မိုးမိတ်တွင် တိုက်ပွဲကြောင့် နေအိမ်များပျက်စီးသွား၍ စစ်ရှောင်များနေရပ်ပြန်ရေး အခက်တွေ့

မိုးမိတ်တွင် တိုက်ပွဲကြောင့် နေအိမ်များပျက်စီးသွား၍ စစ်ရှောင်များနေရပ်ပြန်ရေး အခက်တွေ့

ရှမ်းမြောက် မိုးမိတ်တိုက်ပွဲထဲ အရပ်သား နေအိမ် အများအပြားပျက်စီးသွား၍ ဒေသခံ စစ်ရှောင်အများစု နေရပ် ပြန်ရေး အခက်အခဲ ဖြစ်နေကြသည်။

မိုးမိတ်မြို့နယ်ထဲတွင် တိုက်ပွဲများမှာ ဖေဖော်ဝါရီလ လဆန်းပိုင်းကစတင်၍ ရပ်တန့်သွားခဲ့ပြီး ကချင်လွတ်လပ် ရေး တပ်မတော် KIA နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့က ပြန်လည်ဆုတ်ခွာသွားပြီး စစ်ကောင်စီက ပြန်လည် တပ်စွဲ ထိန်းချုပ်ထားခဲ့သည်မှာ ယနေ့အချိန်ထိ ဖြစ်သည်။

တိုက်ပွဲအတွင်း၌အပြင် တိုက်ပွဲပြီးနောက် စစ်တပ်က မြို့ကိုထိန်းချုပ်လိုက်ချိန်တွင်လည်း အိမ်တွေတော်တော် များများ မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ ထို့အပြင် စျေးဆိုင်တန်းများပါ ပျက်စီးကုန်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“ကျနော်တို့ မိုးမိတ်မှာ အခုကြုံနေရတာက ခိုးကြတာပေါ့ဗျာ တချို့ကျတော့လည်း ခိုးပြီး အိမ်တွေဘာတွေ မီးရှို့သွားတာ အဲဒါကပိုပြီးတော့များတယ်ဗျ။ တိုက်ပွဲဖြစ်ပွားပြီး ၂၄ ရက်နေ့ စစ်တပ်က ပြန်လည် ထိန်းချုပ် ပြီးတဲ့အချိန်မှာ ဈေးဆိုင်တန်းတွေ အပါအဝင် ၂၀၀ ဝန်းကျင်လောက်ကတော့ ထိခိုက်ပျက်စီးမှုရှိတာပေါ့ဗျာ။”

မီးလောင်ပျက်စီးသွားသည့် နေရာအများစုမှာ မိုးမိတ်ဈေး၊ ဈေး၏ မြောက်ဘက်ပိုင်း၊ တောင်ဘက်ပိုင်း၊ ဟော်နန်းနှင့် တော်တို့လက်ခုပ်တန်းရပ်ကွက်တို့ ဖြစ်သည်ဟု အဆိုပါ ဒေသခံက ပြောသည်။

စစ်ကောင်စီတပ် လက်အောက်ခံ တပ်မ ၉၉ မှ တပ်သားများသည် ဇန္နဝါရီလ ၂၇ ရက်နေ့ နောက်ပိုင်းတွင် ပြည် သူပိုင် နေအိမ်များ၊ ဆိုင်ခန်းများအား ဖောက်ထွင်း ခိုးယူမှုများ လုပ်ခဲ့သည့်အပြင် အရပ်သားနေအိမ် အလုံးရေ ၁၅၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင် SHRF က ထုတ်ပြန်ထားသည်။

မီးရှို့ဖျက်ဆီးခံလိုက်ရသည့် မြို့ခံများမှာ နေထိုင်စရာ အိမ်မရှိတော့၍ လတ်တလောတွင် နီးစပ်ရာ အသိမိတ်ဆွေများ၊ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းကဲ့သို့သော နေရာများ၊ မိုးမိတ်ပတ်ဝန်းကျင်က ကျေးရွာများတွင် နေနေကြရသည်။

