆိုပါတယ်။ ဒီလို IEC ရဲ့ ထုတ်ပြန်ချက်ဟာ သတင်းသမားတွေကို အန္တာရာယ်ကြား တွန်းပို့နေတာဖြစ်တယ်လို့ ဆိုပါတယ်။

ထုတ်ပြန်ချက်ထဲမှာပါဝင်တဲ့ အချက်တွေဟာ သတင်းသမားတွေ လုံခြုံမှုနှင့် လွတ်လပ်ခွင့်ကို ခြိမ်းခြောက်နေတာဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် ကရင်နီပြည်နယ်နှင့် ပတ်သက်တဲ့ သတင်းရယူခြင်းမပြုမီ IEC ထံ ခွင့်ပြုချက် ရယူရမည့်အချက်ဟာ သတင်းလွတ်လပ်ခွင့်ကို ကန့်သတ်ချုပ်ချယ်နေတာဖြစ်တယ်လို့လည်း ဆိုပါထားပါတယ်။

ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ဟာ ပြီးခဲ့တဲ့ ဧပြီလ ၁၆ ရက်နေ့မှာ မီဒီယာနဲ့ ပတ်သက်တဲ့ ညွှန်ကြားချက် ၈ ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီးတော့လည်း ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

အဲဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး  IEC ရဲ့ အတွင်းရေးမှူး ၂ ဦးဗညားက အိတ်ဖွင့်ပေးစာကို လက်ခံရရှိကြောင်းနဲ့ သတင်းမီဒီယာကောင်စီတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ အဆင်သင့်ရှိတယ်လို့ ပြောပါတယ်။

“ဒီကျနော်တို့အနေနဲ့ အခုလိုမျိုးပဲပြောပြော မဟုတ်လည်း တရားဝင်ပဲပြောပြော ဒီလက်ရှိ IEC ရဲ့ ဒီသတင်းမီဒီယာနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်အပေါ်မူတည်ပြီးတော့မှ စိုးရိမ်ပူပန်မှုရှိတာကို ကျနော်တို့ နားလည်တယ်။ အဲ့ဒီနဲ့ ပတ်သက်ပြီးတော့မှ ပုံစံအမျိုးမျိုးနဲ့ ဝေဖန်တိုက်ခိုက်တာမျိုးတော့ ကျနော်တို့ တွေ့ရှိတယ်။ အဲဒီအပေါ်မှာလည်း ကျနော်တို့ အနေနဲ့ ဘားမှ စောဒက တက်စရာမရှိသလို ဘားမှလည်း တုံ့ပြန်စရာမရှိဘူးပေါ့နော။ တစ်ချိန်တည်းမှာလည်း ကောင်းရာကောင်းကျိုး အကောင်းဆုံး ချိတ်ဆက်ညှိ့နှိုင်းလို့ဖြစ်စေ အကောင်းဆုံး အဖြေရလဒ် တစ်ခုကို ဖော်ဆောင်နိုင်ဖို့အတွက် ကျနော်တို့ ဒီသက်ဆိုင်ရာ သတင်းမီဒီယာ တစ်ဖွဲ့နဲ့ဖြစ်စေ မဟုတ်ရင်လည်း သတင်းမီဒီယာကောင်စီတစ်ဖွဲ့ဖြစ်စေ ကျနော်တို့ တွေ့ဖို့ကတော့ အဆင်သင့်ဖြစ်ပါတယ်။” လို့ ဦးဗညားက ပြောပါတယ်။

တော်လှန်ရေးကာလမှာ စစ်ရေးသတင်းပေါက်ကြားမှုတွေကနေ အသက်သေဆုံးမှုတွေ အများကြီးဖြစ်နိုင်ပြီး တော်လှန်ရေးကိုလည်း အားလျော့စေလာနိုင်တယ်လို့ မဇ္စျိမရဲ့ သတင်းခန်းစီမံခန့်ခွဲမှု အယ်ဒီတာဖြစ်တဲ့ ဦးစိန်ဝင်းက သုံးသပ်ပြောဆိုပါတယ်။ သို့ပေမယ့် ဒီပြဿနာတွေကို ဖြေရှင်းဖို့ တခြားနည်းလမ်းတွေ ရှိနေသေးတယ်လို့ ဦးစိန်ဝင်းက ဆက်ပြောပါတယ်။

“စစ်ပွဲကာလပေမဲ့ လူမဆန်တာ ရက်စက်ယုတ်မာတာတွေမဖြစ်အောင် တော်လှန်ရေးအဖွဲ့တွေက တာဝန်ယူတာဝန်ခံမှုတွေလိုပါတယ်။ သတင်းသမားတွေ အချက်အလက်တွေစိစစ်ဖို့ မီဒီယာတွေ access ပေးဖို့လိုပါတယ်။  အဲဒါကြောင့် တော်လှန်ရေးအဖွဲ့တွေအနေနဲ့ ထိန်းညှိလုပ်ဆောင်ရပါမယ်။ မီဒီယာတွေအနေနဲ့လည်း လုံခြုံရေးစိုးရိမ်ချက်ကိုမျက်ကွယ်မပြုဘဲ လူထုသိခွင့်သိလမ်းအတွက် တာဝန်ယူ တာဝန်ခံမှုနဲ့လုပ်ဆောင်ဖို့လိုပါတယ်။” လို့ သူက ပြောပါတယ်။

ယမန်နေ့ ဧပြီလ ၂၁ ရက်နေ့မှာလည်း ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်နယ်မြေအတွင်းမှာ သတင်းရယူခွင့်နဲ့ ပတ်သက်ပြီး ဗဟိုခွင့်ပြုချုပ်တောင်းခံပြီး သတင်းရယူရန် စတဲ့ သတင်းမီဒီယာတွေ လိုက်နာရမယ့် စည်းကမ်းချက်တွေကို ထုတ်ပြန်ခဲ့ပါတယ်။

IMJA အနေနဲ့ ကေအဲန်ယူရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီးတော့လည်း တုံ့ပြန်နိုင်ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

May 3, 2024
ကရင်နီပြည် ရှားတောမြို့နယ်မှာ ရှားတောမြို့လုံခြုံရေးအတွက် ကရင်နီတပ်မတော်(KA) နဲ့...
May 2, 2024
ပြီးခဲ့တဲ့ ဧပြီလ အစောပိုင်းကစပြီး ကရင်နီ – ရှမ်းပြည်နယ်စပ်က  မိုးဗြဲမြို့အနီးရှိ  ခမရ...
April 30, 2024
“အိမ်မရှိတော့တောင် ကျန်တဲ့ မြေပေါ် တဲထိုးပြီးနေမယ်။" လို့ ပြောဆိုလာသူကတော့ မျက်ဝန်းမှာ...
April 29, 2024
ကရင်နီပြည်၊ ဖားဆောင်းမြို့တွင်းမှာ စစ်ကောင်စီတပ်သားတွေရဲ့ ဓားစာခံ အဖြစ် ထိန်းသိမ်းခံထားရတဲ့...