အဓမ္မ စစ်သား စုခံရသော ပြည်သူ့စစ်များ တိုက်ပွဲတွင် ဖမ်းမိ

အဓမ္မ စစ်သား စုခံရသော ပြည်သူ့စစ်များ တိုက်ပွဲတွင် ဖမ်းမိ

ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ပအိုဝ်းပြည်သူ့စစ် (PNA) တပ်ဖွဲ့ဝင် ၂ ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA)၏ တာဝန်ရှိသူ များက ပြောသည်။

ဆီဆိုင်မြို့နယ်၊ လွယ်ပွတ်ကျေးရွာ တိုက်ပွဲတွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပြီး အဓမ္မတပ်သားသစ် စုဆောင်းခံရသည့် ကျေးရွာကော်မတီဝင်များ ဖြစ်သည်ဟု ဆိုသည်။

PNLA ၏ စစ်ဘက်ဆိုင်ရာ ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက “အဲဒီဖြစ်စဉ်က ၆ ရက်နေ့ ညနေပိုင်းက အဲဒီ လွယ်ပွတ်ရွာနားမှာပေါ့။ အဲဒီ PNLA စစ်ကြောင်းကို ချောင်းပစ်တော့ တောင်ပေါ်မှာပေါ့နော်။ တောင်ထိပ်မှာက ဘုရား ရှိတယ်။ သူတို့က အဲဒီ တောင်ပေါ်ကနေပြီး ချောင်းပစ်တော့ ကျနော်တို့က ဝိုင်းပြီးတော့ တက်ရှင်းတယ် ပေါ့။ တက်ရှင်းတော့ ၇ ယောက် ၈ ယောက်လောက်က ထွက်ပြေးသွားတယ်။ လွတ်သွားတယ်ပေါ့နော်။ အဲ တော့ အဲ့ဒီမှာက ၂ ယောက် ကျန်ခဲ့တယ်” ဟု ပြောသည်။

ဖမ်းဆီးခံရသူ ၂ ဦးမှာ ခွန်မောင်လာနှင့် ခွန်မောင်စိန်တို့ ဖြစ်၍ ပြည့်သူ့စစ်ရွေးချယ်ပွဲတွင် မဲပေါက်သူများ ဖြစ်ပြီး စစ်ကောင်စီမှ ပေးအပ်သည့် စစ်သင်တန်း ၁၅ ရက် တက်ဖူးသည်ဟု ဆက်ပြောသည်။

PNLA တာဝန်ရှိသူတစ်ဦးက “အဲဒါ ဖမ်းမိသွားတာပေါ့နော်။ အဲဒီ ကျန်တဲ့ ၂ ယောက်နဲ့အတူ စကားပြောစက် တစ်လုံးရယ် ပြီးတော့ ဒီယာဘ (စိတ်ကြွရူးသွပ်ဆေး) နည်းနည်းရယ်ပေါ့နော်။ ထွက်ပြေးသွားတဲ့ လူတွေက သုံးတာလား၊ သူတို့က သုံးတာလား ဆိုတာ မစစ်ဆေးရသေးဘူးနော်" ဟု ပြောသည်။

လတ်တလောတွင် ၎င်းတို့ ၂ ဦးအား လူ့အခွင့်အရေးနှင့်အညီ ဖမ်းဆီး ထိန်းသိမ်းထားပြီး လိုအပ်သည့် ကျန်းမာ ရေး စောင့်ရှောက်မှုနှင့် အစားအသောက်များ ပေးအပ်ထားသည်ဟု PNLA တာဝန်ရှိသူက ဆက်ပြောသည်။

“ကျနော်တို့ သုံ့ပန်းမှာလည်း သုံ့ပန်း ပေါ်လစီ ရှိပါတယ်။ ဖမ်းမိသမျှ သုံ့ပန်းတွေကို နှိပ်စက်တာတွေ သတ်ဖြတ် တာတွေ လုပ်ခွင့် မရှိဘူးလေ။ ပြီးတော့ သုံ့ပန်းတိုင်းကလည်း သူတို့ အပြစ်ကျူးလွန်နေပါစေ အသက်ရှင်ခွင့် တော့ ရှိတာပေါ့နော်။”

ဇန်နဝါရီလ ၂၃ ရက်နေ့က စတင်သည့် ဆီဆိုင်မြို့တွင်း တိုက်ပွဲမှစပြီး ဖေဖော်ဝါရီလ ၇ ရက်နေ့အထိ ဖမ်းဆီးရမိ သည့် စစ်သုံ့ပန်းဦးရေ ၁၀ ဦးကျော်ရှိပြီဟု PNLA ၏ တာဝန်ရှိသူများက ပြောသည်။

ဖေဖော်ဝါရီလ ၆ ရက်နေ့ကလည်း ဆီဆိုင်မြို့ မြောက်ဘက်တွင် တိုက်ပွဲ ပြင်းထန်ခဲ့ရာ စစ်ကောင်စီနှင့် PNA ပူးပေါင်းတပ်ဘက်က ၆ ဦးသေဆုံးခဲ့ပြီး သေနတ် ၆ လက် သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

ဇန်နဝါရီလ နောက်ဆုံးအပတ်မှစပြီး ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ မြို့နယ်များနှင့် PNA နယ်မြေစိုးမိုးသည့် ဒေသ များတွင် အသက် ၁၈ နှစ် မှ ၄၀ နှစ် အတွင်း အမျိုးသားများအား လူအင်အား အဓမ္မစုဆောင်းနေသည်ဟု ဒေသခံ များကပြောသည်။

Most read this week

May 1, 2024
ကရင်နီပြည်ရှိ တော်လှန်ရေးတပ်ပေါင်းစုများ သိမ်းပိုက်ထားသော မြို့အများစုတွင် မြေမြုပ်မိုင်း...
April 20, 2024
ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများတွင် အချိန်ခါ မဟုတ် မိုးရွာသွန်းမှုကြောင့် နေအိမ်အမိုးအကာများ...
April 6, 2024
တနင်္သာရီတိုင်း ထားဝယ်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး...
April 4, 2024
ရှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့ လေဆိပ်တွင် လေယာဉ် လိုက်ပါစီးနင်းမည့် ခရီးသည်များအား...