ကော့ကရိတ်အနီး ကိုးတိုင်လမ်းမပေါ်ရှိ စစ်ကောင်စီတပ် ပြည်သူသယ်လာသည့်ဆန်များကို အဓမ္မသိမ်းယူခဲ့

ကော့ကရိတ်အနီး ကိုးတိုင်လမ်းမပေါ်ရှိ စစ်ကောင်စီတပ် ပြည်သူသယ်လာသည့်ဆန်များကို အဓမ္မသိမ်းယူခဲ့

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီးရှိ ကိုးတိုင်လမ်းပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်ဖွဲ့ ဝင်များသည် ပြည်သူများသယ်ဆောင်လာသည့် ဆန်များနှင့် ဆန်ကွဲများကို အဓမ္မသိမ်းဆည်းမှုများ လုပ်ဆောင်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဖောဖော်ဝါရီလ ၁၃ ရက်နေ့က ကျုံဒိုးမြို့အနီးရှိ ကျေးရွာတွင် စပါးသွားကြိတ်ပြီးနောက် ပြန်သယ်ဆောင်လာသည့် ဒေသခံကားကို ကိုးတိုင်လမ်းပေါ်တွင် တပ်စွဲနေထိုင်သည့် စစ်ကောင်စီတပ်က ကားတားဆီးပြီး ပါလာသည့်ဆန်များကို အတင်းအဓမ္မသိမ်းယူခဲ့ခြင်းဖြစ်သည်ဟု ဆန်သိမ်းခံရသည့် ရွာသားနှင့်နီးစပ်သူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “ဆန်သွားကြိတ်ပြီးပြန်လာတာ ပြန်လာတဲ့အချိန်မှာ ၅ တိုင်(ရေပူ) လမ်းဘေးနားမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကိုတွေ့တော့ ပြန်လို့ရလားမေးတော့ ရတယ်။ ဘာမှမဖြစ်ဘူးပြောတော့ ပြန်သွားတယ်။ ဟိုရောက်တော့ စစ်သားနှစ်ယောက်က ကားတားပြီးစစ်တယ်။ ဖုန်းတွေဘာတွေ သူတို့ စစ်ပြီးတော့ အဲဒီက နှစ်ထပ်အိမ်တစ်လုံးနားမှာ ကားရပ်ခိုင်းပြီး ပါလာတဲ့ဆန်အကုန်ချခိုင်းလိုက်တယ်။ တိုက်အိမ်ထဲမှာ ကြည့်လိုက်တော့ စစ်သားအပြည့်ပဲ။ ”ဟု ကေအိုင်စီသို့ ပြောသည်။

ကားပေါ်ပါလာသည့် ဆန် ၁၁ တင်း၊ ဆန်ကွဲ ၃ တင်းကျော်အပါအဝင် ထမနဲထိုးရန် သယ်ဆောင်လာသည့် ကောင်းညှင်း ၁ တင်းကိုလည်း ထိုစစ်ကောင်စီတပ်၏ သိမ်းယူခြင်းခံလိုက်ရကြောင်း အဆိုပါ ဒေသခံက ဖြည့်စွက်ပြောဆိုသည်။

ကော့ကရိတ်မြို့မှ ကျုံဒိုးမြို့အထိ လမ်းမကြီးဘေးနေရာများတွင် စစ်ကောင်စီတပ်ဖွဲ့များ ကင်းပုန်း ဝပ်နေထိုင်ခြင်းရှိသလို စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့အချို့လည်း အရပ်ဝတ်ဖြင့် ကျေးရွာများတွင် သွားလာ လှည့်ပတ်ထောက်လှမ်းစုံစမ်းမှုများလုပ်ဆောင်လေ့ရှိကြောင်းလည်း ဒေသခံ၏ ပြောဆိုချက်အရ သိရသည်။

အမည်မဖော်လိုသူ အခြားဒေသခံတစ်ဦးကလည်း “ လမ်းဘေးနားမှာ သူတို့လူ နည်းနည်းပဲ အယောင် ဆောင်ပြပြီးနေတယ်။ ရော်ဘာခြံတွေထဲမှာအများကြီး ရှိတယ်။ ငါးတိုင်တို့ဆိုရင်လည်း လမ်းဘေးနား ဇရပ်တွေထဲမှာ တစ်ယောက်စ၊ နှစ်ယောက်စနေပြပြီး အတွင်းမှာ လူအများကြီး။ ကိုးတိုင်လမ်း ဆိုရင် လည်း သူတို့ လမ်းမပိတ်ထားဘူး။ သွားလို့ရတယ်လို့ပဲ ပြောမယ်။ တကယ့်သွားမိရင် ကားတွေကို တားပြီး သူတို့စစ်တာရှိတော့ သတိထားပြီးသွားကြပါ။ လူတွေ သိပ်မသွားတဲ့လမ်းကို မသွားမိစေနဲ့”ဟု ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းက တောင်ကြာအင်းကျေးရွာမှ ကိုးတိုင်လမ်းဆုံအထိ လမ်းပိုင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်ရှိအချိန်အထိ အဆိုပါလမ်းပိုင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဆက်လက်ထိန်းချုပ်ထားနိုင်သော်လည်း ကိုးတိုင်လမ်းဆုံနေရာတွင်မူ စစ်ကောင်စီတပ်များ တပ်စွဲနေထိုင်နေဆဲဖြစ်ကြောင်း ဒေသခံထံမှ သိရသည်။

Photo: KIC (ပုံဟောင်း)

Photo : SHRF
May 20, 2026
ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) ထိန်းချုပ်သည့် ရှမ်း-တရုတ်နယ်စပ်၊...
May 19, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၆)၊ ဒူးပလာယာခရိုင်အတွင်း ကွမ်းသီးခြောက် ဝယ်လိုအားနှင့်...
May 18, 2026
စစ်အုပ်စုသတ်မှတ်ထားသည့် စက်သုံးဆီရောင်းချမှုစနစ်နှင့် မှောင်ခိုလောင်စာဆီဈေးကွက်တွင် ဆီဈေး နှစ်ဆ...
May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...