မြဝတီ-မဲဆောက်တံတားအမှတ် (၁) ပိတ်မည့်သတင်းကြောင့် ဒေသခံများနှင့် နယ်စပ်တိမ်းရှောင်လာသူများ စိုးရိမ်မှုမြင့်တက်နေ

မြဝတီ-မဲဆောက်တံတားအမှတ် (၁) ပိတ်မည့်သတင်းကြောင့် ဒေသခံများနှင့် နယ်စပ်တိမ်းရှောင်လာသူများ စိုးရိမ်မှုမြင့်တက်နေ

ကရင်ပြည်နယ် နယ်စပ်၊ မြဝတီမြို့တွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်မည့်သတင်း၊ နယ်စပ်တံတား အမှတ်(၁)ပိတ်မည့် သတင်းများကြောင့် မြဝတီမြို့ခံများနှင့် နေရပ်စွန့်ခွာရှောင်တိမ်းအလုပ်လုပ်ကိုင် နေထိုင်သူများ မဲဆောက်မြို့ဘက်သွားလာရှောင်တိမ်းမရဖြစ်မည်ကို စိုးရိမ်မှုမြင့်တက်နေကြောင်း မြို့ခံများက ပြောသည်။

"တံတားပိတ်မှာတော့ သေချာတယ်။ ဒါပေမဲ့ရက်အတိအကျ မသိသေးဘူးနော်၊ ရက်အတိအကျသိရင် ပြန်ပြောပေးမယ်။ တံတားက ပိတ်မယ်လို့တော့ ပြောတယ်။ ရုတ်ရုတ် ရုတ်ရုတ်ဖြစ်နေတယ်လေ၊ ဟို ဘက်ကမ်းမှာလဲ"ဟု မြဝတီမြို့ ထိုင်း-မြန်မာချစ်ကြည်ရေးတံတား အမှတ် ၁ အနီး နေထိုင်သူက ကေအိုင်စီသို့ ပြောသည်။

ထိုသို့နယ်စပ် မြဝတီ-မဲဆောက်တံတား အမှတ်(၁) ပိတ်မည့် သတင်းအပြင် လက်ရှိ ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်သို့ တပတ်နေထိုင်ခွင့် ယာယီပတ်စပို့စ်ဖြင့် နေထိုင်ကူးသန်းသွားလာနေကြသူ များအားသွားလာခွင့်မပြုတော့ဘဲ စစ်ဆေးဖမ်းဆီးမည်ဟု သတင်းများထွက်ပေါ်နေလျက်ရှိသည်။

မဲဆောက်မြို့ဘက်အခြမ်းတွင် မြန်မာရွှေ့ပြောင်း လုပ်သားအရေးလုပ်ဆောင်ကူညီ နေသူ တစ်ဦး ကလည်း" တံတားပိတ်သွားရင်တော့ မြဝတီမြို့မှာရှိတဲ့ ဒေသခံတွေအတွက် ဒုက္ခရောက်သွားနိုင်စရာ အကြောင်းရှိတယ်။ ဘာကြောင့်လဲဆိုတော့ မြဝတီမြို့ဟာ နယ်စပ်မြို့ဖြစ်သလို ထိုင်းနိုင်ငံက စားသုံးကုန် တွေအားလုံးကို မှီခိုနေရတဲ့ မြို့တစ်မြို့ဖြစ်တယ်။ အဲ့ဒီတော့ မြဝတီမြို့ကနေ ထိုင်းကိုလည်း ကူးလို့ မရသလို အောက်ကိုဆင်းဖို့လည်း မလွယ်တာဖြစ်တဲ့အတွက် မြို့ပေါ်မှာ လောင်စာဆီနဲ့တကွပေါ့နော်၊ စားသုံးကုန်တွေ အဆမတန်ကြီးသွားနိုင်တယ် ”ဟု ပြောသည်။

