ဘူးသီးတောင်နှင့် ပုဏ္ဏားကျွန်းခြေစိုက် တပ်ရင်းဌာနချုပ် ၂ ခု အပါအဝင် မြို့နယ် ၅ ခုမှ စစ်စခန်းများကို AA ထိုးစစ်ဆင်တိုက်ခိုက်

ဘူးသီးတောင်နှင့် ပုဏ္ဏားကျွန်းခြေစိုက် တပ်ရင်းဌာနချုပ် ၂ ခု အပါအဝင် မြို့နယ် ၅ ခုမှ စစ်စခန်းများကို AA ထိုးစစ်ဆင်တိုက်ခိုက်

ရက္ခိုင့်တပ်တော်(AA)သည် ဘူးသီးတောင်မြို့နှင့် ပုဏ္ဏားကျွန်းမြို့တို့မှ တပ်ရင်းဌာနချုပ် ၂ ခု အပါအဝင်  မြို့နယ် ၅ ခုမှ စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သတင်းရရှိသည်။

လက်ရှိ ထိုးစစ်ဆင် တိုက်ခိုက်နေသော စစ်ကောင်စီ တပ်စခန်းများမှာ ပုဏ္ဏားကျွန်းမြို့မှ ခမရ (၅၅၀) တပ်ရင်းဌာနချုပ်၊ ဘူးသီးတောင်မြို့နယ် သရဖီကျေးရွာရှိ ခမရ ( ၅၅၂) တပ်ရင်းဌာနချုပ်၊ မောင်တောမြို့ မြောက်ဖက်ရှိ ကြိမ်ချောင်း တောကျောင်းစခန်း၊ မင်းပြားမြို့ ကမ်းနီရွာအနီးရှိ စစ်ကောင်စီ ၏ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းနှင့် ရမ်းဗြဲမြို့ သိမ်တောင် စခန်းတို့ ဖြစ်ကြသည်။

ရက္ခိုင့်တပ်တော်၏ ဖေဖော်ဝါရီ ၂၅ ရက် ထုတ်ပြန်ချက်ထဲတွင် “ လက်နက်ချအညံ့မခံသေးသော စခန်းများထဲမှ တစ်ခုဖြစ်သည့် ပုဏ္ဏားကျွန်းမြို့မှ ခမရ (၅၅၀) တပ်ရင်းဌာနချုပ်ကိုလည်း ရက္ခိုင့်တပ်တော်မှ ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်” ဟု ဖော်ပြသည်။

ပုဏ္ဏားကျွန်းမြို့ အခြေစိုက် ခမရ (၅၅၀) တပ်ရင်းဌာနချုပ်သည် AA ၏ ထိုးစစ်အောက်တွင် အကျအဆုံးများနေပြီး အခြေအနေမကောင်းကြောင်း၊ များမကြာမီ လက်နက်ချနိုင်သည့် အခြေအနေရှိကြောင်း ဒေသခံပြည်သူများအပြောအရ သိရသည်။

၎င်းပြင် ဘူးသီးတောင်မြို့နယ်၊ သရဖီကျေးရွာအနီး စစ်ကောင်စီ၏ ခမရ ( ၅၅၂) တပ်ရင်းကိုလည်း ရက္ခိုင့်တပ်တော်မှ ဖေဖော်ဝါရီလ (၂၄) ရက်၊ နံနက် (၈) နာရီ (၃၅) မိနစ်မှ စတင်၍ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်ဟု ဆိုသည်။

အလားတူ “ တပ်မ (၂၂) လက်အောက်ခံ၊ ခမရ (၂၀၁) တပ်ရင်းမှ စခန်းထိုင်သော မောင်တောမြို့မြောက်ဖက်ရှိ ကြိမ်ချောင်း၊ တောကျောင်းစခန်းကိုလည်း ရက္ခိုင့်တပ်တော်မှ ယနေ့ ဖေဖော်ဝါရီလ (၂၅) ရက်၊ နံနက် (၇) နာရီ (၁၄) မိနစ်မှ စတင်ပြီး ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်” ဟု ဖော်ပြထားသည်။

မင်းပြားမြို့နယ် တိုင်းဗဟို(၉) လေ့ကျင့်ရေးသင်တန်းကျောင်းအားလည်း (၈) ရက်မြောက်နေ့ အဖြစ် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်ဟု သိရသည်။

