အချင်းချင်းပစ်သတ်ပြီး ထွက်ပြေးသွားသည့် ပကဖ ရဲဘော်က စစ်ကော်မရှင်တပ်ကိုခေါ်လာပြီး စစ်ကြောင်းထိုး၍ ရွာ ၁၀ ရွာကျော် စစ်ရှောင်နေရ

အချင်းချင်းပစ်သတ်ပြီး ထွက်ပြေးသွားသည့် ပကဖ ရဲဘော်က စစ်ကော်မရှင်တပ်ကိုခေါ်လာပြီး စစ်ကြောင်းထိုး၍ ရွာ ၁၀ ရွာကျော် စစ်ရှောင်နေရ

မကွေးတိုင်း၊ ရေစကြိုမြို့ နယ် တောင်ခြမ်း၊ ရွာသစ်ကျေးရွာအနီးရှိ ကင်းစခန်း တခုတွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက တာဝန်ကျ ရဲဘော် နှစ်ဦးကို ပစ်သတ်ပြီးနောက် စစ်ကော်မရှင်တပ်နှင့် ပူးပေါင်းသွားကြောင်း ရေစကြိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

နိုဝင်ဘာ ၂၄ ရက်နေ့ နံနက် ၁၀ နာရီခန့်က ရေစကြိုမြို့နယ် ရွာသစ်ကျေးရွာ အနီးရှိ ကင်းဂိတ်တခုတွင် တာဝန်ကျနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်နှစ်ဦးကို ရဲဘော်မှင်စာ ဆိုသူက သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီးနောက် လက်နက်များနှင့်အတူ စစ်ကော်မရှင်တပ်နှင့် ပူးပေါင်းသွားခြင်းဖြစ်ကြောင်း ရေစကြိုမြို့နယ် ပအဖအဖွဲ့ဝင်တဦးက မဇ္ဈိမသို့ အတည်ပြုပြောသည်။

“ဂိတ်ကို ရောက်လာတော့ ကိုယ့်ရဲဘော်အချင်းချင်းဆိုတော့ ဘာမှ မပြောဘူးပေါ့ဗျာ။ အဲ့မှာ ရဲဘော်တယောက်ရဲ့ သေနတ်ကို သူက ယူထားတာ၊ ပြီးတော့ ရွာသစ်ရွာက သူ့မိန်းမကို ဂိတ်ကိုခေါ်ပြီး မြို့ကို သူနဲ့ လိုက်ဖို့ ခေါ်တာ၊ သူ့မိန်းမက မလိုက်ဘူးဆိုပြီး ရန်ဖြစ်နေကြသေးတယ်။ အဲ့ဒါပြီးတော့ ရဲဘော် နှစ်ဦးကို ပစ်ပြီး ထွက်သွားတာ သေနတ် တလက်ယူသွားတယ်” ဟု ရေစကြိုမြို့နယ်(ပအဖ) အဖွဲ့ဝင်က ပြောသည်။

ပစ်သတ်ခံလိုက်ရသည့် ရဲဘော် နှစ်ဦးနှင့် ရဲဘော် မှင်စာတို့အကြား မည်သည့်ပြဿနာ တစုံတရာမရှိဘဲ ပစ်သတ်သွားခြင်းဖြစ်ပြီး စစ်ကော်မရှင်တပ်နှင့် ပူးပေါင်းရန်အတွက် ကြိုတင် စီစဉ်ထားခြင်း ဖြစ်နိုင်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက သုံးသပ်သည်။

“အဲ့နေ့ မတိုင်ခင်ကတည်းက ရဲကားတွေ ပတ်နေတာ၊ သူလည်း ထွက်ပြေးသွားရော စစ်တပ်က တစ်ခါတည်း လာခေါ်သွားတာ၊ လက်နက်တွေပါ ပါသွားတယ်။ ထွက်ပြေးဖို့ ကြိုတင် ချိတ်ဆက်ထားပြီးသား။ သူက ရွာတွေနဲ့ စခန်းဂိတ်တွေ တော်တော်များများကို သိတယ်။ ဒီကိစ္စက တကယ်အန္တရာယ်များတယ်” ဟု တော်လှန်ရေး တပ်ဖွဲ့ဝင်တဦးက ပြောသည်။

ယင်းနောက် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် စစ်တပ်က ရေစကြို့မြို့ နယ်တောင်ဘက် ကပ်လျက်တွင်ရှိသည့် ကျေးရွာများကို အင်အားအများအပြားနှင့် ဝင်ရောက်ခဲ့ပြီး ရေစကြိုမြို့ပေါ်ကနေလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်၍ ကျေးရွာပေါင်း ၁၀ ရွာနီးပါး စစ်ဘေးရှောင်ခဲ့ကြရသည်။

“၂၅ ရက်နေ့ ကတည်းက စစ်ကြောင်းထိုးလားတာ၊ ၂၇ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်တယ်။ စစ်တပ်ဘက်က အကျအဆုံးရှိတယ်။ နောက်ပြီး ညောင်စောက်ရွာကို မီးရှို့သွားတယ်” ဟု မြို့နယ် ပအဖ အဖွဲ့ဝင်တဦးက ပြောသည်။

လက်ရှိအချိန်တွင် စစ်ကော်မရှင်စစ်ကြောင်းသည် ခလရ(၂၅၈) တပ်အတွင်းသို့ ပြန်လည်ဝင်ရောက်သွားပြီဖြစ်ပြီး ယင်းစစ်ကြောင်း၏မီးရှို့ ဖျက်ဆီးမှုကြောင့် ညောင်စောက် ကျေးရွာအတွင်းရှိ နေအိမ် ၁၀ လုံးခန့် မီးလောင် ပျက်စီးသွားကြောင်း မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ ထံမှ သိရသည်။

ယခုနှစ်လယ်ပိုင်းလောက်ကလည်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်တဦး စစ်ကော်မရှင်တပ်ဖွဲ့နှင့် ပူးပေါင်းသွားသည့် ဖြစ်စဉ်တခုလည်း ဖြစ်ပွားခဲ့သေးသည်။

April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...