ဇန်နဝါရီလအတွင်း စစ်ကောင်စီကြောင့် အမျိုးသမီး ၅၉ ဦးသေဆုံးပြီး ၁၀ ဦးဖမ်းဆီးခံရ

ဇန်နဝါရီလအတွင်း စစ်ကောင်စီကြောင့် အမျိုးသမီး ၅၉ ဦးသေဆုံးပြီး ၁၀ ဦးဖမ်းဆီးခံရ
စစ်ကိုင်းတိုင်းရှိ စစ်ဘေးရှောင် အမျိုးသမီးအချို့အား ဇန်နဝါရီလအတွင်းက တွေ့ရစဥ်
စစ်ကိုင်းတိုင်းရှိ စစ်ဘေးရှောင် အမျိုးသမီးအချို့အား ဇန်နဝါရီလအတွင်းက တွေ့ရစဥ်

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ၂၆ ရက်နေ့အတွင်း စစ်ကောင်စီတပ်ကြောင့် အမျိုးသမီး ၅၉ ဦးသေဆုံးခဲ့ပြီး ၁၀ ဦးဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ယမန်နေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ထုတ်ပြန်သည်။

အဆိုပါ အမျိုးသမီးများသည် စစ်ကောင်စီတပ်၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း၊ သေနတ်ဖြင့် ပစ်သတ်ခြင်းတို့ကြောင့် အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်ပြီး ဖမ်းဆီးထိန်းသိမ်းခံရပြီး ထောင်တွင်း၌ သေဆုံးသူ နှစ်ဦး၊ ဖမ်းဆီးစဉ်သေဆုံး၍ မီးရှို့ခံရသူတဦးတို့ လည်း ပါဝင်ကြောင်း BWU ကဖော်ပြထားသည်။

အဆိုပါကာလအတွင်း သေဆုံးခဲ့ရသူများတွင် စစ်ကိုင်းတိုင်းဒေသကြီးမှ ၂၁ ဦးဖြင့် အများဆုံးဖြစ်ပြီး ရခိုင်ပြည်နယ်တွင် ၁၅ ဦးဖြင့် ဒုတိယအများဆုံးဖြစ်ကြောင်းလည်း ဆိုထားသည်။

ထို့ပြင် ဇန်နဝါရီလအတွင်း မန္တလေး၊ ရန်ကုန်၊ မကွေး၊ တနင်္သာရီ၊ ရှမ်း၊ မွန် စသည့်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှ အမျိုးသမီး ၁၀ ဦးလည်း ဖမ်းဆီးခံခဲ့ရကြောင်း BWU က ထုတ်ပြန်ချက်တွင် ပါရှိသည်။

၎င်းတို့အား လူမှုကွန်ရက်စာမျက်နှာတွင် သတင်းမှားများ ရေးသားဖော်ပြကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH နှင့် တော်လှန်ရေးတပ်ဖွဲ့များကို ထောက်ပံ့မှုများ ပြုလုပ်ကြောင်း စွပ်စွဲချက်များဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းကာလအတွင်း အမျိုးသမီး သေဆုံးရမှုများ၊ ဖမ်းဆီးထိန်းသိမ်းခံရမှုများမှာ တနှစ်ထက် တနှစ်၊ တလထက် တလ အရေအတွက် ပိုမိုများပြားလာကြောင်း မြန်မာ့အမျိုးသမီး သမဂ္ဂ BWU တာဝန်ရှိသူတဦးက ဇန်နဝါရီလအစောပိုင်းတွင် မဇ္စျိမကို ဖြေဆိုထားသည်။

အာဏာသိမ်းကာလအတွင်း ဖမ်းဆီးခံခဲ့ရသည့် အမျိုးသမီးများအနေဖြင့်လည်း အကျဉ်းထောင်တွင်း  ထောင်ဝန်ထမ်းများ၏ နိုင့်ထက်စီးနင်း ပြောဆိုခံရခြင်း၊ ဆဲဆိုခံရခြင်း၊ လူ့အခွင့်အရေးချိုး ဖောက်ခံရခြင်းတို့ များစွာ ကြုံတွေ့နေရသည့်အပြင် လုံလောက်သည့်ဆေးဝါးကုသခွင့်များလည်း တခါမျှ မရရှိခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသူဟောင်းတဦးက ပြောသည်။

“နိုင့်ထက်စီးနင်းပြောဆိုတာ ဆဲဆိုတာတွေလည်း ခံရတာပဲ။ နောက်ပြီးတော့ မှားမှားမှန်မှန် ခေါင်းငုံ့နေရတာလေ။ မှားနေပါတယ်လို့ ပြန်ပြောခွင့်မရှိဘူး။ နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသားတွေအတွက်အခွင့်အရေးဆိုတာ ဘာလဲလို့တောင် ပြန်မေးရမယ့်အခြေအနေပဲ။ တခြားအကျဉ်းသူ၊ အကျဉ်းသားတွေနဲ့ တန်းတူဆက်ဆံခံရတယ်။ ဖိနှိပ်တာလည်း အတူတူပဲ ခံရတယ်”ဟု ဆိုသည်။

 BWU ၏ အချက်အလက်များအရ အာဏာသိမ်းကာလ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့အထိ အမျိုးသမီး ၇၅၀ ကျော် သေဆုံးခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရသည့် အမျိုးသမီး ဦးရေ  ၃,၃၀၀ ခန့်ရှိကြောင်း သိရသည်။

အဆိုပါစာရင်းမှာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အချက်အလက်များကို မှီငြမ်းကိုးကားခြင်းနှင့် ခိုင်လုံသောသတင်းမီဒီယာများမှ သတင်းအချက်အလက်များအပေါ် အခြေခံ၍ ပြန်လည်စုစည်းတင်ပြထားခြင်းဖြစ်ပြီး မြေပြင်တွင် ယခုထက်ပိုမိုများပြားနိုင်ကြောင်းလည်း BWU က အသိပေးထားသည်။

Most read this week

May 14, 2024
အိန္ဒိယနိုင်ငံရောက် မြန်မာစစ်ဘေးရှောင်များအား ပံ့ပိုးကူညီပေးရန် လူ့အခွင့်အရေး လှုပ်ရှားသူ...
May 14, 2024
ကချင်လွတ်လပ်ရေးတပ်မတော်(KIA )စစ်ဦးစီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး Rခေါင်လွမ်း ကွယ်လွန်ခြင်းအတွက်...
May 3, 2024
စာနယ်ဇင်းလွတ်လပ်ခွင့်သည် ပြည်သူများ၏ သတင်းအချက်အလက် သိပိုင်ခွင့်နှင့် စဉ်းစားဆင်ခြင်...
May 2, 2024
အမျိုးသားများ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ခွင့်ကို စစ်ကောင်စီမှ...