စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးက အဓမ္မပြုကျင့်ရန် ကြိုးပမ်းခံရသည့် စစ်ဘေးရှောင်အမျိုးသမီး ထွက်ပြေးလွတ်မြောက်

စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးက အဓမ္မပြုကျင့်ရန် ကြိုးပမ်းခံရသည့် စစ်ဘေးရှောင်အမျိုးသမီး ထွက်ပြေးလွတ်မြောက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အတွင်းက စစ်ဘေးရှောင်တွေ နေထိုင်ကြတဲ့ တောထဲတစ်နေရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးက စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးကို သေနတ်နဲ့ ချိန်ရွယ်ပြီး အဓမ္မ ပြုကျင့်ရန် ကြံရွယ်ခဲ့တယ်လို့ ယမန်နေ့ ဧပြီလ ၂၁ ရက်နေ့မှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်( PNLA) က အသိပေးထုတ်ပြန်ထားပါတယ်။

အဆိုပါဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ဧပြီလ ၁၄ရက်နေ့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲ့ဒီ အမျိုးသမီးကတော့ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့တယ်လို့ PNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံကပြောပါတယ်။

“အဲ့ဒီမှာ စစ်ဘေးရှောင် မိန်းကလေးတစ်ဦးကို အသက် ၂၀ကျော်ပေါ့နော်၊ မုဒိန်းကျင့်ဖို့ သေနတ်နဲ့ ချိန်ပြီးတော့ တဲပေါ် မှာ ဆွဲခေါ်သွားတယ်။ တချို့လူကို မောင်းထုတ်တာပေါ့နော်။ အဲ့ဒီတဲပေါ်မှာလည်း တချို့ရှိတဲ့လူတွေကို သေနတ်နဲ့ ချိန်ပြီး မောင်းထုတ်တဲ့အချိန်မှာ အဲ့ဒီအမျိုးသမီးက တဲပေါ်ကနေ ခုန်ချပြီးတော့ လွတ်မြောက်လာတယ်ပေါ့နော်”လို့ ခွန်ရိန်းယံက ဆိုပါတယ်။

အဆိုပါ စစ်ဘေးရှောင်အမျိုးသမီးကို အဓမ္မပြုကျင့်ဖို့ ကြံရွယ်သူမှာ ဆီဆိုင်မြို့အခြေစိုက် ခမရ ၄၂၃ က စစ်ကောင်စီတပ်သား ညီညီနိုင်ဖြစ်တယ်လို့ သိရပါတယ်။

အကြမ်းဖက်ခံရတဲ့ စစ်ဘေးရှောင်အမျိုးသမီးရဲ့ ပြောဆိုထားမှုကိုလည်း PNLAရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

“သူညီမတို့တဲနားရောက်လာပြီး လူတွေအကုန်လုံးကိုမောင်းထုတ်တယ်။ ပြီးတော့ ညီမကို သေနတ်နဲ့ချိန်ပြီး နင်ငါ့ကိုယူမလား မယူဘူးလားဆိုပြီးပြောတယ်။ အဲတာနဲ့ညီမကမယူဘူးပြောတော့ သူက သေနတ်ကကျည်ဆံနဲ့ နဖူးနဲ့ ဟိုးအနောက်ဖက် ဖြောင်သွားချင်လားလို့ပြောတယ်။ အဲတာနဲ့ညီမကကြောက်ကြောက်နဲ့ ဆရာက ဘာဖြစ်ချင်လဲမေးတော့ ငါနင်နဲ့အိပ်ချင်တယ် ဆိုပြီးပြောတယ်။ အဲတာနဲ့ သူက ညီမကို တဲပေါ် အတင်းဆွဲခေါ်သွားတယ်။ တဲပေါ်က ခြေထောက်နာနေတဲ့အကိုတွေရှိတယ်။ အဲ့ အကိုတွေကို နင်တို့သွားတော့ ငါသူနဲ့ အိပ်တော့မှာ ဆိုပြီး ပြောနေချိန် ညီမလည်း ဖိနပ်ချွတ်ပြီးပြေးတာ။ အဲ့ည အဲ့နေရာနဲ့ဝေးတဲ့ တဲမှာ သွားအိပ်ခဲ့တယ်။ ခုဆို အဲ့နားကို ပြန်လို့မရဲသေးဘူး။"လို့  အဆိုပါ အမျိုးသမီးရဲ့ ပြောဆိုထားမှုကို ထုတ်ပြန်ချက်မှာ ပြန်လည်ဖော်ပြထားတာ ဖြစ်ပါတယ်။

ဆီဆိုင်မြို့နယ်အတွင်း တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ဘေးရှောင်အများစုဟာ အမိုး၊ အကာ မလုံခြုံတဲ့ တောထဲမှာ နေထိုင်ကြရပြီး လက်ရှိမှာလည်း တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်တာကြောင့် နေရပ်ပြန်လို့မရသေးဘူးလို့ သိရပါတယ်။

May 27, 2026
ကရင်နီပြည်မှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ လိုက်နာကျင့်သုံးဖို့ စည်းမျဉ်းစည်းကမ်းထိန်းသိမ်းခြင်း...
May 26, 2026
ကရင်နီပြည် လွိုင်ကော် မြို့နယ် အရှေ့ဘက်ခြမ်းက တောင်သူတွေဟာ ပြီးခဲ့တဲ့နှစ်အတွင်း ဒေသတွင်းက...
May 25, 2026
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းမှာ ၁၂ တန်းပြီးမြောက်သွားတဲ့ ကလေးတွေရဲ့...
May 23, 2026
စပါးစိုက်ပျိုးမှုနဲ့ အဓိက အသက်မွေးဝမ်းကျောင်းပြုတဲ့ ကရင်နီပြည်က ဒေသခံလူထုတွေက...