အရွယ်ရောက်ပြီးသူ နိုင်ငံသားတိုင်း စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်း ဥပဒေကို စစ်ကောင်စီ အသက်သွင်း

အရွယ်ရောက်ပြီးသူ နိုင်ငံသားတိုင်း စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်း ဥပဒေကို စစ်ကောင်စီ အသက်သွင်း

မြန်မာနိုင်ငံရှိ အသက်အရွယ်ရောက်သူ အမျိုးသားအမျိုးသမီးတိုင်း စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်း ဥပဒေကို ယနေ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှစတင်၍ အမိန့်အာဏာတည်စေပြီဖြစ်ကြောင်း စစ်ကောင်စီထိန်းချုပ်ထားသော မြဝတီရုပ်မြန်သံကြားမှ ယနေ့ ည ၈ နာရီသတင်းတွင် ကြေညာသည်။

အဆိုပါ အမိန့်ကြေညာစာကို အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်မှတ်ထိုးထားပြီး လိုအပ်သည့် နည်းဥပဒေများ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြေညာစာနှင့် အမိန့်ညွှန်ကြားချက်များကို စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးဌာနမှ ဆက်လက်ထုတ်ပြန်ပေးသွားမည်ဟု ဆိုသည်။

"ပြည်သူ့စစ်မှုထမ်းဥပဒေ" ဟုခေါ်ဆိုသည့် အဆိုပါဥပဒေတွင် အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား၊ ကျွမ်းကျင်သူ အမျိုးသားဖြစ်ပါက အသက် ၁၈ နှစ်မှ ၄၅ နှစ်ကြား၊ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ်မှ ၂၇ နှစ်ကြား၊ ကျွမ်းကျင်သူ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား စစ်မှုထမ်းဆောင် ရမည်ဖြစ်ကြောင်း ပြဌာန်းထားသည်။

ကျွမ်းကျင်သူဆိုသည်မှာ ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာတက်မြောက်သူ သို့မဟုတ် အခြား အတတ်ပညာ တရပ်ရပ်ဖြင့် အသက်မွေးဝမ်းကျောင်း နေသူများကို ဆိုလိုခြင်းဖြစ်ကြောင်း ဥပဒေကဆိုသည်။

စစ်မှုထမ်းရန် ကင်းလွတ်ခွင့်ရသူများမှာ သာသနာ့ဝန်ထမ်းများ၊ အိမ်ထောင်သည်အမျိုးသမီးများ (အိမ်ထောင်ပျက်သော်လည်း သားသမီးရှိသူ အမျိုးသမီးလည်း ပါဝင်သည်)၊ ကိုယ်လက်အင်္ဂါတခုခု အမြဲတမ်း မသန်စွမ်းသူများ၊ တပ်မတော်ဆေးစစ်ဆေးရေးဘုတ်အဖွဲ့က ပြည်သူ့စစ်မှုထမ်းရန် အမြဲတမ်း မသင့်လျော်သူ ဖြစ်ကြောင်း သတ်မှတ် ထားသူများနှင့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က အမိန့်ထုတ်ပြန်၍ ကင်းလွတ်ခွင့်ပြုထားသူများပါဝင်သည်။

ပြည်သူ့စစ်မှုထမ်းကာလကို အသက်အရွယ်ရောက်ရှိသော နိုင်ငံသားတိုင်း ၂၄ လထက်မပိုသော ကာလ၊ အသက်အရွယ်ရောက်ရှိသော နိုင်ငံသားများအနက် တပ်မတော် စက်မှုလက်မှု ပညာသည်များအဖြစ် အမှုထမ်းရန် ဆင့်ခေါ်ခြင်း ခံရသူများမှာမူ ၃၆ လထက်မပိုသော ကာလဟူ၍ပြဌာန်းထားသည်။ သို့သော် နိုင်ငံတော် အရေးပေါ် အခြေအနေဖြစ်ပေါ်လျှင် အစိုးရအဖွဲ့သည် ပြည်သူ့စစ်မှုထမ်းရန် ကာလကို ငါးနှစ်အထိ တိုးမြှင့် သတ်မှတ်နိုင်သည်ဟုလည်း ဥပဒေပြဌာန်းချက်က ဆိုသည်။

စစ်မှုထမ်းရန် ဆင့်ခေါ်ချက်ကို ခိုင်လုံသောအကြောင်းပြချက်မရှိဘဲ ပျက်ကွက်ပါက ထိုသူအား သုံးနှစ်ထက်မပို သော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟုလည်း ပြဌာန်းထားသည်။

ထို့ပြင် စစ်မှုထမ်းဆောင်ခြင်းမှ တိမ်းရှောင်လွဲဖယ်လိုသည့်အကြံဖြင့် မသန်မစွမ်းဟန်ဆောင်ခြင်း၊ မိမိကိုယ်ကို ရောဂါစွဲကပ်စေရန်လည်းကောင်း၊ မသန်မစွမ်း ဖြစ်စေရန်လည်းကောင်း ပြုလုပ်ခြင်းစသည်တို့ကျူးလွန်ပါက ငါးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်မည်ဟု ဥပဒေကဆိုသည်။

စစ်ကောင်စီသည် စစ်အာဏာသိမ်းပြီးနောက် နိုင်ငံနှင့်အဝှမ်း စစ်မျက်နှာဖွင့်ထားရပြီး တော်လှန်ရေး တပ်ဖွဲ့များ၏ စခန်းသိမ်းခြင်း၊ မြို့သိမ်းခြင်းများ ကြုံတွေ့လာရချိန်တွင် ယခုကဲ့သို့ ပြည်သူ့စစ်မှုထမ်းဥပဒေကို အမိန့်အာဏာတည်စေကြောင်း ထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၃ နှစ်ကုန်ပိုင်းမှစတင်၍ ရှမ်းပြည်နယ်မြောက်ပိုင်းမှစတင်ကာ နိုင်ငံအဝှမ်း ပျံ့နှံံ့ လာခဲ့သောစစ်မီးအရှိန်သည် စစ်ကောင်စီကို စစ်အင်အားပြုန်းတီးစေမှုဖြစ်ပေါ်နေစေသောကြောင့် စစ်ကောင်စီမှရသည့် နည်းဖြင့် အင်အားစုဆောင်းနေချိန်ဖြစ်ကြောင်းလည်း နိုင်ငံရေးစစ်ရေးလေ့လာသူတို့က သုံးသပ်ပြောဆိုထားကြသည်။

March 11, 2026
မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော...
March 10, 2026
ဇာမဏီလင်းမောင် — မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် ဖယ်ထုတ်၍မရသည့် လူထုခေါင်းဆောင်...
March 9, 2026
ပါခွီး — ကချင် ၊ ချင်းနှင့် ရခိုင်ပြည်နယ်များသို့ ပို့မည့် စက်သုံးဆီများ NUG၏ တိုင်း/ ဖက်ဒရယ်...
၂၀၂၅ မေလ တွင် ဗန်းမော်မှ ရွှေကူမြို့၌ ဆင်းသက်သည့် ရဟတ်ယာဉ်ကို KIA တပ်က တိုက်ခိုက်သဖြင့် ရဟတ်ယာဉ်လေဒလက်အနီး ပေါက်ကွဲမှုဖြစ်ခဲ့ပုံ။ (Kachin Sub State Media)
March 7, 2026
ဂျူချန်း — တိုက်ပွဲဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် Mi17 ရဟတ်ယာဉ်တစီး ပစ်ခတ်ခံရကာ...