ရခိုင်တွင် သွေးလွန်တုပ်ကွေးကြောင့် လူနာခြောက်ရာကျော် ဆေးကုသမှု ခံနေရပြီးသေဆုံးသူ လေးဦးရှိ

ရခိုင်တွင် သွေးလွန်တုပ်ကွေးကြောင့် လူနာခြောက်ရာကျော် ဆေးကုသမှု ခံနေရပြီးသေဆုံးသူ လေးဦးရှိ
by -
မဇ္ဈိမ
ရခိုင်ပြည်နယ်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှုနှုန်းမြင့်တက်လျှက်ရှိပြီး တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့် လူနာခြောက်ရာကျော် အထိ ဆေးကုသမှုခံယူနေရသည်ဟု ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာန လက်ထောက်ဦးစီးမှူး ဒေါက်တာစံကျော်သာက ပြောသည်။

 ရခိုင်ပြည်နယ်၊ သံတွဲခရိုင်နှင့် ကျောက်ဖြူခရိုင်တို့တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု အများဆုံးဖြစ်ပြီး တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့် လူဦးရေ ခြောက်ရာ့ငါးဦးအထိ ဆေးကုသမှု ခံနေရသည်ဟု ဆိုသည်။

ဒေါက်တာ စံကျော်သာက  “သေဆုံးသူလေးယောက်ရှိပြီ ၊လူကြီးတွေလည်း ဖြစ်တာတွေ့ရတယ်”ဟု ပြောသည်။

လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှှုကြောင့် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသည့် လူနာများကို အချိန်မှီ ဆေးကုသမှု မရရှိသည်များ လည်း ဖြစ်ပေါ်လျှက်ရှိသည်ဟု ဒေသံများက ပြောသည်။

သံတွဲဒေသခံ ကိုစိုးမြတ်က “ကျွန်တော်တို့နယ်က မိသားစုတစ်စုဗျ။ ပထမကလေး တစ်ယောက်တုန်းက ဆေးမကုလိုက်ရဘူး။ ဒုတိယ ကလေးကိုကျတော့ သံတွဲဆေးရုံက ရန်ကုန်ကို လွှတ်တယ်။ ဟိုရောက်တော့ ကလေးက အသက်မမှီတော့ဘူး။ ၁၅ ရက်အတွင်း သားနှစ်ယောက်လုံး အသက်ဆုံးရှုံးသွားတယ်”ဟု ပြောသည်။

ရခိုင်ပြည်နယ်ရေဘေးကြောင့် မြို့နယ်အများစု ရေနစ်မြုပ်သွားခဲ့ပြီး ယင်းအခြေအနေများကြောင့်   ခြင်၊ ယင်ပေါက်ပွားမှု အန္တာရာယ်များလည်း ဖြစ်ပွားနိုင်ပြီး လုံလောက်သော ခြင်ထောင်နှင့်စောင်များ ရေဘေးသင့်သူများ ထံရောက်ရှိရန် လိုအပ်လျှက်ရှိသည်။

ထို့အပြင် ရခိုင်ပြည်နယ် ရေကြီးရေလျှံမှုများကြောင့် ရေတွင်းရေကန်များ ပျက်စီးခြင်း၊ သောက်သုံးရေများ ရှားပါးခြင်းများ လည်း ဖြစ်ပေါ်လျှက်ရှိပြီး နောက်ဆက်တွဲရောဂါများအတွက် စိုးရိမ်စရာများဖြစ်ပေါ်နေသည်ဟု တောင်ကုတ်ရေးဘေးကူညီရေးအဖွဲ့မှ ကိုမျိုးဆွေက ပြောသည်။

၎င်းက “ချောင်းတွေနဲ့ နီးတဲ့ ကျေးရွာတွေက သောက်ရေကန်တွေ နုန်းတွေ တင်နေတဲ့အတွက် ရွာက လူအင်အားနဲ့လည်း မတတ်နိုင်တော့ ဒီအတိုင်း ထားရတုန်းဗျ။ လောလောဆယ် မိုးရေ သောက်နေရတာမျိုးတွေရှိတယ်”ဟု ဆိုသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၄ ခုနှစ်က သွေးလွန်တုပ်ကွေးဖြစ်ပွားသူ တစ်ထောင့်ငါးရာကျော်ခဲ့ပြီး သေဆုံးသူ ဆယ်ဦးအထိ ရှိခဲ့သည်ဟု ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...