ပထမဆုံး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ် ကို ကရင်နီပြည်မှာ စတင်ဖွင့်လှစ်

ပထမဆုံး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ် ကို ကရင်နီပြည်မှာ စတင်ဖွင့်လှစ်

ကရင်နီပြည်မှာ ၂၀၂၄ခုနှစ်၊ မတ်လ အတွင်း ‘ဖန်းဆော်’ လို့ အမည်ပေးထားတဲ့ တက္ကသိုလ်ကျောင်းကို မြေပြင်တစ်နေရာမှာ စတင်ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။

လွိုင်ကော်တက္ကသိုလ်ရဲ့ ယာယီအုပ်ချုပ်ရေးကောင်စီကနေ ဦးဆောင်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) တို့နဲ့ တိုင်ပင်ဆွေးနွေးကာ ဖွင့်လှစ်ခဲ့တာဖြစ်တယ်လို့  "ဖန်းဆော်" တက္ကသိုလ် ပါမောက္ခချုပ် ‌ဒေါက်တာဦးကျော်သူဝင်းက ပြောပါတယ်။

“ကျောင်းထဲက သင်ကြားရေးဆိုင်ရာပစ္စည်းတွေလည်းရပြီ။ သင်ကြားမဲ့ ဆရာ ဆရာမတွေလည်း စစ်ရှောင်နယ်မြေတွေမှာ ရောက်နေပြီ။ သင်ယူလိုတဲ့ကျောင်းသူ၊ ကျောင်းသားတွေလည်း ရှိနေတဲ့ အတွက်ကြောင့် ကျနော်တို့မြေပြင်တက္ကသိုလ် ဖွင့်မယ်ဆိုပြီးတော့ ရည်ရွယ်လိုက်တယ်။ အဲ့ဒီခါမှာ ကျနော်တို့ ကိုယ့်တစ်ဦး သဘောထဲ ရည်ရွယ်ချက်နဲ့တော့ မလုပ်ဘူး။ NUG ကိုလည်း တိုင်ပင်တယ်။ ဒီမှာရှိတဲ့ IEC ပေါ့နော သူတို့ဆီကိုလည်း တိုင်ပင်တယ်။ အဲ့ဒီခါမှာ NUG ကလည်း ခွင့်ပြုတယ်။ သဘောတူတယ် သူတို့ကလည်း ဂုဏ်ယူတယ်ပေါ့ ။ ပထမဆုံးဖွင့်တယ်ဆိုတဲ့အတွက်ကြောင့် ကျနော်တို့ အခက်အခဲမျိုးစုံကြားကနေ နေရာရှာပြီးတေ့ာ ဒီနေရာမှာဖွင့်လိုက်တယ်ပေါ့။ ကျနော်တို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်ပေါ့နော” လို့ ဒေါက်တာဦးကျော်သူဝင်းက ပြောပါတယ်။

"ဖန်းဆော်" တက္ကသိုလ်ဟာ အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ CDM ဝန်ထမ်းတွေနဲ့ စတင်ဖွင့်လှစ်တဲ့ ပထမဆုံးမြေပြင်တက္ကသိုလ်ဖြစ်တယ်လို့ ပြောပါတယ်။ ကြားကာလ အခြေအနေမှာ ဖွင့်လှစ်ရတာဖြစ်လို့ ကျောင်းဆောင်မလုံလောက်မှု ၊ ဆရာ၊ ဆရာမ အရေအတွက် မလုံလောက်မှု၊ နေရာထိုင်ခင်း အဆင်မပြေမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊  ပထဝီ၊ သမိုင်း၊ ရူပ၊ ဓာတု၊ သတ္တဗေဒ၊ ရုက္ခဗေဒ၊ ဒဿနိကဗေဒ၊ ဘူမိဗေဒ၊ ဥပဒေ၊ အရှေ့တိုင်းပညာ၊ စီးပွားရေး စတဲ့ အထူးပြုဘာသာရပ် ၁၄ ခု ရှိတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ ကျောင်းဆောင်မလုံ‌လောက်မှုကြောင့် ကျောင်းသား၊ကျောင်းသူ ၉၈ ဦးကိုသာ ခေါ်ယူနိုင်ပြီး မြေပြင်၊ အွန်လိုင်း စနစ် ၂ခုလုံးနဲ့ သင်ကြားနေတယ်လို့ ဆိုပါတယ်။

"ဖန်းဆော်" တက္ကသိုလ်ဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်တစ်ခုဖြစ်ပြီး တက္ကသိုလ် ပထမ နှစ်မှ မဟာတန်းအထိ ဖွင့်လှစ်ထားတယ်လို့ဆိုပါတယ်။ စာသင်နှစ် ၄ နှစ်သတ်မှတ်ထားပြီး နှစ်ဝက်စာသင်ကာလကို ၃လ တစ်ဖြတ်  သင်ကြားပေးသွားမယ်လို့ဆိုပါတယ်။

