ဦးအောင်သောင်း၏ မဲဆန္ဒနယ် တောင်သာတွင် ဝင်ပြိုင်ရန် မြင်းခြံအမတ်ကို ဦးရွှေမန်း ညွှန်ကြားထားဟုဆို

ဦးအောင်သောင်း၏ မဲဆန္ဒနယ် တောင်သာတွင် ဝင်ပြိုင်ရန် မြင်းခြံအမတ်ကို ဦးရွှေမန်း ညွှန်ကြားထားဟုဆို
by -
မဇ္ဈိမ
စင်္ကာပူနိုင်ငံတွင် ဆေးကုသမှုခံယူနေရသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟို အတိုင်ပင်ခံ ဦးအောင်သောင်း၏ မဲဆန္ဒနယ်ဖြစ်သော တောင်သာမြို့နယ်မှ လာမည့်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပါတီဥက္ကဌနှင့် အထွေထွေအတွင်းရေးမှူးတို့က တာဝန်ပေးထားသည်ဟု ကာယကံရှင်ဖြစ်သော ပါတီ၏ ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် ဦးဝင်းမြင့်က ပြောသည်။

ပါတီ၏ တာဝန်ပေးမှုအပေါ် ၎င်းအနေဖြင့်လည်း လက်ခံသဘောတူသည်ဟု ဦးဝင်းမြင့်က နိုဝင်ဘာ ၁၄ ရက်ကပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီးတွင် သတင်းထောက်များကို ပြောသည်။

ဦးဝင်းမြင့်က “ရှစ်ရက်နေ့ညက အဘ(ဦးအောင်သောင်း)က ရုတ်တရက် မကျန်းမမာဖြစ်တဲ့ အခါကျတော့ ကျွန်တာ်တို့ ပါတီ ဥက္ကဌကြီးနဲ့ စီအီးစီ အထွေထွေ အတွင်းရေးမှူးကနေပြီးတော့ မူလ အဘနေရာ လျာထားတဲ့ ပြည်သူ့လွှတ််တော်နေရာကို တာဝန်ပေးတဲ့အတွက် ကျွန်တော်က တောင်သာ မဲဆန္ဒနယ်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် လျာထားတဲ့အကြောင်း ကျွန်တော့်ကို ပါတီကခေါ်ပြီး ပြောပါတယ်”ဟု ဆိုသည်။

လက်ရှိတွင် မြင်းခြံမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ်ဖြစ်သူ ဦးဝင်းမြင့်မှာ တောင်သာမြို့နယ်၊ ဝဲလောင်ရွာ ဇာတိဖြစ်သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်း စာရင်းကို မကြာခင်ရက်ပိုင်းအတွင်း အတည်ပြုသွားမည်ဖြစ်ပြီး သက်ဆိုင်ရာ ဒေသကလက်ခံမည့် လူမျိုးကိုသာ ကိုယ်စားလှယ်လောင်းအဖြစ် ဦးစားပေးရွေးချယ်မည်ဟု ပါတီ၏ တရားဝင် ဝက်ဆိုက်ဒ် တွင် ဇူလိုင် ၁၃ရက်ညတွင် ဖော်ပြထားသည်။

ပါတီ၏ ဒုတိယဥက္ကဌ ဦးဌေးဦးက  “ဘယ်သူမဆို ပါတီလုပ်ငန်းစဉ်ကိုယုံတယ်၊ နိုင်အောင်လည်း လုပ်နိုင်တယ်လို့ ယုံကြည် တယ်ဆိုရင် သူတို့ အကုန်လုံးကို လက်ခံဖို့ စဉ်းစားမယ်။ ဒါပေမယ့် မဲဆန္ဒနယ်မှာ တစ်ယောက်ပဲ ၀င်လို့ရမယ်”ဟု ပြောသည်။

အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ရက်တွင် ပြုလုပ်မည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထား ပြီးနိုင်ငံရေး ပါတီများအနေဖြင့် ကိုယ်စားလှယ်လောင်းစာရင်းကို ဩဂုတ်လ ၈ရက်တွင် နောက်ဆုံးထားပြီး ကော်မရှင်သို့ ပေးပို့ရမည်ဖြစ်သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသို့ ကိုယ်စားလှယ်လောင်းအဖြစ် တပ်မတော်မှ ကိုယ်စားလှယ်လောင်းစာရင်း ၁၄၀ ကျော်ပေးထားရာ ယာယီစာရင်းအရ ၅၇ဦး ရွေးချယ်ထားပြီး ထပ်မံလျှော့ချဖွယ်ရှိကြောင်း၊ အစိုးရအဖွဲ့က ၅၀ကျော် စာရင်းပေးထားပြီး ၄၀ ကျော်သာ လက်ခံထားကြောင်း ပါတီ၏ ဝက်ဆိုက်ဒ်တွင် ရေးသားထားသည်။

“တပ်က စာရင်းပေးတိုင်း၊ အစိုးရအဖွဲ့က စာရင်းပေးတိုင်း ပါတီက လက်မခံပါဘူး။ ဒေသက လက်ခံနိုင်မယ့်လူ ဖြစ်မှသာ လက်ခံမှာပါ။ လက်မခံနိုင်တဲ့သူတွေကိုလဲ စာရင်းပြန်ပို့ပါတယ်” ဟု ပါတီ၏ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်း ၏ပြောဆိုချက်ကို ကိုးကားပြီး ဝက်ဆိုက်ဒ်တွင် ဖော်ပြထားသေးသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...