မင်းပြားရှိ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းကို AA က ၀င်တိုက်ပြီ

မင်းပြားရှိ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းကို AA က ၀င်တိုက်ပြီ

ရခိုင်ပြည်နယ်ရှိ စစ်ကောင်စီတပ်ရင်း၊ စစ်စခန်းများကို သိမ်းပိုက် ထားသည့် AA က မင်းပြားရှိ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းကို ထိုးစစ်ဆင်တိုက်ခိုက်‌နေသည်။

ကမ်းနီလေ့ကျင့်ရေးသင်တန်းကျောင်းဟုလည်း ခေါ်ဆိုသည့် တိုင်းဗဟို (၉) လေ့ကျင့်ရေးသင်တန်းကျောင်းမှာ မေလွန်းရွာနှင့် လည်းနီး၍ ၎င်းသင်တန်းကျောင်းကို ဖေဖော်ဝါရီ ၁၇ ရက်၊ နံနက် ၁၀ နာရီ ၄၅ မိနစ်မှစတင်၍ ထိုးစစ်ဆင်တိုက်ခိုက်‌နေသည်ဟု AA က ထုတ်ပြန်သည်။

ထို့အတူ အခြားသောမြို့များရှိ စစ်ကောင်စီ၏တပ်စခန်းများထဲမှ အချို့ကိုလည်း စတင်ထိုးစစ်ဆင် တိုက်ခိုက်‌နေပြီး စစ်ကောင်စီစခန်း များအနေဖြင့် စောစောစီးစီး လက်နက်ချရန် AA က ထပ်မံသတိ ‌ပေးထားသည်။

လိမ္မာပါးနပ်သော စစ်ကောင်စီတပ်မှူးများကြောင့် လက်အောက်ငယ် သားများ အသက်ချမ်းသာရာရသည်ကို ရှမ်းမြောက်တွင်သာမက ရက္ခိုင်ဒေသများတွင် တွေ့မြင်ရ‌ကြောင်း၊ လက်နက်ချအညံ့ မခံ ‌သောစခန်းများကို ထိုးစစ်မစတင်မီ လက်နက်ချအညံ့ခံရန်အသိပေး ထား‌ကြောင်း၊ သို့သော် လက်နက်ချအညံ့မခံသော တပ်မှူးများ ‌ကြောင့် လက်အောက်ငယ်သားများ၏အသက်မှာ မသေသင့်ဘဲ ‌သေဆုံးခဲ့ကြရပြီး မိသားစု၊ ဆွေမျိုးများနှင့် မည်သည့်အခါမှ ပြန်မဆုံနိုင်သောဘဝမျိုးသို့ ရောက်ရှိခဲ့သည်ဟု AA ကဆိုသည်။

ရခိုင်တွင် စစ်ကောင်စီမှာ ခုခံစစ်၊ ခွာစစ်မှ လွဲ၍ ရွေးချယ်စရာမရှိဘဲ အထိုင်စခန်းများကို အသည်းအသန်ခုခံကာကွယ်နေရကြောင်း၊ စစ်ကောင်စီ၏တပ်စခန်းများတွင် အင်အား ၁၀၀ အောက်ရှိသော စခန်းများကို တစ်ပတ်အတွင်း သိမ်းပိုက်ရယူနိုင်သကဲ့သို့ အချို့စခန်းများကိုမူ ရက်ပိုင်းမျှသာ ထိုးစစ်ဆင်တိုက်ခိုက်ခြင်းဖြင့် အလုံးစုံသိမ်းပိုက်ရယူနိုင်ခဲ့သည်ဟု AA ကဆိုသည်။

စစ်ကောင်စီ၏ခုခံစစ်နှင့် တောင့်ခံနိုင်ရည်စွမ်းအားတို့မှာကား တစ်ရက်ပြီးတစ်ရက်ကျဆင်း‌နေရာ တော်လှန်ရေးအဖွဲ့တိုင်းအတွက် မဟာအခွင့်အရေးဖြစ်ပြီး ယင်းကို ဆုပ်ကိုင်ကာ စစ်အာဏာရှင် စနစ်ကို အမြစ်ပြတ်တိုက်ထုတ်ကြရန် နှိုးဆော်တိုက်တွန်း‌ကြောင်း AA က ထုတ်ပြန်သည်။

July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...
July 18, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် ဇူလိုင်လ ၁၇ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့်...
July 18, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းတွင် စုစုပေါင်း မြေအောက်ဆေးရုံ ၁၀...