တော်လှန်ရေးကို ရခိုင်လူမျိုးအတွက် ဆိုသည်ထက် အခြားတိုင်းရင်းသားများ၏ ဒုက္ခများကို နားလည်ပြီး လုပ်ကိုင်ရမည်ဟု AA စစ်ဦးစီးချုပ် ပြော

တော်လှန်ရေးကို ရခိုင်လူမျိုးအတွက် ဆိုသည်ထက် အခြားတိုင်းရင်းသားများ၏ ဒုက္ခများကို နားလည်ပြီး လုပ်ကိုင်ရမည်ဟု AA စစ်ဦးစီးချုပ် ပြော

ရခိုင်လူမျိုးများအတွက် ရက္ခိတအိမ်မက်ရှိသော်လည်း တော်လှန်ရေးကို အခြားတိုင်းရင်းသားများ၏ ဒုက္ခကို နားလည်ပြီး လုပ်ကိုင်ရမည်ဟု AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က BBC နှင့် အင်တာဗျုးတွင် ‌ပြောသည်။

"ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံမှာရှိတဲ့ အဖိနှိပ်ခံတိုင်းရင်းသား ညီအစ်ကိုတွေနဲ့ ကျွန်တော်တို့ ကံတရားဟာ အကုန်လုံး အပြန်အလှန် ဆက်စပ်နေပါတယ်။ကျွန်တော်တို့က ရခိုင် တခုတည်းအတွက် ရခိုင်အမျိုးသားတော်လှန်ရေး ရခိုင်တခု တည်းအတွက်ဆိုပြီးမှ သီခြားကွက်လုပ်လို့တော့ မရပါဘူး။ ကျွန်တော်တို့မှာ ရခိုင်အမျိုးသားရေးဆိုင်ရာ ရက္ခိတအိပ်မက် ဆိုတာရှိပေမဲ့ ဒီဘက်မှာ ကျွန်တော်တို့ရဲ့ တိုင်းရင်းသားညီအစ်ကို ‌တွေ၊ နောက်ပြီးမှ မြန်မာနိုင်ငံ အလယ်ပိုင်းမှာ နေထိုင်ကြတဲ့ ဗမာအမျိုးသားတွေပေါ့။ စစ်အာဏာရှင်အောက်မှာ ဒုက္ခခံနေရတဲ့ ဗမာအမျိုးသားတွေ အတွက်ရော ကျွန်တော်တို့က ကျယ်ကျယ် ပြန့်ပြန့် စဉ်းစားပြီးမှ အလုပ်လုပ်ဖို့လိုတယ်ဆိုတာကို ကျွန်တော်တို့ ကြိုးစားရင်းနဲ့ ပိုပြီးလက်တွေ့ကျကျ နားလည်လာတယ်။ ဒါကြောင့် ကျွန်တော် တို့က ရခိုင်ဒေသတခုတည်းကို ကွက်ပြီးမှ စဉ်းစာ းနေလို့တော့ မရဘူး။ ကျွန်တော်တို့ ရက္ခိတလမ်းစဉ်က ရက္ခိတ လမ်းစဉ် ရည်မှန်းချက်နဲ့ ကျွန်တော်တို့ စတင်ခဲ့တာ ဖြစ်တယ်။

‌နောက်ပိုင်းမှာတော့ ကျွန်တော်တို့ ရက္ခိတလမ်းစဉ်နဲ့ ဆက်စပ်ပြီးမှ လူမျိုးပေါင်းစုံလွတ်မြောက်ရေး၊ လူမျိုးပေါင်းစုံ ကြီးငယ်မခွဲခြားဘဲ တန်းတူမျှတစွာ အခွင့်အရေးတွေ ရရှိရေး၊ နောက် လူမျိုးစုအလိုက် ‌ပေါ့လေ အကုန်လုံးစည်းလုံးညီညွတ်ပြီး ငြိမ်းချမ်းဖို့ လိုတယ်။ အဲဒီလို ငြိမ်းချမ်းပြီးမှပဲ တိုးတက်မယ်။ ဒါကတော့ လူမျိုးစုအလိုက် ကျွန်တော်ပြောတာ ဖြစ်တယ်။ နောက်တခုကတော့ နိုင်ငံသား တိုင်းပေါ့။ တချို့ကတော့ တိုင်းရင်းသားစာရင်းမှာမပါတဲ့ နိုင်ငံသား ‌တွေလည်း ရှိတယ်။ ဆိုတော့ ဒီနိုင်ငံသားတွေအတွက်လည်းပဲ သူ့ရဲ့ နိုင်ငံသားတယောက်ရဲ့အခွင့်အရေးနဲ့ တာဝန်ဆိုတာကို ပိုပြီးမှ ပီပြင်အောင် အဓိပ္ပာယ်ဖွင့်ဆိုပြီးမှ ဒီဟာတွေကို စနစ်တကျနဲ့ တည်ဆောက်ပြီး အားလုံးအတွက် ကောင်းတဲ့အနာဂတ်ကို ကျွန်တော်တို့ ပုံဖော်ရမယ်လို့ နားလည်ထားပါတယ် " ဟု AA စစ်ဦးစီးချုပ်က ‌ပြောသည်။

