လွိုင်ကော် အကျဉ်းထောင်တွင် ရိက္ခာပြတ်

လွိုင်ကော် အကျဉ်းထောင်တွင် ရိက္ခာပြတ်

လွိုင်ကော်အကျဥ်းထောင်ထဲက အကျဥ်းသားများအား စစ်ကောင်စီဘက်မှ ရိက္ခာ မထောက်ပံ့နိုင်တော့သဖြင့် ဆန်ကြမ်းနှင့် ငါးပိပဲ ကျွေးနေသည်ဟု ကရင်နီနိုင်ငံရေး အကျဉ်းသားများအစည်းအရုံး KPPA တာဝန် ရှိသူများက ပြောသည်။

ကရင်နီပြည် လွိုင်ကော်မြို့က အကျဉ်းထောင်တွင်း၌ အကျဉ်းသားများ အားလုံးကို ဆန်ကြမ်းနှင့် ငါးပိကိုသာ နေ့စဉ်ရက်ဆက် ကျွေးနေသည့်အပြင် အကျဉ်းသားများအား နှစ်လနီးပါးအကြာ အခန်းထဲ ပိတ်လှောင်ထားသည် ဟု KPPA က ဆိုသည်။

KPPA ပြန်ကြားရေးတာဝန်ခံ ကိုထားဖိုးက “သူတို့အခြေအနေကတော့ တော်တော်ကြီး ဆိုးဝါးနေတဲ့ အခြေ အနေမျိုး ဖြစ်နေပြီပေါ့နော်။ ဆေးဝါး ရိက္ခာ ပြတ်လပ်မှုတွေက သုံးလလောက်ဝင်လာပြီ ဖြစ်တဲ့အတွက် သူတို့ အတွက် တော်တော်ကြီး ဆိုးဝါးလိမ့်မယ်ဗျ” ဟု ပြောသည်။

လွိုင်ကော်အကျဉ်းထောင်မှ အကျဉ်းသားများအား ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့မှ စတင်၍ ယနေ့အချိန်ထိ အပြင်ထွက်ခွင့်မပေးဘဲ အခန်းထဲတွင် ပိတ်လှောင်ထားသည်ဟု ဆိုသည်။

ထို့ကြောင့် အကျဉ်းသားများမှာ ကိုယ်လက်အင်္ဂါများ ချိနဲ့ခြင်းကဲ့သို့သော ကျန်းမာရေးထိခိုက်မှုများ ဖြစ်နေသည် ဟု KPPA က ဆိုသည်။ ဆက်လက်၍ ပိတ်လှောင်ထားမည်ဆိုပါက အကျဉ်းသားများ၏ ကျန်းမာရေး အခြေအနေများမှာ ပိုမိုဆိုးရွားလာနိုင်သည်ဟု KPPA ပြန်ကြားရေးတာဝန်ခံ ကိုထားဖိုးက ပြောသည်။

လွိုင်ကော် အကျဥ်းထောင်တွင် နှစ်ရှည်ထောင်ဒဏ်ကျခံနေရသော နိုင်ငံရေးအကျဥ်းသားတစ်ဦး၏ မိခင်က လည်း ကျန်းမာရေးအရ ငါးပိစား၍ မရသော သူမ၏သားအတွက် စိတ်ပူနေသည်ဟု ပြောသည်။

“တအားယားတယ် ပြောတယ်။ ဒါပေမယ့် စားရမှာပဲလေ။ သူဘာ သွားစားတော့မလဲ။ အေးလေ အဲ့ဒါပဲ စားရ မှာပဲလေ။ သွားကျွေးချင်လိုက်တာ ဘယ်လိုသွားကျွေးရမလဲ မသိတော့ပါဘူး။ စိတ်ပူတယ်လေ။ သနားတယ် သူတို့ကို။”

တိုက်ပွဲအ‌ခြေအနေကြောင့် ထောင်ဝင်စာ ခွင့်မပြုသည့်အပြင် အကျဉ်းထောင်အတွင်း စိုက်ပျိုးရေးလည်း လုပ်၍ မခွင့် မရတော့သည့် အခြေအနေဖြစ်နေသောကြောင့် အကျဉ်းသားများ၏ စားသောက်ရေးအပြင် ကျန်းမာရေး အတွက်ပါ အထူးစိုးရိမ်နေကြသည်။

