အလှူရှင်နည်းသဖြင့် စစ်ရှောင်များအန္တရာယ်ကြားမှ စိုက်ပျိုးရေး လုပ်နေကြ

အလှူရှင်နည်းသဖြင့် စစ်ရှောင်များအန္တရာယ်ကြားမှ စိုက်ပျိုးရေး လုပ်နေကြ
ကရင်နီ လူသားချင်း စာနာထောက်ထားမှုအသင်း KHT
ကရင်နီ လူသားချင်း စာနာထောက်ထားမှုအသင်း KHT

အလှူရှင်များမရှိသလောက် နည်းပါးလာသည့် ကရင်နီစစ်ဘေးရှောင်များ စားနပ်ရိက္ခာ ပြတ်လပ်မှု မရှိရန် အသက် အန္တရာယ်ကြားမှ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်နေကြရသည်ဟု စစ်ဘေးရှောင်များအား ကူညီ ပေးနေ သူများက ပြောသည်။

ကရင်နီပြည်၊ ဒီးမောဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ  စစ်ဘေးရှောင်ပြည်သူများမှာ စစ်ဘေးရှောင်ကာလ ကြာ လာသည်နှင့်အမျှ အလှူရှင်များ ရှားပါးလာခြင်းကြောင့် စားနပ်ရိက္ခာ ပြတ်လပ်မှု မရှိစေရေး မြေမြုပ်မိုင်း အန္တရာယ်များကြားမှ စပါး ပြန်လည်စိုက်ပျိုးနေကြရသည်။

ကရင်နီ လူသားချင်း စာနာထောက်ထားမှုအသင်း KHT မှ တာဝန်ရှိသူတစ်ဦးက “အခု ဒီတလောပေါ့နော် လွန်ခဲ့ တဲ့ ၂နှစ်လောက်ကထက် အလှူရှင်တွေ ပိုနည်းလာတာပေါ့နော်။ ဒီလိုအလှူရှင်တွေ မလာဘူး။ ရိက္ခာပြတ်လပ်တဲ့ အခါကျတော့လည်း စားစရာတွေ ဘာတွေ ဟင်းသီးဟင်းရွက်လေးတွေ လိုက်ရှာတာပေါ့။ တချို့ကျတော့လည်း စပါးတွေ ဘာတွေ လယ်တွေ ပြန်လုပ်ကြတယ်။ မိုင်းရှိရဲ့သားနဲ့ စစ်ဘေးရှောင်တွေ ဂရုတစိုက်နဲ့ စွန့်စွန့်စားစားနဲ့ စားဖို့သောက်ဖို့ သွားပြန်ရှာကြတယ်ပေါ့နော်” ဟု ပြောသည်။

စစ်ကောင်စီတပ်များမှ မြေမြုပ်မိုင်း အများအပြားကို ထောင်ထားသည့်အတွက် စပါး ပြန်စိုက်သော မိုးဗြဲ ဒေသခံ တစ်ဦး ယခုမတ်လအတွင်း၌ပင် မြေမြုပ်မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KHT တာဝန်ရှိသူက ဆက် ပြောသည်။

“အဲ့လိုမျိုး တချို့ ပြန်ပြီး လယ်လုပ်တဲ့အချိန်မှာ မိုးဗြဲမှာပေါ့ လယ်ပြန်လုပ်တယ်ပေါ့။ စစ်ဘေးရှောင်တွေ လယ် ပြန် လုပ်ရင်းနဲ့ မိုင်းနင်းမိပြီး ခြေထောက်ဆုံးရှုံးတယ်ပေါ့နော်။ ကျနော်ကြားလိုက်ရတယ် လွန်ခဲ့တဲ့ ၃ပါတ်က ပေါ့။”

စစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားလာသည့် ပြည်နယ်အတွင်းက တိုက်ပွဲများကြောင့် ဒီးမော့ဆို အနောက် ဘက်ခြမ်းတွင် စစ်ဘေးရှောင်ဦးရေ တစ်သိန်းကျော် လာရောက် စစ်ရှောင်နေကြရသည်။

ထို့အတူ လမ်းပန်းဆက်သွယာ်ရေး ခက်ခဲသည့် ဖရူဆို အနောက်ဖက်ခြမ်းက စစ်ရှောင်စခန်းတွင်မူ စစ်ရှောင် ကာ လ ကြာလာသည်နှင့်အမျှ အလှူရှင်များ လာရောက်လှူဒါန်းမှု နည်းပါးသည်ဟု စစ်ရှောင် မော်ထရေဇာကပြော သည်။