မြဝတီ-မဲဆောက် နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားအမှတ် (၁) ပိတ်မည့်အခြေအနေနှင့်ပတ်သက်ပြီး တံတား တာဝန်ရှိသူများအား ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် ဆက်သွယ် မေးမြန်း၍ မရှိသေးပေ။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၄ ရက်နေ့ကလည်း မြဝတီမြို့ အာရှလမ်းသစ်မြို့အဝင် ဆိုင်းဘုတ်နေရာတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ် ပူးပေါင်း PDF  စစ်ကြောင်း တာဝန်ရှိ သူများလမ်းပိုင်းထိန်းချုပ်စိုးမိုးထားကြောင်း လူမှုကွန်ယက်စာမျက်နှာများပေါ် သတင်းဓါတ်ပုံ များလွှင့်  တင်ထားသည်။ ထိုသို့ လွှင့်တင်ပြီးနောက် မြဝတီမြို့ တိုက်ခိုက်မခံရရေးအတွက် ယခု မြဝတီမြို့တွင် စစ်တပ်နှင့် ၎င်းတို့ လက်အောက်ခံတပ်ဖွဲ့များ ရပ်ကင်း/ပတ်ကင်း လှည့်ပတ်နေပြီး စစ်တပ်ခန့် အုပ်ချုပ်ရေးတာဝန်ရှိသူများက ဧည့်စာရင်းစစ်ဆေးမှုများ အိမ်ထောင်စု စာရင်းကောက်ယူမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။

လက်ရှိ မြဝတီမြို့အခြေအနေနှင့်ပတ်သက်၍ မြဝတီမြို့ခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက “မြို့က တိုက်ပွဲဖြစ်လာမယ်ဆိုရင်တော့ ကော့ကရိတ်မြို့လို ပျက်စီးကုန်မှာပဲ။ စစ်တပ်ကပြန်တိုက်စရာ က လေယာဉ်နဲ့ လက်နက်ကြီးပဲပစ်ချမှာဆိုတော့ လူတွေကတော့ မဲဆောက်ဘက်ပြေး၊ ရွာတွေ ဘက်ပြေး ကြရုံပေါ့။ တံတားကတော့ ပိတ်မယ်သတင်းတော့ ဖြစ်နေတယ်။ အခုထိတော့ မပိတ်သေးပါဘူး။ အခု လက်ရှိ အေးအေးဆေးဆေး ပုံမှန်ပဲသွားလာနေကြတယ် ”ဟု ပြောသည်။

အဆိုပါ အခြေအနေကြောင့် မဲဆောက်မြို့ဘက်တွင်လည်း မြန်မာပြည်က စားသောက်ကုန်များ ဈေး နှုန်းမြင့်တက်မှုရှိနေပြီး စစ်မှုထမ်းရမည့် စစ်တပ်ထုတ်ပြန်ချက်ကြောင့် နေရပ်စွန့်ခွာ ရှောင်တိမ်း လာသူ များနေထိုင်ကြရန် အိမ်ခန်းကြိုတင်ငှားရမ်းရာတွင် အိမ်ခန်းငှားခများ မြင့်တက်လာနေကြောင်း မဲ ဆောက်တွင် နေထိုင်ကြသူများ ပြောစကားအရ သိရသည်။

April 29, 2026
မြဝတီ-မဲဆောက်ကုန်သွယ်ရေးတံတားအမှတ်(၂)ကို ပြန်လည်ဖွင့်လှစ်တော့မည့်သတင်းများ ထွက်ပေါ်လာအပြီး ဧပြီလ...
April 28, 2026
ကရင်ပြည်နယ်၊ ကျုံဒိုးမြို့အခြေစိုက် စစ်အုပ်စုနှင့် DKBA ခွဲထွက် ဗိုလ်ဘိအဖွဲ့က ဂျိုင်းမြစ်နှင့်...
April 27, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ စစ်အုပ်စုဝေါလေဗျူဟာစခန်းကို...
Google Map
April 25, 2026
ထိုင်း-ကရင်နယ်စပ်၊ မြဝတီမြို့နယ်က “ထိုက်ချန်”အမည်ရ အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့်ပတ်သက်ပြီး...