ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်မှ စတင်၍ လောက်ကိုင်ဒေသတွင် အစိုးရ စစ်တပ်နှင့် မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော်(MNDAA)တို့ တိုက်ပွဲကြောင့် တရုတ်နယ်စပ် နမ့်ဆန်မြို့အနီးရှိ မိမိတို့ဆွေမျိုးများ၏ နေအိမ်များတွင် ခိုလှုံနေရသဖြင့် နေထိုင်ရန် အခက်အခဲများ ကြံုတွေ့နေရသည်ဟု PWO ၏ အထွေထွေအတွင်းရေးမှူး လိုည်းပိုးညိူဝ်းက ပြောသည်။
“ဒုက္ခသည်တွေ ခုနှစ်ရာလောက် ရှိတယ်။ ဒါပေမဲ့ ကျွန်မတို့ အကုန်လုံးလိုက်ပြီး မတွေ့နိုင်ဘူး။ ကျွန်မတို့ တွေ့တာက ၄၀၀ ကျော်လောက်ပဲ ရှိတယ်။ သူတို့က တရုတ်နယ်စပ်နဲ့ ကိုးကန့်နယ်စပ်မှာ ပေါ့နော်။ နမ့်ဆန်မြို့နားမှာ ပလောင်ရွာတွေမှာ နေနေကြ တယ်။ သူတို့တွေက ဆွေမျိုးတွေရဲ့ အိမ်မှာ ခိုလှုံနေတယ်။ အဲဒီလို နေတဲ့အခါမှာလည်း သူတို့က အိမ်တွေက မသန့်ဘူး။ အထူးသဖြင့် တိရစ္ဆာန် တွေ မွေးတဲ့ ဝက်ခြံ၊ ကြက်ခြံတွေလိုမှာ နေရတယ်။ အစားအသောက်က နေ့စားလုပ်ပြီးမှ စားရတယ်။ တခါတလေ ဆန်စားစရာမရှိလို့ ဆန်ပြုတ်တွေ သောက်ရတာတွေတော့ ရှိတယ်ပေါ့”ဟု မဇ္ဈိမကို ပြောသည်။
အဆိုပါ ဒုက္ခသည်များသည် လောက်ကိုင်ဒေသရှိ ကုန်းကြမ်းမြို့နယ်၊ တာရွှေထန် စသည့် ဒေသအတွင်းရှိ ကျေးရွာများမှ ရွာသားများဖြစ်ပြီး ပလောင်အမျိုးသမီးများက အဆိုပါ ဒုက္ခသည်များကို သွားရောက်ကြည့်ရှုခဲ့ပြီး ဆန်၊ ဆီ၊ ဆားများကို တတ်နိုင်သမျှ ကူညီပေးနိုင်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
အဆိုပါ ဒုက္ခသည်များ နေထိုင်သည့်နေရာများသည် ကျန်းမာရေးနှင့် ညီညွတ်မှုမရှိခြင်း၊ ကလေးငယ်များ ကျောင်းစာများ မသင်ကြားနိုင်ခြင်း၊ မည်သည့်အဖွဲ့အစည်းများ လာရောက် ကူညီထောက်ပံ့ပေးခြင်း မရှိကြောင်း ပလောင်အမျိုးသမီးများ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ပြေးဒုက္ခသည်များ စားဝတ်နေရေးအတွက် တရုတ်နယ်စပ်ရှိ ကြံခင်းများတွင် တစ်ရက်လျှင် တရုတ်ငွေ ၃၀ ယွန် (ကျပ် ၅,၅၀၀)မှ ၅၀ ယွန် (ကျပ် ၉,၂၀၀)သာ ရရှိသော နေ့စားအလုပ်လုပ်၍ စားဝတ်နေရေးအတွက် ဖြေရှင်းနေရသည်ဟု ဆိုသည်။
တိုက်ပွဲများ ရပ်တန့်၍ စစ်ပြေးဒုက္ခသည်များအတွက် နေရာပြန်လည် ချထားရေးနှင့် ၎င်းတို့အား ကူညီနိုင်ရန် အစိုးရက ဦးစားပေးဆောင်ရွက်ပေးသင့်ကြောင်းကို အသိပေးစေလိုခြင်း၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် အမှန်တရား ဖော်ထုတ်ကာ စစ်ပြေးဒုက္ခသည်များ အခြေအနေများကို ဖော်ထုတ်၍ ဆောင်ရွက်ပေးရန် ကြေညာချက်ထုတ်ပြန်ရခြင်းဖြစ်သည်ဟု လိုည်းပိုးညိူဝ်းက ပြောသည်။
“အခုက ကိုးကန့်နဲ့တိုက်ပွဲဖြစ်တယ်ဆိုပေမဲ့ ကျွန်မတို့ ပလောင်ဒုက္ခသည်တွေ ထပ်ထွက်လာတယ် ဆိုတော့ ဘယ်ဒေသမှာဖြစ်ဖြစ် စစ်ပွဲကို ရပ်စေချင်တယ်။ နောက်တခုက ဒေသမှာ ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေလည်း တာဝန်ခံဖို့ လုပ်ပေးဖို့ လိုအပ်တယ်။ ရှိနေတဲ့ ဒုက္ခသည်တွေ ရဲ့အခြေအနေကို ရှာဖွေပြီးတော့ ဖော်ပြပြီးတော့ သူတို့အတွက် အမှန်တရား ရှာဖွေဖို့အတွက် ကျွန်မတို့ စဉ်းစားပြီး ဒုက္ခသည်တွေရဲ့ အခြေအနေကို ထုတ်ရပါတယ်”ဟု ၎င်းက ပြောသည်။
လက်ရှိ တအာင်းဒေသများတွင် စစ်ပြေးဒုက္ခသည် ရ,၀၀၀ ကျော်ရှိနေပြီး စစ်ပြေးဒုက္ခသည်များ ပိုမိုများပြားလာသဖြင့် အစိုးရက တိုင်းရင်းသားဒေသများတွင် အစိုးရစစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက် မှုများ ချက်ချင်း ရပ်တန့်ရန်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်၍ စစ်မှန်သော ငြိမ်းချမ်းရေး ဆွေးနွေးမှုကို ဦးစားပေးဆောင်ရွက်ရန် အပါအဝင် အချက် ၆ ချက်ကို တောင်းဆိုလိုက်သည်။