ကိုထားဖိုးက “ထောင်ဝင်စာကလည်း မဖွင့်ဘူး။ ဒါကလည်း တစ်ချက် နောက်တစ်ချက်က အခုအခြေနေမှာ တောင်ယာစိုက်ခင်း လုပ်ဖို့အတွက်ကလည်း လုပ်ခွင့်မရတော့ဘူးပေါ့နော်။ အကျဥ်းသားအားလုံးကို အခန်းထဲ မှာပဲ ပိတ်ထားမယ့် အခြေအနေ ဖြစ်တယ်ဆိုတော့ စားနပ်ရိက္ခာရဖို့ အဲ့ဒီတစ်နည်းကလည်း ပိတ်သွားပြီဆိုတော့ အခြေအနေတွေ တအားဆိုးဝါးလိမ့်မယ်” ဟု ပြောသည်။

အလားတူ လွိုင်ကော် အကျဉ်းထောင်တွင်း ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေမှာလည်း လုံလောက်မှုမရှိခဲ့ သည့် အခြေအနေကို ကိုယ်တိုင်ကြုံခဲ့ဖူးပြီးသောကြောင့် တစ်လေးလုံး စစ်ဆင်ရေး ဖြစ်ပွားပြီးနောက် အခြေ အနေမှာ ပိုဆိုးရွားနိုင်သည်ဟု ကိုထားဖိုးက ဆက်ပြောသည်။

“ဆေးဝါးကလည်း ပုံမှန် အခြေအနေမှာလည်း မရရှိခဲ့ဘူး။ လုံလောက်စွာ မရရှိခဲ့ဘူး။ ထိရောက်တဲ့ ကုသမှု လည်း မရရှိခဲ့ဘူး။ အဲ့အတွက် သူတို့ရဲ့ ကျန်းမာရေး အခြေအနေကလည်း အရမ်းဆိုးဝါးလိမ့်မယ်ဗျ။”

လွိုင်ကော်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားနှင့် အကျဉ်းသူ ၁၂ ဦး အပါအဝင် အကျဉ်းသား စုစုပေါင်း ၆၅ ဦး ကို ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် စစ်ကောင်စီမှ ပြန်လည်လွှတ်ပေးခဲ့ရာ အကျဉ်းထောင်အတွင်း၌ လက်ရှိ တွင် အကျဉ်းသား ၄၀၀ ကျော်ခန့် ကျန်ရှိနေသည်ဟု KPPA က ဆိုသည်။

၂၀၂၃၊ နိုဝင်ဘာလ (၁၁) ရက်နေ့က စတင်ခဲ့သော တစ်လေးလုံး စစ်ဆင်ရေး လွိုင်ကော်မြို့သိမ်း တိုက်ပွဲမှာ လက် ရှိအချိန်ထိ ဆက်လက်ဖြစ်ပွားလျှက်ရှိသည့်အပြင် အကျဥ်းထောင် အနီးတစ်ဝိုက်ကို တော်လှန်ရေး တပ်ပေါင်းစု များက ဝိုင်းဝန်းပိတ်ဆို့ထားဆဲဖြစ်သည်ဟု မြေပြင် စစ်ရေးသတင်း အရင်းအမြစ်များက ပြောသည်။

Most read this week

May 1, 2024
ကရင်နီပြည်ရှိ တော်လှန်ရေးတပ်ပေါင်းစုများ သိမ်းပိုက်ထားသော မြို့အများစုတွင် မြေမြုပ်မိုင်း...
April 20, 2024
ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများတွင် အချိန်ခါ မဟုတ် မိုးရွာသွန်းမှုကြောင့် နေအိမ်အမိုးအကာများ...
April 6, 2024
တနင်္သာရီတိုင်း ထားဝယ်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး...
April 4, 2024
ရှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့ လေဆိပ်တွင် လေယာဉ် လိုက်ပါစီးနင်းမည့် ခရီးသည်များအား...