BGF တပ်နယ်အားလုံး ကရင်အမျိုးသားတပ်မတော်-KNA အဖြစ် ပြောင်းလဲရပ်တည်မည်

BGF တပ်နယ်အားလုံး ကရင်အမျိုးသားတပ်မတော်-KNA အဖြစ် ပြောင်းလဲရပ်တည်မည်

ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် -BGF တပ်နယ်အားလုံး စစ်ကောင်စီလက်အောက်မှ ခွဲထွက်ပြီး ကရင်အမျိုးသားတပ်မတော်(Karen National Army -KNA)အဖြစ် ပြောင်းလဲဖွဲ့စည်းရပ်တည်ရန် ဆွေးနွေးဆုံးဖြတ်ခဲ့ပြီးဖြစ်ကြောင်း အဖွဲ့တာဝန်ရှိသူများထံမှ သိရှိရသည်။

စစ်ကောင်စီကပေးသည့် လစာနှင့် အထောက်အပံ့ကို မယူတော့ဘဲ KNA တပ်ဖွဲ့အဖြစ် သီးသန့်ရပ်တည် သွားမည့်ကိစ္စနှင့်ပတ်သက်၍ ပြီးခဲ့သည့် ဖေဖော်ဝါရီလ နောက်ဆုံးအပတ်တွင် BGF တပ်နယ် (၄)ခုမှ တပ်နယ်မှူးများအားလုံး တက်ရောက်သည့် အစည်းအဝေးတွင် ထိုသို့ သဘောတူညီအတူတကွ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း တပ်နယ်-၂ ဗျူဟာမှူး ဗိုလ်မှူး စောတင်ဝင်းက ကေအိုင်စီသို့ ယနေ့တွင် အတည်ပြုပြောဆိုသည်။

ဗိုလ်မှူး စောတင်ဝင်းက “ဘက်တံဆိပ်ပြောင်းဖို့ ကျနော်တို့ တပ်နယ်(၄)ခုလုံးက သဘောတူညီပါတယ်။ ကျနော်တို့ တပ်နယ်အားလုံးက မဲရင်အကုန်အမဲအတိုင်းသွား၊ ဖြူရင်လည်း အကုန်အဖြူသွားမယ်၊  တူတူဆုံးဖြတ်တာဖြစ်တယ်။ တပ်နယ်(၄)က စစ်ကောင်စီနဲ့ ပြန်ပေါင်းမယ်လို့ သတင်းထွက်သလို မဟုတ်ပါဘူး။ အစည်းအဝေးမှာ အကုန်သဘောတူပါတယ်။ အခုတချို့က BGF တံဆိပ်ပဲ ဆက်တပ်သေးတယ်။  တချို့က စခန်းမှာနေတာ ယူနီဖောင်းပဲဝတ်တော့တယ်။ ဘက်တံဆိပ်က ဖြုတ် ထားလိုက်ပြီး ” ဟု ပြောသည်။

BGF တပ်ဖွဲ့ဝင်အားလုံးသည် လက်ရှိအချိန်တွင် KNA ဘက်တံဆိပ် ပြောင်းလဲခြင်းမရှိသေးသော်လည်း စစ်ကောင်စီအနေဖြင့် အတိုင်းအတာတစ်ခုအထိ သိရှိထားပြီဖြစ်ကြောင်းလည်း ဗိုလ်မှူး စောတင်ဝင်းက ဖြည့်စွက် ပြောဆိုသည်။

“ဒီလိုပြောင်းတာကို စစ်ကောင်စီဘက်ကတော့ ဒါကိုတော့ သူတို့သိပါတယ်။ ကျနော်တို့ BGF အဖြစ် ရပ်တည်စဉ်တုန်းကလည်း ကျနော်တို့ကို သူတို့ အပြည့်ဝယုံကြည်ခဲ့တာလည်း မဟုတ်ပါဘူး။ ကျနော် တို့လည်း သူတို့ကို အပြည့်မယုံကြည်ပါဘူး။ အခုလည်း ဒီလိုပဲ သူတို့ဘက်က ကျနော်တို့ကို လုပ်လို့မ ရသေးလို့ ရရင်တော့ သူတို့လည်း ကျနော်တို့ကို ပြန်လုပ်မှာသေချာပါပဲ။ ” ဟု ဗိုလ်မှူး စောတင်ဝင်းက ထပ်လောင်းပြောဆိုသည်။

