စစ်အာဏာရှင်စနစ်အောက် ကျရောက်နေသော အမျိုးသမီးများ စည်းလုံးညီညွတ်စွာ အသံထုတ်ဖော်ကြရန်လိုကြောင်း ကေအဲန်ယူ ဗဟိုတရားသူကြီးပြော

စစ်အာဏာရှင်စနစ်အောက် ကျရောက်နေသော အမျိုးသမီးများ စည်းလုံးညီညွတ်စွာ အသံထုတ်ဖော်ကြရန်လိုကြောင်း ကေအဲန်ယူ ဗဟိုတရားသူကြီးပြော

မြန်မာနိုင်ငံအတွင်းရှိ အာဏာရှင်စနစ်အောက်ကျရောက်နေသော မတရားဖိနှိပ်ခံအမျိုးသမီးများ စည်း လုံးညီညွတ်စွာဖြင့် တရားမျှတမှုရရှိရေး အသံဖော်ထုတ်ရန်လိုကြောင်း ကရင်အမျိုးသားအစည်း အရုံး-KNU ၏ ဗဟိုတရားသူကြီး(၁) ပဒိုနော်မယ်ရီဌေးက တိုက်တွန်းပြောကြားသည်။

ကေအဲန်ယူ ဖားအံခရိုင်၊ တပ်မဟာ(၇) နယ်မြေတစ်နေရာတွင် ကရင်အမျိုးသမီးအစည်းအရုံး-KWO ဖားအံခရိုင် တာဝန်ရှိသူများ ဦးစီး၍ ယနေ့ မတ်လ(၈)ရက်နေ့ ကျရောက်သော (၁၁၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ကျင်းပပြုလုပ်သည့် အခမ်းအနားတွင် ပဒိုနော်မယ်ရီဌေးက ထိုကဲ့သို့ တိုက်တွန်းထားခြင်းဖြစ်သည်။

“ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို ကျမတို့ မြန်မာပြည်ကအမျိုးသမီးတွေဟာ မကျင်းပနိုင်တဲ့အပြင် ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်တယ်။ ဒါကြောင့်အမျိုးသမီးတွေကို တိုက်တွန်း အားပေးချင်တာကတော့ စိတ်မပျက်ပါနဲ့ ဝမ်းမနည်းပါနဲ့။ ကျမတို့နိုင်ငံက စစ်အာဏာရှင်စနစ်အောက်မှာ ရောက်နေတဲ့အချိန် စည်းလုံးပြီးတော့ အတူတကွလုပ်ဆောင်ပြီး ကျမတို့ရဲ့အသံတွေကိုဖော်ထုတ်ဖို့ လိုပါ တယ်” ဟု ၎င်းက ယနေ့အခမ်းအနားတွင် ပြောသည်။

မြန်မာနိုင်ငံအတွင်းသာမက ကမ္ဘာ့နေရာအသီးသီးမှ မတရားဖိနှိပ်မှုကိုခံစားနေရသော အမျိုးသမီးများ သည် မိမိတို့ကြုံတွေ့နေရသည့် အခက်အခဲများကြား စည်းလုံးညီညွတ်စွာဖြင့် သက်ဆိုင်ရာ ကဏ္ဍ အသီးသီးမှလွတ်မြောက်ရေးကြိုးပမ်းဆောင်ရွက်ပါက အတူတကွ လွတ်မြောက်ကြမည်ဖြစ်ကြောင်း ပဒိုနော်မယ်ရီဌေးက ဆက်ပြောသည်။

၎င်းက “စည်းလုံးမှုသာရှိမယ်ဆိုရင် ခွန်အားကြီးမားလာမယ်၊ တနေ့ကျရင် ကမ္ဘာ့နေရာအသီးသီးမှာ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို ပါဝင်လာနိုင်မယ်။ ကျမတို့မြန်မာနိုင်ငံက အမျိုးသမီးတွေဟာ စစ်အာဏာရှင်စနစ်ရဲ့ညှဉ်းပန်းနှိပ်စက်မှုအောက်ကနေ လွတ်မြောက်သွားမှာဖြစ်ပါတယ်။”ဟု ပြောသည်။

စက်မှုဖွံ့ဖြိုးပြီးနိုင်ငံများတွင် အမျိုးသမီးအလုပ်သမားများ အလုပ်သမားအခွင့်အရေး၊ အမျိုးသမီး အခွင့်အရေး သိသာစွာဆုံးရှုံးနေရပြီး အလုပ်ရှင်များ၏ လုပ်ခလစာခေါင်းပုံဖြတ်ခံနေရသည့်အပေါ် ကျေနပ်မှုမရှိသဖြင့် အမျိုးသမီးများအား တန်းတူညီမျှမှုပေးရန် ၁၉၀၈ ခုနှစ်၊ မတ်လ(၈)ရက်နေ့က နယူးယောက်မြို့တွင် ချီတက်ဆန္ဒပြတောင်းဆိုခဲ့ကြရာမှ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ပေါ်ပေါက်လာခြင်းဖြစ်သည်။

ယနေ့ ကျင်းပပြုလုပ်ခဲ့သော အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနားကို ကရင်အမျိုးသမီးအ စည်းအရုံံး-KWO ဖားအံခရိုင်၏ တာဝန်ရှိသူများ၊ KNU ဗဟိုမှ တရားသူကြီးချုပ်အပါအဝင် အခြား တာဝန်ရှိသူများနှင့် ဒေသခံများစုစုပေါင်းလူဦးရေ (၇၀)ဝန်းကျင် တက်ရောက်အားပေးခဲ့ကြသည်။

Most read this week

December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...
December 10, 2025
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးကို စစ်တပ်က...
December 9, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း၊ မင်းလက်ပံကျေးရွာရှိ Shunda Park ငွေလိမ်ခြံဝန်းအတွင်း...