ထားဝယ်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းမှ ၂ရက်ဆက် ဗုံးကြဲ

ထားဝယ်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းမှ ၂ရက်ဆက် ဗုံးကြဲ

တနင်္သာရီတိုင်း ၊ထားဝယ်မြို့နယ်တွင် ယမန်နေ့ဖေဖော်ဝါရီ ၂၁ ရက်က ဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း စစ်ကောင်စီကားခြောက်စီးပျက်စီးကာ ၁၈ ဦး ထက်မနည်းသေဆုံးခဲ့ပြီး တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်များထံမှ သိရသည်။

ထားဝယ်-ထီးခီးလမ်းအတိုင်းတက်လာသည့် စစ်ကောင်စီယာဉ်တန်းအား တော်လှန်ရေးပူးပေါင်းအဖွဲ့များက ဝကုန်းရွာနှင့် ကျောက်မဲတောင်ရွာကြားတွင်  ယမန်နေ့ နံနက်ပိုင်းမှစတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ညနေပိုင်းအထိ တိုက်ပွဲပြင်းထန်ခဲ့သည်ဟု သိရသည်။

တိုက်ပွဲအတွင်း စစ်ကားခြောက်စီးပျက်စီးကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈ ဦးခန့် သေဆုံးခဲ့ကြောင်း၊ လက်နက်ခဲယမ်းများလည်းသိမ်းဆည်းရမိခဲ့ကြောင်း မြေပြင်မှပြည်သူ့ကာကွယ်ရေးရဲဘော်တဦးကပြောသည်။

“မနေ့က တိုက်ပွဲကတနေကုန်နီးပါး ဖြစ်ပွားခဲ့တာပါ။ စစ်တပ်ဘက်က အင်အား ၃၀၀ လောက်ရှိတယ်။

ကျွန်တော်တို့ တော်လှန်ရေး ရဲဘော်တွေဘက်ကလည်း ထိခိုက်ကျဆုံးမှုအချို့တော့ရှိတယ်”ဟု အထက်ပါ ရဲဘော်ကပြောသည်။

နှစ်ဖက်တိုက်ပွဲပြင်းထန်နေချိန် မွန်းလွဲပိုင်းနှင့် ညနေပိုင်းတို့တွင် စစ်ကောင်စီကMI - 2 ရဟတ်ယာဥ်ဖြင့် ဝကုန်းရွာအနီးတဝိုက်ကို နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးရဲဘော်များထံမှ သိရသည်။

တိုက်ပွဲသည် ယနေ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့အထိ ယင်းနေရာတဝိုက်၌  ဆက်ဖြစ်နေပြီး စစ်ကောင်စီဘက်တွင် အထိအခိုက်အလွန်များပြားကြောင်းတနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးကပြောသည်။ ထို့အပြင် ယနေ့မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် စစ်ကောင်စီက MI -2 ရဟတ်ယာဉ်ဖြင့် ဝကုန်းရွာနှင့် သင်္ကန်းတုံးရွာကြားသို့ ဗုံး ၁၆လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

လေကြောင်းတိုက်ခိုက်မှုများအတွင်း ထိခိုက်မှုများရှိကြောင်း သတင်းရရှိသော်လည်း အသေးစိတ်မသိရှိရသေးကြောင်း ကာကွယ်ရေးရဲဘော်တဦးကပြောသည်။

တိုက်ပွဲအတွင်းထိခိုက်သေဆုံးမှုများနှင့်ပတ်သက်၍ မဇ္စျမအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။စစ်ကောင်စီကလည်း ယနေ့ ညနေအထိ သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

ထားဝယ်မြို့နယ်အတွင်း လတ်တလောဖြစ်ပွားနေသောတိုက်ပွဲများနှင့်ပတ်သက်၍ သတင်းအသေးစိတ်ကို  အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာတော်လှန်ရေးအဖွဲ့များက မကြာမီထုတ်ပြန်လိမ့်မည်ဟု တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူကပြောသည်။

စစ်အုပ်စု တပ်ဖွဲ့ဝင်အချို့ကို တွေ့ရစဉ် / Crd
September 21, 2026
မကွေးမြို့မှ ထွက်ခွာလာသည့် အင်အား ၁,၅၀၀ နီးပါးပါ စစ်အုပ်စုတပ်၏ ယာဉ်တန်းသည် ယောဒေသ၊ လောင်း...
September 19, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုတစ်ခု၏ တပ်စခန်းအား လေကြောင်းမှ...
စစ်အုပ်စုကို အသိအမှတ်မပြုရန် မြန်မာပြည်သူများ လက်မှတ်ရေးထိုးထားသည့် တောင်းဆိုလွှာများ ကို ဂျပန်လွှတ်တော်အမတ်များနှင့် ဂျပန်ရောက် မြန်မာများက ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဌာနသို့ သွားရောက် ပေးအပ်စဉ်။
September 18, 2026
နိုင်ငံကူးလက်မှတ် (ပတ်စပို့) သက်တမ်းကုန်ဆုံးနေသည့် ဂျပန်ရောက် မြန်မာနိုင်ငံသားများအနေဖြင့်...
September 18, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် စစ်မှုထမ်းရန် မဲနှိုက်ရမည်ဟု ဆိုသော်လည်း လက်တွေ့တွင်...