စာသင်နှစ်ပြီးမြောက်သွားရင်တော့ ဘွဲ့လက်မှတ်ကိုလည်းပေးအပ်သွားမှာဖြစ်ပြီး  အလုပ်အကိုင်အခွင့်အလမ်းလည်း ဖော်ဆောင်ပေးသွားမယ်လို့ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဦးကျော်သူဝင်းက ဆက်ပြောပါတယ်။

“ အခုကျနော်တို့ဆီမှာဆိုလို့ရှိရင် master တက်နေတဲ့ ကလေးတွေရှိတယ်။ master တက်နေတဲ့ က‌လေးတွေဆိုလို့ရှိရင် master ပြီးသွားလို့ရှိရင် ကျနော်တို့ဆီမှာ လည်း ဆရာ ဆရာမ လိုအပ်ချက်အရ အဲ့ကလေးတွေကို ပြန်ပြီးတော့ ဆရာ ဆရာမလုပ်ဖို့စိတ်ဝင်စားလို့ရှိရင် ပြန်ခန့်ပေးတယ်။ နောက်တစ်ခါ ကျနော်တို့က တရားဝင်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်ဖြစ်တဲ့ အတွက်ကြောင့် ကျနော်တို့ ကိုယ်တိုင်က ဘွဲ့လက်မှတ်ပေးလို့ ရသွားပြီလေး။ အဲ့ခါကျ အဲ့ ကလေးတွေကို ချိတ်ဆက်ပြီးတော့ နိုင်ငံတကာနဲ့ တခြားနိုင်ငံမှာ အလုပ်လုပ်ချင်တယ် scholarship ဟာမျိုးတွေ အဲ့လိုမျိုး အလုပ်အကိုင် အခွင့်အလမ်း တွေ ချိတ်ဆက်ပေးဖို့ရှိပါတယ်” လို့ သူက ပြောပါတယ်။

"ဖန်းဆော်" တက္ကသိုလ်နဲ့ IEC ပညာရေးဌာနကလည်း ပူးပေါင်းဆောင်ရွက်နေပြီး အခုလို အဆင့်မြင့်တက္ကသိုလ်ကျောင်းဖွင့်လှစ်နိုင်ခြင်းကို ဂုဏ်ယူပြီး အသိမှတ်ပြုတယ်လို့လည်း IEC ပညာရေးဌာနမှ ဒုဌာနမှူး ခမ်းယူဂျင်းက အခုလို ပြောပါတယ်။

 “ ကျနော်တို့ IEC နဲ့ ဖန်းဆော် တက္ကသိုလ်ကတော့ ပူးပေါင်းဆောင်ရွက်မှုကတော့ အစကတည်းက ရှိတယ်ပေါ့နော။ ဘာလို့ဆို သူတို့ကလည်း သီးခြားလွတ်လပ်ခွင့် ပြောပေမဲ့ သူတို့က အစိုးရရဲ့ IEC ပညာာရေးလက်အောက်မှာပေါ့နော ဒီပုံစံနဲ့ပဲ သွားတာပေါ့။ ပူးပေါင်းဆောင်ရွက်နေတာပေါ့နော။ နောက်တစ်ချိန်ကျရင်လည်း အစိုးရကျောင်းပုံစံအနေနဲ့ပဲ သူတို့က ရပ်တည်ဖို့ ရှိတာပေါ့နော” လို့ သူက ဆိုပါတယ်။

လက်ရှိမှာတော့ "ဖန်းဆော်" တက္ကသိုလ်မှာ ကိုဗစ်ကာလအတွင်း ကျောင်းမပြီးမြောက်သေးတဲ့ တက္ကသိုလ်ကျောင်းသားအများစု တက်ရောက်နေကြသလို လာမယ့် ဇွန်လအတွင်းမှာလည်း အဝေးသင်ကျောင်းကို ဆက်လက်ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

Most read this week

May 3, 2024
ကရင်နီပြည် ရှားတောမြို့နယ်မှာ ရှားတောမြို့လုံခြုံရေးအတွက် ကရင်နီတပ်မတော်(KA) နဲ့...
May 2, 2024
ပြီးခဲ့တဲ့ ဧပြီလ အစောပိုင်းကစပြီး ကရင်နီ – ရှမ်းပြည်နယ်စပ်က  မိုးဗြဲမြို့အနီးရှိ  ခမရ...
April 30, 2024
“အိမ်မရှိတော့တောင် ကျန်တဲ့ မြေပေါ် တဲထိုးပြီးနေမယ်။" လို့ ပြောဆိုလာသူကတော့ မျက်ဝန်းမှာ...
April 29, 2024
ကရင်နီပြည်၊ ဖားဆောင်းမြို့တွင်းမှာ စစ်ကောင်စီတပ်သားတွေရဲ့ ဓားစာခံ အဖြစ် ထိန်းသိမ်းခံထားရတဲ့...