“ဒီနောက်ပိုင်းကတော့ ပါးလာတယ်ပေါ့နော်။ လမ်းပန်းဆက်သွယ်ရေးကလည်း ခက်လာတော့ အလှူရှင်တွေက ဒီဘက်ကို သိပ်မလာဖြစ်ဘူးပေါ့။ ဘာဖြစ်လဲဆိုတော့ ခရီးလည်းဝေးတော့ သူများ ဒီဘက်သိပ်မလာလှူ ဖြစ်ဘူး ပေါ့။”

ဖရူဆိုစစ်ရှောင်စခန်းတွင် အိမ်ထောင်စု ၃၄ စုရှိပြီး စစ်ရှောင်စခန်းရှိ အိမ်ထောင်စု ထက်ဝက်ခန့်မှာ တောင်ယာ စပါးစိုက်ပျိုးကာ စားနပ်ရိက္ခာ အခက်အခဲကို ကြိုးစားဖြေရှင်းရန် ပြင်ဆင်နေကြသည်ဟု မော်ထရေဇာ က ဆက် ပြောသည်။

“ဒီ Camp ထဲမှာကျတော့ အရင်တစ်နှစ်က တောင်ယာလုပ်နိုင်တဲ့ သူတွေကတော့ ကြိုးစားပြီးတော့ လုပ်ကြ တယ် နည်းနည်းပေါ့။ အများကြီးတော့ မထွက်ဘူးပေါ့။ စပါးကလည်း သေတာတွေ ရှိတဲ့အတွက် အများကြီး တော့ မထွက်ဘူးပေါ့။ သူတို့အတွက်တော့ တစ်လစာ၊ နှစ်လစာ အဲ့လိုမျိုးတော့ ဖူလုံတယ်ပေါ့။”

သို့သော် တောင်ယာ မလုပ်နိုင်သောသူများအတွက် ရိက္ခာပြတ်လပ်သည့် အခက်အခဲနှင် ကြုံနေရသည်ဟု

“တောင်ယာ မလုပ်နိုင်တဲ့ သူတွေကျတော့ အခက်ခဲရှိတယ်ပေါ့နော်။ တခါတလေ လုံးဝ မရှိတော့ဘူး ဆိုရင် တော့ ရှိတဲ့သူ နားက ချေးတယ်ပေါ့နော်” ဟု မော်ထရေဇာက ဆက်ပြောသည်။

ဖရူဆို စစ်ရှောင်စခန်းရှိ စစ်ဘေးရှောင်များသည် စစ်ကောင်စီ၏ လက်နက်ကြီးနှင့် ပစ်ခတ်နေမှု အခြေအနေ ကြားက စွန့်စားကာ တောင်ယာကို သွားရောက် စိုက်ပျိုးလုပ်ကိုင် နေကြရခြင်း ဖြစ်သည်။

လွန်ခဲ့သော ၅ လခန့်ကလည်း ဖရူဆိုမြို့အနီးရှိ အမှတ် (၁၄) တန်းမြင့် စစ်လေ့ကျင့်ရေး ကျောင်းမှ ပစ်ခတ်လိုက် သည့် လက်နက်ကြီးကျည်သည် စစ်ဘေးရှောင်များ နေထိုင်သော ဒိုးပရယ်ကျေးရွာ အတွင်းသို့ ကျရောက် ပေါက် ကွဲခဲ့သည်။

အဆိုပါ လက်နက်ကြီးကျည်ကြောင့် ဖရူဆိုမြို့မှ လာရောက် စစ်ဘေးရှောင်နေသော အသက် ၈ နှစ် အရွယ် ယောက်ကျားလေးတစ်ဦး ဗုံးစထိမှန် သေဆုံးခဲ့ဖူးသည်ဟု စစ်ရှောင်မျးက ပြောသည်။

လက်ရှိ ကရင်နီပြည်တွင် စစ်ဘေးရှောင်ဦးရေ နှစ်သိန်းရှစ်သောင်း ကျော်ရှိနေသည်ဟု ကရင်နီ လူမှု အသင်း အဖွဲ့များ ကွန်ယက် KCSN မှ မတ်လ ၁၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

Most read this week

April 20, 2024
ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများတွင် အချိန်ခါ မဟုတ် မိုးရွာသွန်းမှုကြောင့် နေအိမ်အမိုးအကာများ...
April 6, 2024
တနင်္သာရီတိုင်း ထားဝယ်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး...
April 4, 2024
ရှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့ လေဆိပ်တွင် လေယာဉ် လိုက်ပါစီးနင်းမည့် ခရီးသည်များအား...
April 3, 2024
ရှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်ထဲက ကျေးရွာတစ်ရွာတွင် ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့ က ၃...