ဧရာဝတီမှ ရခိုင်သို့ စက်သုံးဆီနှင့် စားနပ်ရိက္ခာ ပို့ဆောင်မှု ပိတ်

ဧရာဝတီမှ ရခိုင်သို့ စက်သုံးဆီနှင့် စားနပ်ရိက္ခာ ပို့ဆောင်မှု ပိတ်

စစ်ကောင်စီက ဧရာဝတီတိုင်း အတွင်းမှ ရခိုင်ပြည်နယ်ဘက်သို့ စက်သုံးဆီ၊ ဆန် နှင့် စားနပ်ရိက္ခာ ကုန်စည်များ ပို့ဆောင်ခွင့်ကို ခွင့်မပြုတော့ဘူးဟု ပုသိမ် အ‌ခြေစိုက် ကုန်စည် ပို့ဆောင်ရေး လုပ်ငန်း လုပ်ကိုင်သူများက ပြော သည်။

စက်သုံးဆီ၊ ဆန်၊ စားသုံးဆီ၊ ကြက်သွန်၊ အာလူး၊ ငရုတ် နှင့် မီးဖိုချောင်သုံး စားသောက်ကုန်များ၊ ခေါက်ဆွဲ ခြောက်၊ ကြာဆံ သာမက ဂေါ်ဖီ၊ ဖရဲသီး၊ ကန်ဇွန်းဥ၊ ပြောင်းဖူး၊ သစ်သီးမျိုးစုံစသည့် စားနပ်ရိက္ခာ ကုန်ပစ္စည်း များကိုပါ သယ်ယူ ပို့ဆောင်ခွင့် မပြုခြင်း ဖြစ်သည်။

သာပေါင်းမြို့နယ်က တဆင့် ရခိုင်ပြည်နယ် အတွင်းသို့ ကုန်စည်ပို့ဆောင်သည့် လုပ်ငန်းရှင်တစ်ဦး က “ကုန်တွေ မပို့ရဘူး ဆိုတာ အကျယ်တဝင့် အသိမပေးဘူး။ စစ်ဆေးရေး ဂိတ်ရောက်တော့မှ မသယ်ရဘူး ပြောတယ်။ ရခိုင် ဘက်ကို ပို့ဖို့မပြောနဲ့ ပုသိမ်ကနေ သာပေါင်းမြို့နယ်ထဲတောင် သယ်လို့မရဘူး။ အချိန်ကုန် ငွေကုန် လူပန်း ကုန် တွေ ပျက်ဆီးတာတွေ ဖြစ်ကုန်တယ်“ ဟု ပြောသည်။

ဖေဖေါ်ဝါရီလ တတိယပတ်က စတင်၍ ယနေ့အချိန်ထိ ရခိုင်ပြည်နယ်ထဲသို့ ကုန်စည်ပို့ဆောင်ခွင့်ကို ပိတ်ထား သည်ဟု လုပ်ငန်းရှင်များက ပြောသည်။

ကုန်စည်များကို ရခိုင်ပြည်နယ် အတွင်း၌မက ရခိုင်ပြည်နယ် နှင့် နယ်မြေ ထိစပ်နေသော မြို့နယ်များ အတွင်း ကိုပါ သယ်ယူခွင့် မပြုခြင်းဖြစ်ပြီး၊ စက်သုံးဆီ၊ ဆန် နှင့် စားသုံးဆီ၊ ငရုတ်၊ အာလူး၊ ကြက်သွန် စသည့် ကုန်စည် များမှာ ပြန်သယ်ယူ၍ ရသော်လည်း အသီးအရွက်များက ပျက်ဆီးဆုံးရှုံးကုန်သည်ဟု လုပ်ငန်းရှင်များက ပြောသည်။

စစ်ကောင်စီက ရခိုင်ပြည်နယ်နှင့် တဆက်စပ်တည်း ရှိပြီး ရေလမ်း၊ ကုန်လမ်းခရီး တိုက်ရိုက်ရောက်သည့် ပုသိမ်၊ လပွတ္တာ၊ ငပုတော၊ သာပေါင်း၊ ငရုတ်ကောင်း၊ ချောင်းသာ၊ ငွေဆောင်၊ ရွှေသောင်ယံ၊ ဘိုကလေး၊ ဒေးဒရဲ၊ ဖျာပုံ ဒေသတို့တွင်လည်း ကုန်စည်နှင့် လူအဝင်အထွက်များကို တင်းကြပ် စစ်ဆေးနေသည်ဟု ဒေသခံများက ပြော သည်။