BGF တပ်ဖွဲ့ဝင်များအားလုံး KNA အဖြစ် ပြောင်းလဲဖွဲ့စည်းမည့်ကိစ္စကို ယခုအချိန်ထိ တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးသော်လည်း ၎င်းတို့၏ ထိန်းချုပ်နယ်မြေအတွင်းရှိ ကျေးရွာ အချို့၌မူ KNA (ကရင်အမျိုးသားတပ်မတော်) တွင် တာဝန်ထမ်းဆောင်ရန် ဖိတ်ခေါ်သည့် ပိုစတာဆိုင်းဘုတ်များ စိုက်ထူထားသည်ကို တွေ့ရှိရသည်။

လက်ရှိ အချိန်တွင် ကရင်ပြည်နယ်၏ မြို့တော် ဖားအံအပါအဝင် နေရာအချို့တွင်  BGF တပ်ဖွဲ့ဝင် တချို့မှ စစ်ကောင်စီတပ်နှင့်အတူ ပူးပေါင်းလုပ်ဆောင်မှုများရှိသေးသော်လည်း ကေအဲန်ယူ ထိန်းချုပ် နယ်မြေအတွင်းရှိ စခန်းတော်တော်များများကို ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း BGF ဘက် ပြောဆိုသည်။

ဗိုလ်မှူးစောတင်ဝင်းက “ကရင်လူထုတချို့က ကျနော်တို့က ရန်သူရဲ့ အလုပ်ကို ဆက်လုပ်အုံး မလား ဆိုပြီး စိုးရိမ်တာတွေရှိသေးတယ်။ ကျနော်ပြောချင်တာကတော့ မစိုးရိမ်ပါနဲ့ကျနော်တို့ လုံးဝကို မလုပ် တော့ပါဘူး။ အဲဒါက ၁၀၀ ရာခိုင်နှုန်းပါပဲလို့ ပြောချင်ပါတယ်။ ဒုတိယတစ်ခုကတော့ ရန်သူကို ပြန်တိုက် ဖို့ ကျနော်တို့မှာ အင်အားအပြည့် လုံလုံလောက်လောက်ရှိပါတယ်။ ဒါပေမယ့် နိုင်ငံရေး အခြေအနေပေါ် မူတည်ပြီး ကျနော်တို့ပြည်သူတွေ အိုးအိမ်စွန့်ခွာရမှုတွေမဖြစ်အောင် အေးအေးချမ်းချမ်းနေနိုင်ဖို့ ကျနော်တို့ လုပ်ဆောင်မှာ ဖြစ်တယ်”ဟု ပြောသည်။

စစ်ကောင်စီတပ်ထံမှ လစာမယူတော့ဘဲ သီးခြားအဖွဲ့အစည်းအဖြစ် ရပ်တည်သွားရန်ကိစ္စနှင့် ပတ်သက်၍ အာဏာသိမ်း ဒုစစ်ခေါင်းဆောင် စိုးဝင်းကိုယ်တိုင် ပြီးခဲ့သည့် ဇန်နဝါရီလက ဖားအံမြို့တွင် BGF ထိပ်ပိုင်းခေါင်းဆောင်များနှင့် လာရောက်တွေ့ဆုံညှိနှိုင်းခဲ့သော်လည်း ပြေလည်မှုမရရှိခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီတပ် လက်အောက်ရှိ ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်-BGF သည် တပ်နယ် (၄)နယ်၊ တပ်ရင်း ၁၃ ရင်းဖြင့် ဖွဲ့စည်းထားသည်။ လှိုင်းဘွဲမြို့နယ်တွင် အမှတ် ၁၀၁၁၊ ၁၀၁၂၊ ၁၀၁၅၊ ၁၀၁၆ တပ်ရင်းတို့ အခြေချလှုပ်ရှားသလို ဖာပွန်မြို့နယ်တွင် အမှတ် ၁၀၁၃၊ ၁၀၁၄ တပ်ရင်း၊ မြဝတီမြို့နယ်တွင် အမှတ် ၁၀၁၇၊ ၁၀၁၈၊ ၁၀၁၉၊ ၁၀၂၀၊ ၂၀၂၂ တပ်ရင်းများနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် အမှတ် ၁၀၂၁၊ ၁၀၂၃ တပ်ရင်းတို့ အခြေချလှုပ်ရှားလျက်ရှိသည်။

လက်ရှိ တပ်ဖွဲ့ဝင်အင်အားမှာ ၇၀၀၀ (ခုနစ်ထောင်)ကျော်ရှိသည်ဟု လေ့လာသူများက ခန့်မှန်းပြောဆိုထားသည်။

Most read this week

Photo credit - social media
December 16, 2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျေးရွာများသို့ ဒီဇင်ဘာလဒုတိယအပတ်အတွင်း စစ်ကြောင်း ထိုးခဲ့သော...
December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...
December 10, 2025
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးကို စစ်တပ်က...