၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက်ပိုင်း စစ်ကောင်စီက ဘယ်လိုပုံစံ ဝါဒဖြန့်လာသလဲ

၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက်ပိုင်း စစ်ကောင်စီက ဘယ်လိုပုံစံ ဝါဒဖြန့်လာသလဲ

စစ်ကောင်စီဟာ စစ်ရေးတိုက်ခိုက်မှုတွေအပြင် စိတ်ဓာတ်စစ်ဆင်ရေးကိုလည်း လက်နက်တခု အဖြစ် အသုံးပြုပြီး ဝါဒဖြန့်နေပါတယ်။

သတင်းအချက်အလက်အမှား၊ ကောလဟာလတွေအပြင်၊ တဝက်တပျက်အမှန်တရားနဲ့  လိမ်ညာမှုတွေ အသုံးပြုပြီး အများသူငါရဲ့ ထင်မြင်ချက်တွေကို လွမ်းမိုးဖို့အတွက် ကြိုးစားကြတာပါ။

၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့ပြီးတဲ့နောက်မှာတော့ ပြောင်းလဲလာတဲ့ နိုင်ငံရေး၊ စစ်ရေး အခြေအနေတွေ အလိုက် စစ်ကောင်စီက ဘယ်လိုဝါဒဖြန့်မှုတွေပြုလုပ်နေလဲဆိုတာ မဇ္ဈိမက ဆန်းစစ်ထားပါတယ်။

စစ်ကောင်စီဟာ သူတို့စစ်တပ်ကို ဘုရားရဲ့သားတော်တွေ၊ ဗုဒ္ဓဘာသာအတွက် တိုက်ခိုက်ပေးနေတဲ့ စစ်သားတွေအဖြစ် ပုံဖော်မှုတွေ ရှေးအစဉ်အဆက်ကတည်းက ရှိခဲ့ပါတယ်။

နဝတ စစ်အစိုးရခေတ်ကနေစပြီးတော့ အခုအချိန်အထိ  သူတို့ရဲ့ ဝါဒဖြန့်ချိရေးလုပ်ငန်းမှာ ဗုဒ္ဓဘာသာကို မျက်နှာသာ‌ပေးတဲ့ လုပ်ငန်းစဉ်တွေ ပိုလုပ်လာတယ်လို့  ဗမာ့ပြည်တွင်းစစ်ပြတိုက်က သုတေသီ ကိုရဲဟိန်း အောင်က ဆိုပါတယ်။

“ဗုဒ္ဓဘာသာကို ကာကွယ်စောင့်ရှောက်နေတဲ့ ပုဂ္ဂိုလ်တွေအဖြစ် ဖန်တီးတည်ဆောက်ပြောဆိုမှုကိုတော့ ၂၀၁၀ နောက်ပိုင်းမှာ အများအပြားတွေ့လာရတယ်။ အထူးသဖြင့် မြန်မာစစ်တပ်ဟာ နိုင်ငံကို အုပ်စိုး ခြယ်လှယ်ခဲ့တဲ့ သက်တမ်းတလျှောက်လုံး သူတို့ကိုယ်သူတို့ ဘုရားသားတော်တွေ၊ ဗုဒ္ဓဘာသာကို ကာကွယ်သူတွေ၊ မျိုးချစ် တပ်မတော်တွေအဖြစ် ပုံဖော်လေ့ရှိပါတယ်။

၁၉၈၈ ခုနှစ်နောက်ပိုင်း ဂျီနိုဆိုက်ကာလတွေ၊ ရခိုင်ပဋိပက္ခကာလတွေအတွင်းမှာဆိုရင် အဲဒီလိုပြောဆိုမှု တွေရှိခဲ့တယ်” လို့လည်း ပြောပါတယ်။

၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း ပြည်သူတွေကို အမျိုးမျိုးသတ်ဖြတ်နေပြီး ရွာမီးရှို့တာ အိမ်မီး ရှို့တာ၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်တာ၊ အရပ်သားအများစုရှိတဲ့နေရာတွေမှာ လေယာဉ်နဲ့ ဗုံးကြဲတာ တွေလုပ်နေတဲ့ စစ်ကောင်စီတပ်ဟာ သူတို့ကိုယ်သူတို့ မျိုးချစ်တပ်မတော်ဆိုတာကို ဆက်လက်ပြောဆို နေဆဲပါပဲ။

၁၀၂၇ စစ်ဆင်ရေးမှာပဲ စစ်ကောင်စီက လောက်ကိုင်ကို လက်လွတ်လိုက်ရအပြီးမှာ မြို့အနီး ပွိုင့် ၂၀၂၂ တောင်ကုန်းပေါ်က စေတီကို MNDAA တပ်သားတဦးက ဖျက်ဆီးနေတဲ့ ဗီဒီယိုဖိုင် ပေါ်ထွက်လာပါတယ်။

ဒါနဲ့ ပတ်သက်လို့ MNDAA ကလည်း တပ်ဖွဲ့ကအမိန့်ပေးတာမဟုတ်ဘဲ ပုဂ္ဂိုလ်ရေးလုပ်ရပ်ဖြစ်ကြောင်းနဲ့  လက်အောက်ငယ်သားရဲ့ လုပ်ရပ်အတွက် ပြန်တောင်းပန်ထားပါတယ်။ လွတ်လပ်သော ဘာသာရေး ကိုးကွယ်မှုကို လေးစားလိုက်နာပြီး ဘာသာရေးကို ဆန့်ကျင်တာနဲ့ ဘာသာရေးအဆောက်အအုံဖျက်ဆီးဖို့ အမိန့်ပေးတာမျိုး လုံးမဝမရှိခဲ့ကြောင်း ဆိုထားပါတယ်။ ဒီကိစ္စကိုလည်း သက်ဆိုင်ရာဌာနကို တာဝန်ပေး ပြီးတော့ တရားခံကို အရေးယူအပြစ်ပေးဖို့အတွက် ညွှန်ကြားထားတဲ့အကြောင်းလည်း ဆိုထားပါတယ်။