ထို့အပြင် ရခိုင်ပြည်နယ်ကို ကုန်လမ်းခရီး တိုက်ရိုက် ရောက်သော ကြံခင်း၊ ဘက်ရဲ၊ လေးမျက်နှာ၊ ‌ရေကြည်၊ ငသိုင်းချောင်း၊ သာပေါင်း၊ ချောင်းသာဒေသတွင်လည်း ရခိုင်ရိုးမ အတွင်းကို မကြာခဏ စစ်ကြောင်းထိုးကာ ပင်လယ်ပြင် စိုးမိုးရေးအတွက် ဟိုင်းကြီးကျွန်း၊ အုန်းကျွန်း၊ လိပ်ကျွန်း၊ ထိပ်စွန်း တပင်မော် (ရွှေသောင်ယံ) ၌ အမြောက်တပ်များ ထားရှိကာ လုံခြုံရေးကိုပါ တိုးမြင့်ထားသည်ဟု ဆိုကြသည်။

အသက် ၆၀ ကျော်အရွယ်ရှိ ပုသိမ်မြို့က စစ်မှုထမ်းဟောင်း ဦးသိန်းဝင်း ဆိုသူက “အဓိက ကတော့  မင်းအောင် လှိုင် နဲ့ စစ်ကောင်စီ ဝန်ကြီးတွေ ခဏခဏ ပုသိမ်လာတယ်။ ဧရာဝတီတိုင်းကို အခိုင်အမာ တည်ဆောက်နေ တာ။ ဒါပေမယ့် တကယ် မြေပြင်မှာ အဖြတ်ခံနေတာက စစ်ကောင်စီတပ်တွေ‌ဗျ“ ဟု ပြောသည်။

ဧရာဝတီတိုင်း စစ်ကောင်စီ၏ လက်ရှိ အခြေအနေမှာ အနောက်တောင်တိုင်း စစ်ဌာနချုပ်က တိုင်းအတွင်း၌ တပ်သားသစ်များကို နည်းမျိုးစုံဖြင့် စုဆောင်းကာ တိုင်းအတွင်းရှိ မြို့အသီးသီးက အခြေစိုက် တပ်ရင်းများ၊ သက်ကြီး စစ်သားများနှင့် မွန်းမံသင်တန်း တက်ပြီးဖြစ်သော သက်ကြီး စစ်မှုထမ်းဟောင်းများက ရက်တို စစ်သင်တန်းများ ပေးရန်လုပ်နေကြသည်ဟု စစ်တပ်နှင့်နီးစပ်သူများက ပြောသည်။

ဖေဖေါ်ဝါရီလ ၃ ရက်နေ့ကလည်း ရခိုင်ပြည်နယ်ထဲက တိုက်ပွဲ အခြေအနေများကြောင့် အမှတ် ၃ အထူးစစ်ဆင် ရေးအဖွဲ့ (ကစထ-၃) က ဒုတိယ ဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) တိုင်းမှူး ဗိုလ်ချုပ်ဝေလင်း၊ ဗိုလ်ချုပ်ထင်လတ်ဦး၊ ဗိုလ်ချုပ်ဇော်ဟိန်း နှင့် ဗိုလ်မှူးချုပ် ကြည်သိုက်တို့ တွေ့ဆုံခဲ့ကြသေး သည်။

May 1, 2024
ကရင်နီပြည်ရှိ တော်လှန်ရေးတပ်ပေါင်းစုများ သိမ်းပိုက်ထားသော မြို့အများစုတွင် မြေမြုပ်မိုင်း...
April 20, 2024
ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများတွင် အချိန်ခါ မဟုတ် မိုးရွာသွန်းမှုကြောင့် နေအိမ်အမိုးအကာများ...
April 6, 2024
တနင်္သာရီတိုင်း ထားဝယ်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး...
April 4, 2024
ရှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့ လေဆိပ်တွင် လေယာဉ် လိုက်ပါစီးနင်းမည့် ခရီးသည်များအား...