အင်ဒိုနီးရှားက မြန်မာတော်လှန်ရေးအင်အားစုများနှင့် စစ်ကော်မရှင်တပ်ကို သီးခြားဖိတ်၍ အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်

အင်ဒိုနီးရှားက မြန်မာတော်လှန်ရေးအင်အားစုများနှင့် စစ်ကော်မရှင်တပ်ကို သီးခြားဖိတ်၍ အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်

အာဏာသိမ်း စစ်ကော်မရှင်တပ်နှင့် မြန်မာတော်လှန်‌ရေးအင်အားစုများကို အင်ဒိုနီးရှားက သီးခြားစီဖိတ်ပြီး အင်ဒိုနီးရှားနိုင်ငံ၏ တည်ဆောက်ရေးခေါင်းစဉ်နှင့် အလွတ်သဘော ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း မဇ္ဈိမက စုံစမ်းသိရသည်။

ဆွေးနွေးပွဲကို နိုဝင်ဘာ ၂၅ ရက်မှ ၃၀ ရက်နေ့အထိ ဂျာကာတာမြို့တွင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အင်ဒိုနီးရှား၏ နိုင်ငံတော်တည်ဆောက်ရေး အတွေ့အကြုံ မျှဝေရေး အလုပ်ရုံဆွေးနွေးပွဲ ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြ ခြင်းဖြစ်သည်ဟု မဇ္ဈိမ၏သတင်းရင်းမြစ်က ပြောသည်။

ထိုအလုပ်ရုံဆွေးနွေးပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ ကရင်အမျိုးသားအစည်း ရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ Arakan Heritage Foundation၊ ရှမ်းပြည်ပြန်လည်ထူထောင် ရေးကောင်စီ (RCSS)၊ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (SSJAC)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နှင့် ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) တို့ တက်ရောက်ခဲ့ကြောင်း ဆိုသည်။

ထိုကိစ္စများနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန် မဇ္ဈိမအနေဖြင့် NUG နှင့် CRPH တို့အား မေးမြန်း ထားသော်လည်း ယခု သတင်းဖော်ပြချိန်အထိ အကြောင်းမပြန်သေးပေ။

“နိုဝင်ဘာ ၂၅-၃၀ ပါ။ NUCC က ကိုယ်စားလှယ်နှစ်ဦးတက်ခဲ့ပါတယ်။ တကယ်က သပ်သပ်စီပါ၊ စစ်တပ် ကလူတွေနဲ့တွေ့တာမျိုး လုံးဝမရှိပါဘူး။ သူတို့ရောက်နေတယ်ဆိုတာလဲ မသိရပါဘူး”ဟု အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)ကောင်စီဝင် ဦးတိုးကျော်လှိုင်က ပြောသည်။

စစ်ကော်မရှင်တပ်ဘက်ကလာသည့်သတင်းများအရ ဒီဇင်ဘာ ၁ ရက်မှစတင်ကာ အင်ဒိုနီးရှား၏ နိုင်ငံ တော်တည်ဆောက်ရေး အတွေ့အကြုံမျှဝေရေးအလုပ်ရုံဆွေးနွေးပွဲကို အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန(NSPC)မှ ကိုယ်စားလှယ်အဖွဲ့တက်ရောက်မည်ဟု သိရသည်။

ထိုဆွေးနွေးပွဲသည် အာဆီယံနှင့်မသက်ဆိုင်ဘဲ အင်ဒိုနီးရှား၏သီးခြားစီစဉ်မှုဟု သိရသည်။ လက်ရှိ အာဆီယံ အလှည့်ကျဥက္ကဋ္ဌမှာ မလေးနိုင်ငံဖြစ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတိုင်း အက္ခရာစဥ်အရ နှစ်စဉ် အလှည့်ကျ တာဝန်ထမ်းရသည့် အာဆီယံဥက္ကဋ္ဌတာဝန်ကို မြန်မာနိုင်ငံတာဝန်ယူရမည့် ၂၀၂၆ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံကို အစားထိုးပေးရန် ဆုံးဖြတ်ထားသည်။

April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...