မင်းလက်ပံအနီး တိုက်ပွဲဆက်လက်ဖြစ်ပွား၊ ထိန်းသိမ်းခံ ကျားဖြန့်လုပ်သားများ ပြောင်းရွှေ့ခွင့်ရရန် ညှိနှိုင်းမှုများရှိ

မင်းလက်ပံအနီး တိုက်ပွဲဆက်လက်ဖြစ်ပွား၊ ထိန်းသိမ်းခံ ကျားဖြန့်လုပ်သားများ ပြောင်းရွှေ့ခွင့်ရရန် ညှိနှိုင်းမှုများရှိ

မြဝတီမြို့နယ်တောင်ဘက်၊ ဖလူး၊ မင်းလက်ပံဒေသအနီးတဝိုက်တွင် စစ်ကော်မရှင်တပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်များအကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သတင်းရင်းမြစ်များက ပြောသည်။

KNLA က စီးနင်းထိန်းချုပ်ထားသည့် မင်းလက်ပံဒေသရှိ ကျားဖြန့် (အွန်လိုင်းငွေလိမ်)လုပ်ငန်းခွင်ဖြစ်သည့် Shunda Park Scam ခြံဝင်းနေရာသို့ ဦးတည် စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်၏ စစ်ကြောင်းများကြောင့် KNLA ပူးပေါင်းတပ်များနှင့် စစ်ကော်မရှင်တပ်အကြား ဖလူး၊ မင်းလက်ပံအနီးတဝိုက်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။

“ဒီနေ့တော့ နည်းနည်း ငြိမ်တယ်။ တိုက်ပွဲတွေက ပွိုင့်တွေ ပွိုင့်တွေအလိုက် ဖြစ်တာမို့ နေရာအတိအကျ ပြောဖို့တော့ ခက်တယ်။ လက်နက်ကြီးတွေပစ်တာတော့ ဆက်တိုက်လိုလိုပါပဲ” ဟု ရှေ့တန်း သတင်းရင်းမြစ်တရပ်က မဇ္ဈိမကို ယနေ့(ဒီဇင်ဘာ ၄ ရက်)တွင် ပြောသည်။

မင်းလက်ပံဒေသဘက်သို့ စစ်ကော်မရှင်တပ်နှင့် ၎င်း၏မဟာမိတ်အဖွဲ့များ ပူးပေါင်း၍ စစ်ကြောင်းနှစ်ကြောင်းဖြင့် အပြင်း အထန် ထိုးစစ်ဆင်လာနေကြောင်း၊ မြေပြင်လုံခြုံရေးအနေအထားအရ လက်နက်ကိုင်တိုက်ပွဲများ ပိုမိုဆိုးရွားလာကြောင်း KNU က ဒီဇင်ဘာ ၂ရက်ညတွင် သတိပေးထုတ်ပြန်ထားသည်။

လက်ရှိ KNU က ထိန်းသိမ်းထားသည့် Shunda Park Scam ခြံဝင်းအတွင်းတွင် နိုင်ငံခြားသား အွန်လိုင်းငွေလိမ်လုပ်သား ၁,၀၀၆ ဦး ကျန်ရှိနေသည်။ ထိုအနက် တရုတ်နိုင်ငံသား ၉၃၁ ဦးအပါအဝင် ၉၄၂ ဦးမှာ ခြံဝင်းအတွင်းမှ ထွက်ခွာလိုခြင်းမရှိကြသူများ ဖြစ်သည်ဟု KNU က ဖော်ပြထားသည်။

စစ်အုပ်စုက ထိုဧရိယာတဝိုက်ကို ဦးတည်ပြီး လေကြောင်းဖြင့်ရော လက်နက်ကြီးဖြင့်ပါ ပစ်ခတ်တိုက်ခိုက်နေ၍ နှစ်ဖက်တိုက်ပွဲမှာလည်း ပိုမိုပြင်းထန်လာသဖြင့် အဆိုပါ နိုင်ငံခြားသားအွန်လိုင်းငွေလိမ်လုပ်သားများ၏ လုံခြုံရေးကို အာမခံပေးရန် ခဲယဥ်းနေသည်ဟု KNU က ဆိုသည်။

