မန္တလေးတွင် ရခိုင်မုန်းတီးရေးစာရွက်များလိုက်ကပ်ပြီး လူမျိုးရေးပဋိပက္ခဖြစ်စေရန် လှုံ့ဆော်

မန္တလေးတွင် ရခိုင်မုန်းတီးရေးစာရွက်များလိုက်ကပ်ပြီး လူမျိုးရေးပဋိပက္ခဖြစ်စေရန် လှုံ့ဆော်
လူမျိုးရေးပဋိပက္ခဖြစ်စေရန် ကပ်သွားသော လှုံ့ဆော်စာများ (Photo CJ)
လူမျိုးရေးပဋိပက္ခဖြစ်စေရန် ကပ်သွားသော လှုံ့ဆော်စာများ (Photo CJ)

မန္တလေးမြို့တွင် ယနေ့နံနက်ပိုင်းက လက်နက်ကိုင်များပါဝင်သော အမည်မသိလူတစုက ရခိုင်မုန်းတီးရေး နှင့် လူမျိုးရေးပဋိပက္ခဖြစ်စေရန်လှုံ့ဆော်သည့်စာများ လိုက်ကပ်သွားကြောင်း ဒေသခံများထံမှ သိရသည်။

“တုတ်၊ ဓား လက်နက်တွေကိုင်ထားတဲ့လူတစုက ကပ်သွားတာပါ။ ဓာတ်တိုင်နဲ့ အုတ်နံရံမှာကပ်ပြီး အေးအေးဆေး ဆေးပဲ ပြန်ထွက်သွားတယ်။ သူတို့ပြန်သွားပြီးတော့မှ လူတွေကသွားကြည့်ပြီး ဖြုတ်ချလိုက်တယ်” ဟု မျက်မြင် တွေ့ရှိခဲ့သည့် ဒေသခံသတင်းရင်းမြစ်တဦးကပြောသည်။

“မန္တလေးမြို့ပေါ်မှာ ရခိုင်ဆိုင်တွေမှန်သမျှ(လုံးဝ လုံးဝ)အလိုမရှိ” ၊ “ရခိုင်ဆိုင်တွေမှန်သမျှ မန္တလေးမြို့ပေါ်ကထွက် သွား” ၊ “ပြည်သူတွေအနေနဲ့ မန္တလေးမြို့ပေါ်က ရခိုင်ဆိုင်စားသောက်ဆိုင်နှင့် အရောင်းဆိုင်တွေကို သွားရောက် ဝယ်ယူခြင်းမပြုရန် သတိပေးတားမြစ်လိုက်သည်” စသည့်လှုံ့ဆော်စာသုံးခုကို ဓာတ်တိုင်နှင့် ခြံစည်းရိုး နံရံများတွင် ကပ်သွားခြင်းဖြစ်သည်။

ယခုကဲ့သို့ ရခိုင်မုန်းတီးရေးနှင့် လူမျိုးရေးပဋိပက္ခဖြစ်စေရန်လှုံ့ဆော်မှုကို  မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့ ခြင်းဆိုသည်ကို မဇ္ဈိမက ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

“တရုတ်နဲ့အဆင်မပြေတော့ တရုတ်မုန်းတီးရေးလုပ်တယ်။ ရှမ်းတောင်က ဆီဆိုင်မှာစစ်ရှုံးတော့ ပအိုဝ်းတိုင်းရင်း သားအချင်းချင်း ရန်တိုက်ပေးတယ်။ အခု ရခိုင်မှာစစ်ရှုံံးနေတော့ ရခိုင်မုန်းတီးရေးတွေ လုပ်လာပြန်တယ်။ ကျွန် တော်တို့လည်း တထိတ်ထိတ် တလန့်လန့်နဲ့ နေ နေရတယ်။ ဘယ်အချိန် ကျွန်တော်တို့ဘက်လှည့်လာမလဲပဲ လန့် နေရတယ်၊ ဒီလိုအောက်တန်းကျတဲ့အလုပ်တွေကို ဘယ်သူဘယ်ဘက်ကလုပ်တယ်ဆိုတော့ လူတိုင်းသိနေတာပဲ လေ” ဟု မန္တလေးမြို့မှ အစ္စလမ်ဘာသာဝင်တဦးက ပြောသည်။

လူမျိုးရေးပဋိပက္ခဖြစ်စေရန် လှုံ့ဆော်သည့်ဖြစ်စဉ်များသည် ပြီးခဲ့သည့်ရက်သတ္တပတ်ကလည်း ရှမ်းပြည်တောင် ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့တွင်ရှိခဲ့ဖူးပြီး စစ်ကောင်စီနှင့်၎င်းတို့ကို အားပေးထောက်ခံသည့် အဖွဲ့အစည်းများက လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)နှင့် အင်းလေးလူထုလှုပ်ရှားမှုအဖွဲ့များက သတင်းထုတ်ပြန်ခဲ့သည်။

“စစ်ရှုံးနေတဲ့စစ်ကောင်စီတပ်ဟာ  လူမျိုးရေးပဋိပက္ခဖန်တီးဖို့ တော်လှန်ရေးတပ်တွေနဲ့ တိုင်းရင်းသားတွေကို ရန် တိုက်ပေးတာတွေရှိနေတယ်”ဟု အင်းလေးအမျိုးသမီးသမဂ္ဂမှ ပြောရေးဆိုခွင့်ရှိသူတဦးက မဇ္စျိမကိုပြောကြား သည်။

စစ်မျက်နှာအသီးသီး၌ စစ်ရှုံးနေသည့်စစ်ကောင်စီသည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် စစ်ရှုံးနေချိန် ရခိုင်မုန်းတီး ရေးနှင့် လူမျိုးရေးပဋိပက္ခဖြစ်စေရန် လှုံ့ဆော်ခြင်းများအား၊ ၎င်း၏ဝါဒဖြန့်ချိရေး တယ်လီဂရမ်ချန်နယ်များတွင် အဆက်မပြတ်ပြုလုပ်နေသည်။

July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...
July 18, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် ဇူလိုင်လ ၁၇ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့်...
July 18, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းတွင် စုစုပေါင်း မြေအောက်ဆေးရုံ ၁၀...