ဒေသခံတစ်ဦးက“ကျနော်တို့ မြို့ထဲဖြစ်နေတာက အိမ်တွေ ပျက်စီးသွားတဲ့ သူတွေကျတော့ နေလို့မရတော့ဘူး။ နေဖို့ထိုင်ဖို့ စားဖို့သောက်ဖို့ကျတော့ ဘယ်လိုမှ မဖြစ်နိုင်တော့လို့ သူတို့လည်း အဝေးမှာပဲ နေ နေကြတာ များ တယ်ဗျ” ဟု ပြောသည်။

မတ်လ ပထမပတ်ထဲတွင် မိုးမိတ်မြို့ထဲသို့ ပြန်လာနေကြသူ အနည်းအကျဉ်းတော့ ရှိနေပြီဟု ဒေသခံအချို့က ပြောသည်။ သို့သော် အများစုက မြို့ထဲကို ပြန်လာကြသေးဘူးဟု ဆိုကြသည်။

စစ်ကောင်စီတပ်က ဆက်လက်တပ်စွဲထားသောကြောင့် တိုက်ပွဲများ၊ ပစ်ခတ်မှုများ ပြန်လည်ဖြစ်ပွားလာမှာကို စိုးရိမ်ပြီး ပြန်မလာကြသေးခြင်း ဖြစ်သည်ဟု ဆိုကြသည်။

မိုးမိတ်ဒေသခံ စစ်ရှောင်တွေထဲက အများစုက ၎င်းတို့ အသုံးလိုသော ပစ္စည်းများကို အိမ်ပြန်သယ်ပြီး အခြား ဘေး လွှတ်နိုင်မည့် နေရာများ၌သာ ဆက်လက် နေနေကြခြင်း ဖြစ်သည်။

ယနေ့အချိန်ထိ စစ်ရှောင်အများစုက မိုးမိတ်ပတ်ဝန်းကျင်းရှိ ဘုရားကျောင်း၊ ဘုန်းကြီးကျောင်း အဆောက်အအုံ များ၊ မြို့စွန်က ကျေးရွာများနှင့် လယ်ကွင်းများ၊ တောတောင်များထဲ၌သာ နေနေကြသည့်အပြင် အချို့မှာမူ ကျောက်မဲ၊ ပြင်ဦးလွင်၊ မန္တလေး စသည့် မြို့များအထိ ပြောင်းရွှေ့သွားကြသူများလည်း ရှိသည်။

ရှမ်းလူ့အခွင့်ရေးမဏ္ဍိုင် SHRF ၏ ထုတ်ပြန်ချက်အရ မိုးမိတ်ဒေသခံ စစ်ရှောင် အယောက် ၆၀၀၀ ကျော် ဘေးလွှတ်မည့် နေရာများတွင် နေနေကြရသည်ဟု သိရသည်။

Most read this week

ပုံဟောင်း / Crd
September 4, 2026
ရခိုင်ပြည်အတွင်း စစ်ရေးအရ အထိနာနေသည့် စစ်အုပ်စုတပ်သည် ပုဏ္ဏားကျွန်း၊ စစ်တွေနှင့် ရသေ့တောင်...
September 4, 2026
မကွေးတိုင်း၊ ယောဒေသ ဆောမြို့နယ်၊ သီးကုန်းကျေးရွာအတွင်းသို့ စစ်အုပ်စုတပ် စစ်ကြောင်း ရုတ်တရက်...
September 4, 2026
ရခိုင်ပြည်၊ ဂွမြို့နယ်နှင့် သံတွဲမြို့နယ်တို့၏ ကမ်းခြေတစ်လျှောက်တွင် စစ်အုပ်စုတပ်က...
September 4, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ ရေယာဉ်...