“ ရက္ခိုင့်တပ်တော်အနေဖြင့် သတ်မှတ်ထားသော စစ်ဆင်ရေးပစ်မှတ်အပြင် စစ်ရေးအရ မဖြစ်မနေ ချေမှုန်းရမည့် စခန်းများထဲမှ တစ်ခုဖြစ်သော မင်းပြားမြို့၊ ကမ်းနီရွာအနီးရှိ စစ်ကောင်စီ ၏ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်း ကို ဖေဖော်ဝါရီလ (၂၅) ရက်နေ့တွင် ရက္ခိုင့်တပ်တော်မှ ရှစ်ရက်မြောက် ထိုးစစ်နေ့ အဖြစ် ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်” ဟု ဖော်ပြ ထားသည်။

၎င်း လေ့ကျင့်ရေးသင်တန်းကျောင်းသည် မင်းပြားမြို့ရှိ ရက္ခိုင့်တပ်တော်မှ သိမ်းပိုက်ရန် နောက်ဆုံး ကျန်ရှိနေသေးသော လေ့ကျင့်ရေးသင်တန်းကျောင်းဖြစ်သည်ဟု သိရသည်။

ရမ်းဗြဲမြို့တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး ရက္ခိုင့်တပ်တော်လက်ထဲ မြို့မကျသွားစေရန် စစ်ကောင်စီက ဂျက်တိုက်လေယာဉ်၊ ရဟတ်ယာဉ်များ၊ စစ်ရေယာဉ်ပစ်ကူများဖြင့်  အကြီးအကျယ် ခုခံကာကွယ်နေရသည်ဟု သိရသည်။

ဖေဖော်ဝါရီ ၂၄ ရက်နေ့ကလည်း ရမ်းဗြဲမြို့သို့  ရဟတ်ယာဉ် (၄) စီးဖြင့် (၇) ကြိမ်တိုင်တိုင်  အင်အား (၁၂၀) ခန့်ပါရှိသော စစ်သားများ စစ်ကူချပေးခဲ့သော်လည်း ရက္ခိုင့်တပ်တော်မှ ချေမှုန်း တိုက်ခိုက်မှုကြောင့် စစ်သား ၆၀ ကျော် သေဆုံးကာ လက်နက်အများအပြားကိုလည်း ရက္ခိုင့်တပ်တော်က သိမ်းပိုက်ရရှိခဲ့သည်။

ရမ်းဗြဲမြို့အား စစ်ကောင်စီမှ လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုများကို နေ့တိုင်းပြုလုပ် လျက်ရှိသောကြောင့် ရမ်းဗြဲတစ်မြို့လုံးရှိ လူနေအိမ်၊ တိုက်တာအဆောက်အအုံ၊ ဆေးရုံ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ သာသနိကအဆောက်အအုံများမှာ အားလုံးနီးပါး ပျက်စီးခဲ့ရပြီးဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဆက်လက်ဖော်ပြထားသည်။

ရက္ခိုင်ဒေသအတွင်း၌ ပေါက်တောမြို့ ပြီးလျှင် ရမ်းဗြဲမြို့သည် စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရမှု၊ အပျက်အစီးအများဆုံးမြို့ဖြစ်သည်ဟု သိရသည်။

ဖေဖော်ဝါရီလ (၂၄/၂၅) ရက်နေ့တွင်လည်း ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီ နှင့် ရက္ခိုင့်တပ်တော်တို့၏ တိုက်ပွဲများမှာ ရက္ခိုင်ဒေသ အတွင်း၌ ယခင်ရက်များနည်းတူ ဆက်လက်ရှိနေခဲ့ပြီး ပြင်းထန်လျက်ရှိသည်ဟု ရက္ခိုင့်တပ်တော် စစ်ရေးသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်တွေမြို့ပေါ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်းတစ်ခုမှ စစ်ဘေးရှောင် ပြည်သူအချို့။ / Narinjara
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်ရှိ ရခိုင် စစ်ရှောင်ဒုက္ခသည်စခန်းများသို့ ပြည်တွင်း၊ ပြည်ပ...
September 9, 2026
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ ညောင်ကျိုးနှင့် ပွိုင့် ၆၆၆ ကုန်း...
စစ်အုပ်စုတပ်သားအချို့ / AFP
September 8, 2026
ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ‘၁၀၂၇ စစ်ဆင်ရေး’ ကို အားကျပြီး အတုယူပြုလုပ်သော စစ်အုပ်စုတပ်၏ ‘၄၉၂၆...
ဓာတ်ပုံ - (AA / Crd)
September 7, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် အစပ်ရှိ နေရာအချို့ကို စက်တင်ဘာလ ၇ ရက် ယနေ့...