မြန်မာနိုင်ငံ၏ အနာဂတ်ကို စည်းစည်းလုံးလုံးနှင့် ပုံဖော်တည်‌ ‌ဆောက်မည်ဖြစ်ပြီး လွတ်လပ်ရေး‌ကြေညာမည်ဟု ‌ပြောကြားခြင်း မရှိဟု ၎င်းက‌ပြောသည်။

"ဒီအချိန်မှာတော့ ကျွန်တော်တို့ လွတ်လပ်ရေးကြေညာမယ်လို့ အရင်ကလည်း မပြောခဲ့ပါဘူး။ အခုလည်း ဒီလိုမျိုးကြေညာဖို့ ကျွန်တော်တို့မှာ အစီအစဉ်တော့ မရှိသေးပါဘူး။ သို့သော်လည်းပဲ မြန်မာနိုင်ငံမှာ အရင်နှစ်ပေါင်း ၇၀ အတွင်းမှာ ဗမာစစ်တပ်က ဦးဆောင်ပြီးမှ တခြားသော ပုံမှန်ယူဆထားတဲ့လမ်းကြောင်းအတိုင်း သွားရင်တော့ ကျွန်တော်တို့ လိုချင်တဲ့ အတိုင်းအတာကိုမပြည့်မီဘူး ဆိုတာကိုတော့ ကျွန်တော်တို့ သိထားတယ်။အဲဒါကြောင့်မို့လို့လည်း အရင် ကျွန်တော့်ကို မေးတဲ့အချိန်တိုင်းမှာလည်း ကျွန်တော် ပြန်ဖြေဖူးပါတယ်။ ကျွန်တော်တို့ကတော့ အတူတကွ စည်းစည်း လုံးလုံး အနာဂတ်ကို တည်ဆောက်ချင်တယ်။ သို့သော်လည်းပဲ ကျွန်တော်တို့လိုချင်တဲ့ ကျွန်တော်တို့ရသင့်တဲ့အတိုင်းအတာကို မရဘူးဆိုရင်တော့ တခြားသော စဉ်းစားမှုတွေလည်း ရှိလာ နိုင်တယ်ပေါ့ " ဟု AA စစ်ဦးစီးချုပ်က ‌ပြောသည်။

ယခင်အာဏာရပါတီ NLD နှင့်ဆက်ဆံရေးတွင် အဖုအထစ်များရှိ ခဲ့ပြီး NLD ကို ဆက်ခံသူဟု ဆိုနိုင်သည့် အမျိုးသား ညီညွတ်ရေး အစိုးရ NUG နှင့် ဆက်ဆံရေးနှင့်ပတ်သက်ပြီး တိုင်းပြည်အကျိုး အတွက် ကူညီသင့်သည့်အရာများကို ကူညီနေသည်ဟု ၎င်းက ‌ပြောသည်။

"ကျွန်တော်တို့ကတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအဝိုင်းအဝန်းထဲမှာ အရေးကြီးတဲ့ Stakeholder (သက်ဆိုင်သည့်အဖွဲ့) အနေနဲ့ ဘယ်သူ့ကိုဘယ်လို ဆက်ဆံရမယ်ဆိုတာကိုတော့ ကျွန်တော်တို့ ကောင်းကောင်း နားလည်ပါတယ်။ အရေးကြီးတဲ့ အသိုင်းအဝိုင်း ဆိုရင် အရေးကြီးသလိုမျိုး။ ပြီးတော့ ကျွန်တော်တို့ အရင်တုန်း ကတော့ ရန်သူလိုမျိုး၊ အဖုအထစ်မကဘူးပေါ့နော် ရန်သူလိုမျိုး ဖြစ်ခဲ့ပေမဲ့ အမြဲတမ်းရန်သူ အမြဲတမ်းမိတ်ဆွေဆိုတာလည်း မရှိနိုင်ပါဘူး။ ကျွန်တော်တို့က အမြဲတမ်းမိတ်ဆွေတွေကို စိတ်စေတနာအမှန်နဲ့ ရှာဖွေပါတယ်။ တိုင်းပြည်အတွက် အရေးကြီးတဲ့လူတွေကို ကျွန်တော်တို့က တိုင်းပြည်အကျိုးကို ရှေးရှုပြီးမှ ကူညီသင့်တာ ကူညီမယ်၊ လုပ်သင့်တာကိုလုပ်မယ်ဆိုတဲ့ သဘောထား ရှိပါတယ် " ဟု AA စစ်ဦးစီးချုပ်က ‌ပြောသည်။

