ပြည်ပသို့ တိမ်းရှောင်ရသည့် ပြည်သူများနှင့် လူငယ်များအား ကူညီကာကွယ်ပေးကြရန် နိုင်ငံတကာကို NUCC တိုက်တွန်း

ပြည်ပသို့ တိမ်းရှောင်ရသည့် ပြည်သူများနှင့် လူငယ်များအား ကူညီကာကွယ်ပေးကြရန် နိုင်ငံတကာကို NUCC တိုက်တွန်း

ပြည်ပနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်ရသည့် ပြည်သူများနှင့် လူငယ်များအား လူသားချင်းစာနာထောက်ထားမှုဖြင့် ကူညီကာကွယ်ပေးကြရန် နိုင်ငံတကာကို တိုက်တွန်းကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က ယမန်နေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ထုတ်ပြန်သည်။

စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်ပြီး တော်လှန်ရေးအင်အားစုများ၊ ပြည်သူလူထု နှင့် နိုင်ငံတကာသို့ တိုက်တွန်းနှိုးဆော်ချက် ထုတ်ပြန်ရာတွင် အထက်ပါအတိုင်း ထည့်သွင်းဖော်ပြထားခြင်း ဖြစ်သည်။

လက်ရှိတွင် စစ်ကောင်စီက ကျူးလွန်သည့် ရာဇဝတ်မှုများကို နိုင်ငံတကာက ထိရောက်စွာ ဟန့်တားအရေးယူနိုင်ခြင်းမရှိသဖြင့် ယခုကဲ့သို့ ပိုမိုပြင်းထန်သောရာဇဝတ်မှုများကို ဆက်လက်ကျူးလွန်လာခြင်းဖြစ်ကြောင်း NUCC က ပြောထားသည်။

အဆိုပါ ပြည်သူ့စစ်မှုထမ်းဥပဒေသည် စစ်ကောင်စီကြောင့်ဖြစ်သော ဒေသတွင်းမတည်ငြိမ်မှုကို ပို၍ ပြင်းထန်ဆိုးရွားစေမည်ဖြစ်သည့်အတွက် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများ၊ ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအစိုးရများအနေဖြင့် အလျင်အမြန်တုံ့ပြန်ရမည်ဖြစ် သည့်အတွက် စစ်ကောင်စီအား ထိရောက်စွာအရေး ယူဆောင်ရွက်ရန်လည်း တိုက်တွန်းသည်။

ထို့ပြင် တော်လှန်ရေးအင်အားစုများအနေဖြင့်လည်း လုံခြုံရေးစည်းကို မကျိုးပေါက်စေဘဲ ထိုအခြေအနေကို အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းနိုင်ရန် အသင့်ပြင်ဆင်ထားရမည်ဖြစ်သည့်အပြင် လူငယ်များ၊ ပြည်သူများအနေဖြင့်လည်း စစ်မှုထမ်းရန် အတင်းအဓမ္မစုဆောင်းမခံလိုလျှင် တော်လှန်ရေးအင်အားစုများနှင့် ချိတ်ဆက်ပြီး လွတ်မြောက်နယ်မြေများသို့ လာရောက်ပူးပေါင်း၍ နွေဦးတော်လှန်ရေးတွင် ပြတ်ပြတ်သားသားပါဝင်ကြရန် တိုက်တွန်းကြောင်းလည်း NUCCက ဆိုထားသည်။

NUCC အနေဖြင့်လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစုများ အပါအဝင် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းပြီး ပြည်သူလူထုနှင့် လူငယ်များအား အကာအကွယ်ပေးနိုင်ရန် လိုအပ်သည့် လုပ်ငန်းစဉ်နှင့် အစီအမံများအား အမြန်ဆုံး ဖော်ဆောင်သွားမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။

ယခင် နအဖ စစ်အစိုးရလက်ထက်က ပြဌာန်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက ယခုလ ၁၀ ရက်နေ့တွင် အသက်သွင်းခဲ့ခြင်းဖြစ်ပြီး အရပ်သားများကို စစ်မှုထမ်းဆောင်ခိုင်းရန် လက်ရှိတွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့အပြင် နေပြည်တော်၊ တိုင်းနှင့်ပြည်နယ် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ ဖွဲ့စည်း ဆောင်ရွက်နေသည်။

ထိုသို့ စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်သွင်းခြင်းသည် ၎င်းတို့ဖန်တီးထားသည့် အထွေထွေအကျပ်အတည်းများကြားတွင် ဒုက္ခပင်လယ်ဝေနေသည့် ပြည်သူလူထုတရပ်လုံးကို ပိုမိုပြင်းထန်စွာ ဖိနှိပ်လိုက်ခြင်းဖြစ်ပြီး ပြည်သူလူထုအား အတင်းအဓမ္မ အစဖျောက်ရန် ကြိုတင်ပြင်ဆင်လာခြင်းဖြစ်ကြောင်း NUCC က ထောက်ပြထားသည်။

ထို့ပြင် တိုင်းပြည်၏ အနာဂတ်ဖြစ်သည့် ကျောင်းသား၊ လူငယ်များအား စစ်မြေပြင်သို့ အတင်းအကျပ်တွန်းပို့ခြင်း၊ လူသားဒိုင်းအဖြစ်အသုံးပြုရန် ကြံစည်ခြင်းဖြစ်ပြီး စစ်ရာဇဝတ်မှုကို ဗြောင်ကျကျ ကျူးလွန်ခြင်းဖြစ်ကြောင်းလည်း ဆိုထားသည်။

May 19, 2026
ပေါ်ထွန်း — စစ်အုပ်စုတပ်သည် မကွေးတိုင်း၊ ဆောမြို့နယ်မှတဆင့် ချင်းပြည်နယ်တောင်ပိုင်း၊...
May 18, 2026
ပါခွီး — ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းသို့ရောက်ရှိလာသည့် စစ်ကြောင်းကို စနိုက်ဘာဖြင့်...
May 16, 2026
မကွေးတိုင်းထဲက နတ်မောက်မြို့နယ်နှင့် မန္တလေးတိုင်းထဲက ရမည်းသင်းမြို့နယ်တို့ ထိစပ်နေသည့်...
May 15, 2026
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ လေးမြို့မြစ်အတွင်း မေလ ၁၂ ရက် ညနေပိုင်းက လူဦးရေအဆမတန်...