ဖားဆောင်းရှိ ပိတ်မိသူဒေသခံ တစ်ထောင်ကျော်ကို ကယ်ထုတ်ခဲ့ရဟု FBR ထုတ်ပြန်

ဖားဆောင်းရှိ ပိတ်မိသူဒေသခံ တစ်ထောင်ကျော်ကို ကယ်ထုတ်ခဲ့ရဟု FBR ထုတ်ပြန်

ကရင်နီ(ကယား)ပြည်နယ် ဖားဆောင်းမြို့တွင် ပြီးခဲ့သည့် မတ်လ ၁ ရက်နေ့က စစ်ကောင်စီနှင့် ကရင်နီတော်လှန်ရေးတပ်ကြားတိုက်ပွဲကြောင့် မြို့တွင်း ပိတ်မိနေသည့် ဒေသခံ အယောက် တစ်ထောင်ကျော်ကို ကယ်ထုတ်ပေးရသည်ဟု Free Burma Rangers (FBR) က  ယနေ့တွင် ထုတ်ပြန်ထားသည်။

မတ်လ ၁ ရက်နေ့တွင် စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား တစ်ဦးသေဆုံးခဲ့ပြီး အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အပါအဝင် အရပ်သား ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း၊ ပြန်လည်လွတ်မြောက်လာသူထဲတွင် စစ်ကောင်စီ၏ ရိုက်နှက်ခြင်းခံရသူလည်းပါရှိကြောင်း Free Burma Rangers က ပြောသည်။

ဖားဆောင်းရှိ စစ်ကောင်စီတပ်သည် ပြည်သူများနှင့် အကာအကွယ်ပြုရန်အတွက် မြို့ထဲကျန်ရှိသည့် ပြည်သူလူထု ရာနှင့်ချီကို လူသားဒိုင်းအဖြစ်အသုံးပြုကာ မြို့ပြင်ထွက်ခွင့်မပေးသလို   ထွက်ပြေး တိမ်းရှောင်ပါက ပစ်သတ်မည်ဟုဆိုကာ ခြိမ်းခြောက်ပြောဆိုခြင်းလည်းရှိကြောင်း လွတ်မြောက် လာသူများမှ ပြောဆိုခဲ့သည်ဟု Free Burma Rangers ထုတ်ပြန်ထားချက်တွင် ဖော်ပြထားသည်။

လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သည့်အပြင် မြို့ထဲရှိ လူနေအိမ်များကိုလည်း စစ်ကောင်စီတပ်မှ လိုက် လံမီးရှို့ ဖျက်ဆီးမှုများကြောင့် ဖားဆောင်းမြို့ပေါ်ရှိ နေရာအများအပြားတွင် လူနေအိမ်များစွာ မီးလောင် ပျက်စီးခဲ့ရပြီး မြို့တွင်းပိတ်မိနေသည့် ပြည်သူများကိုလည်း Free Burma Rangers အဖွဲ့ နှင့် ကရင်နီအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDF)တို့နှင့် ပူးပေါင်းကာ ကူညီကယ်ထုတ် ပေးရခြင်းဖြစ်ကြောင်း FBR က ပြောဆိုထားသည်။

ဖားဆောင်းဒေသခံတစ်ဦးက “ဖားဆောင်းမြို့ပေါ်မှာ လေယာဉ်လာကြဲသွားတယ်။ ပြီးခဲ့တဲ့ ကြာသ ပတေး၊ သောကြာနေ့တွေမှာ။ မြို့ပေါ်နဲ့ထူးချောင်းတွေမှာ လာကြဲသွားတယ်။ လူထုတွေကတော့ နီးစပ်ရာ ရွာတွေမှာ တိမ်းရှောင်နေရတယ်။ နှစ်ဖက်ပစ်ခတ်မှုက အခုထိပစ်နေတုန်းပဲ။ နီးစပ်ရာ ရွာတွေမှာ ရှောင်ရပေမယ့်လည်း နေတဲ့နေရာမှာ ဘယ်တော့ လာပြီးထပ်ကြဲမလဲ ကြောက်နေရတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်ဘက်မှ မြို့နှင့်အနီးအနားဝန်းကျင်တွင် မြေမြှုပ်မိုင်းရာနှင့် ချီထောင်ထားသည့်အတွက် မြို့ထဲရှိ ပိတ်မိနေသော ဒေသခံပြည်သူလူထုများသည် ထွက်ပြေးတိမ်း ရှောင်ရန်ခက်ခဲကြောင်း၊  ကူညီကယ်ဆေးရေးလုပ်ဆောင်သည့်အချိန်တွင်လည်း မြေမြှုပ်မိုင်းများ တွေ့ရှိကာ ရှင်းလင်းခဲ့ရကြောင်းလည်း အဆိုပါ FBR အဖွဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖားဆောင်းမြို့နယ်ထဲတွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇွန်လမှစတင်၍ စစ်ကောင်စီနှင့် ကရင်နီ တော်လှန်ရေးပူးပေါင်းတပ်ကြားတိုက်ပွဲ အပြင်းအထန်ဖြစ်ပွားသည့်အတွက် ဒေသခံလူထုအများအပြား ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီဖြစ်သည်။

June 6, 2026
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးနှင့် စိန်ခေါ်မှုများကို လက်တွေ့ကျကျဖြေရှင်းနိုင်ရေး...
Photo: CJ
June 5, 2026
သံလွင်မြစ်အပါအဝင်၊ မဲခေါင်၊ ကောက်၊ စိုင်၊ ရွက်မြစ် များကို ကာကွယ်ရေး သံဃာတော်များဦးဆောင်ကာ...
June 4, 2026
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင်  ဇွန်လ(၂)ရက် ညနေပိုင်းက...
Photo: KYO
June 3, 2026
ကရင်လူငယ်အစည်းအရုံး (KYO) ဗဟိုမှ ဦးဆောင်၍ ကော်သူးလေထိန်းချုပ်နယ်မြေအတွင်းရှိ ခရိုင် (၅) ခုတွင်...