တိုင်းပြည်တွင် ပြည်သူများလွတ်‌မြောက်ရန် တော်လှန်ရေးတရပ် ဆင်နွှဲရမည်မှာ လုပ်ကိုလုပ်ရမည့်အရာဖြစ်ပြီး အိမ်နီးချင်းတိုင်းပြည် များနှင့်လည်း ထိပ်တိုက်မတိုးစေရန်နှင့် မိမိရည်မှန်းချက်များ ပြီး‌မြောက်အောင် ဆောင်ရွက်ရမည်ဟု စစ်ဦးစီးချုပ်က သုံးသပ်သည်။

"ကျွန်တော်တို့ မြန်မာပြည်သူတွေအနေနဲ့ ဆိုရင်တော့ ဒီစစ်အာဏာရှင်အောက်က လွတ်မြောက်ပြီးမှပဲ ကျွန်တော်တို့ပြည်သူတွေရဲ့ကောင်းမွန်တဲ့အနာဂတ်ကို တည်ဆောက်နိုင်မယ့်၊ ငြိမ်းချမ်းနိုင်မယ့် အနေအထားရှိတယ်။ ဆိုတော့ မြန်မာနိုင်ငံ ‌မြောက်ပိုင်းနဲ့ တရုတ်မြန်မာနယ်စပ်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေ ကျတော့ တရုတ်နိုင်ငံနဲ့ နယ်စပ်လုံခြုံရေးအတွက်တိုက်ရိုက် သက်ရောက်မှုလည်း ရှိနေတယ်။ အဲဒီအချိန်မှာသူတို့ဘက်ကလည်း ဖိဖိစီးစီးနဲ့ ပြင်းပြင်းထန်ထန်ပြောဆိုတာတွေတော့ ရှိတာပေါ့။ ဒါကတော့ ကျွန်တော်တို့ နားလည်ပါတယ်။ သူ့ရဲ့ နိုင်ငံသားတွေရဲ့ အကျိုး၊ လုံခြုံရေးနဲ့ နိုင်ငံအကျိုးစီးပွားနဲ့ အရမ်းနီးကပ်နေတယ်။ သူကတော့ တစ်ပြည်လုံးအတိုင်းအတာနဲ့ ငြိမ်းချမ်းသွားဖို့တော့ လိုချင်မှာပဲ။ သို့သော် ကျွန်တော်တို့ကလည်း ကိုယ့်တိုင်းပြည် အတွက် ကိုယ့်မှာလိုအပ်တဲ့အလုပ်ကို လုပ်သင့်တဲ့ပုံစံမျိုးနဲ့ သူများတွေနဲ့ ထိပ်တိုက်မတိုးအောင်၊ ကိုယ့်အလုပ်လည်း ပြီးမြောက် ‌အောင်လို့ နည်းလမ်းတွေရှာပြီးမှ ကြိုးစားရတာပေါ့ဗျာ" ဟု AA စစ်ဦးစီးချုပ်က ‌ပြောသည်။

Most read this week

May 3, 2024
စာနယ်ဇင်းလွတ်လပ်ခွင့်သည် ပြည်သူများ၏ သတင်းအချက်အလက် သိပိုင်ခွင့်နှင့် စဉ်းစားဆင်ခြင်...
May 2, 2024
အမျိုးသားများ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ခွင့်ကို စစ်ကောင်စီမှ...
March 4, 2024
ရခိုင်ပြည်နယ်တွင် အပစ်အခတ်ရပ်စဲရန်ဆွေးနွေးခြင်းမရှိကြောင်း ရက္ခိုင့်တပ်တော်(AA)၏...
February 23, 2024
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် အားကစားရုံအတွင်း စစ်ကောင်စီတပ်ဖွဲ့ နှင့် ရဲတပ်ဖွဲ့တို့ အစည်းအဝေး...