ထို့အပြင် ထိုခြံဝင်းအတွင်း လက်ရှိ ရှိနေသည့် အွန်လိုင်းငွေလိမ်လုပ်သားအချို့က တခြား အွန်လိုင်း ငွေလိမ်လုပ်ငန်းများ လည်ပတ်နေသည့် နေရာများသို့ ပြောင်းရွှေ့ခွင့်ပေးရန် KNLA ပူးပေါင်းတပ်များထံ ငွေကြေးဖြင့် ညှိနှိုင်းမှုများ ရှိလာကြောင်း ရှေ့တန်းသတင်းရင်းမြစ်နှစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“တခြားဆိုက် (လုပ်ငန်းခွင်) ပြောင်းချင်လို့ ငွေနဲ့ အသေ လာညှိနေတာ။ အငယ်က တယောက်ကို ၁၀၀,၀၀၀ (ဘတ်ငွေ) လောက်၊ အကြီးကျတော့ သန်းချီတယ်။ လူတိုင်းကို လိုက်ညှိနေတာ။ လူကြီးတွေကိုတော့ အခြေအနေတွေပြန်ပြောပြထားပါတယ်” ဟု ရှေ့တန်းသတင်းရင်းမြစ်က ပြောသည်။

ထို့ပြင် ညဘက်များတွင် အဆိုပါ Shunda Park Scam ခြံဝင်းအတွင်းမှ နိုင်ငံခြားသား အွန်လိုင်းငွေလိမ် လုပ်သားအချို့ ထွက်ပြေးကြခြင်းများလည်း ရှိပြီး လွတ်မြောက်သွားသူများလည်း ရှိသလို ပြန်လည် ဖမ်းဆီး ထိန်းသိမ်းခံရသူများလည်း ရှိကြောင်း ရှေ့တန်းသတင်းရင်းမြစ်က ဆက်ပြောသည်။

အဆိုပါ Shunda Park Scam ခြံဝင်းအား ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်များက နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။ ယင်းနေရာသည် စစ်ကော်မရှင်တပ် လက်အောက်ခံ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) တပ်ဖွဲ့ အကာအကွယ် ပေးထားသော Shunda Park အမည်ရှိ တရုတ်မာဖီယားဂိုဏ်းများ ဦးဆောင်သည့် အွန်လိုင်းငွေလိမ်ခြံဝန်း ဖြစ်သည်။

Most read this week

စစ်ကော်မရှင်က PSMS နည်းပညာဖြင့် ဖမ်းဆီးမှုများ ပြန်လည်ပြုလုပ်လာနိုင်
February 26, 2026
အာဏာသိမ်းစစ်ကော်မရှင်သည် လူပုဂ္ဂိုလ်စိစစ်ရေးနှင့်စောင့်ကြည့်ရေးစနစ် (Person Scrutinization and...
ဖင်လန်သံရုံးမှ မြင်ရသည့် ရန်ကုန်မြင်ကွင်း။ ရန်ကုန်မြို့ရှိ ဖင်လန်သံရုံးကို လာမည့် ဖေဖော်ဝါရီလ ၂၈ ရက်တွင် ပိတ်သိမ်းမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၄ ရက် တွင်ထုတ်ပြန်သည်။ (Embassy of Finland in Yangon)
February 25, 2026
မောင်ခက်နွေ — ရန်ကုန်မြို့ရှိ ဖင်လန်သံရုံးကို ယခုလကုန် (ဖေဖော်ဝါရီလ ၂၈ ရက်)တွင်...
February 24, 2026
မောင်ခက်နွေ — စစ်ကော်မရှင်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲအပြီး တတိယအကြိမ်မြောက်...
စစ်ကော်မရှင်တပ်သားများ ပစ်ခတ်ခဲ့သည့် ခရီးသည်တင်ယာဉ် (cj)
February 23, 2026
စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် ၊ သာစည်အကျဉ်းထောင်အနီးတွင် လမ်းမှားလာသည့် ရွှေပီနောင်း...