သို့သော်လည်းပဲ ဒီဖြစ်ရပ်ဟာ အစွန်းရောက် အမျိုးသားရေးလှုပ်ရှားသူတွေအပြင် စစ်ကောင်စီနဲ့ လော်ဘီ တွေအတွက် ဘာသာရေးကိုခုတုံးလုပ်ပြီး ဝါဒဖြန့်စရာ၊ စည်းရုံးလှုံ့ဆော်စရာ ကိစ္စရပ်ကြီးတခုဖြစ်ခဲ့ပါ တယ်။

ဗီဒီယိုဖိုင်စတင်ပျံ့နှံ့ပြီး နောက်တနေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၉ ရက်နေ့ကစလို့ အစွန်းရောက် အမျိုးသားရေး လှုပ်ရှားသူတွေဟာ ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ တောင်ကြီး စတဲ့ မြို့ကြီးတွေအပြင် ပြည်နယ်နဲ့တိုင်း အနှံ့အပြားမှာ ဒီဖြစ်ရပ်ကို ဆန့်ကျင်ကန့်ကွက်ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံအခြေစိုက် သုတေသနအဖွဲ့အစည်းတခုရဲ့ ပြောဆိုချက်အရ ဇန်နဝါရီလ တခုတည်းမှာပဲ မြို့နယ် ၄၅ ခုမှာ အနည်းဆုံး လူအင်အား ၅၀ ကနေ ၃၀၀၀ အထိပါဝင်တဲ့ ကန့်ကွက်ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဆန္ဒပြဦးဆောင်အဖွဲ့တွေထဲမှာ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ၊ မွန်မျိုးချစ်သမဂ္ဂ၊ မြန်မာ့အမျိုးသား ရေးကွန်ရက်၊ နေပြည်တော်အမျိုးသားရေးအဖွဲ့၊ မြဝတီအမျိုးသားရေးအဖွဲ့၊ ဧရာဝတီ အမျိုးသားရေးညွှန့် ပေါင်းအဖွဲ့ စတဲ့မျိုးချစ်အဖွဲ့တွေအပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနဲ့ Myanmar Hard Talk လို မီဒီယာတွေလည်းပါဝင်ပါတယ်။

စစ်ကောင်စီလော်ဘီတွေထဲက နာမည်ကျော်ကြားတဲ့ သဇင်ဦးတို့လို့ အမျိုးသမီးတွေ၊ ၅၅၀ ဆရာတော်လို့ လူတွေသိကြတဲ့ ဘုန်းကြီးဝါသဝ၊ အရှင်စန္ဒာသီရီ(မီးအိမ်ရှင်ဆရာတော်)၊ ဇော်ပျံတောင်ဆရာတော်၊ ရွှေအင်တော်ဆရာတော်၊ ဦးပညာ (ရှေးဟောင်းကျောင်းတော်ကြီးဆရာတော်)၊ မျိုးသာကီအရှင်ပုည ဆရာတော်၊ တောင်သာလေးဆရာတော်၊ ဇွဲကပင်ဆရာတော်၊ ပေါက်ကိုယ်တော်၊ သုစိတ္တ၊ ကန်ညီနောင် ကြာတစ်ပွင့် နဲ့ ဆရာတော်ဦးကေသရ စတဲ့ ပုဂ္ဂိုလ်တွေပါဝင်ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့မှာပြုလုပ်တဲ့ ဆန္ဒပြပွဲမှာတော့ ဒေသခံတွေနဲ့ ပြည်သူ့စစ်တွေကို မလိုက်မနေရ လိုက်ခိုင်းတာတွေရှိတယ်လို့ သတင်းထွက်ပေါ်ခဲ့ပါသေးတယ်။

တဖက်မှာလည်း ၁၀၂၇ စစ်ဆင်ရေးစတင်ကတည်းက ဒီစစ်ဆင်ရေးကို ရှုတ်ချကန့်ကွက်တဲ့ အကြောင်း ကြေညာချက်တွေ ထုတ်ပြန်တာတွေရှိနေပါတယ်။  စစ်ကောင်စီ လက်ဝေခံ ဘာသာရေးအသင်းအဖွဲ့ကြီး တွေဖြစ်တဲ့ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွှတ်ရေးအဖွဲ့၊ မြန်မာ နိုင်ငံလုံးဆိုင်ရာဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၊ ပြည်ထောင်စုမြန်မာနိုင်ငံ မက်သဒစ်အသင်းတော် စတဲ့ဘာသာရေးအခြေပြု အဖွဲ့အစည်းတွေအပြင် သဘင်အစည်းအရုံး၊ ဟာသပညာရှင်များအစည်းအရုံး စတဲ့အနုပညာအစည်းအရုံးတွေကနေလည်း ကြေညာချက်တွေ ထုတ်ပြန်ပြီး ကန့်ကွက်ခဲ့ကြပါတယ်။

"ထူးခြားချက်ကတော့ ထုတ်ပြန်ကြေညာချက်တော်တော်များများသည် Copy-Paste လုပ်ထားတဲ့ ထုတ် ပြန်ကြေညာချက်တွေပဲဖြစ်တယ်။ ကိုးကန့်မှာ ဗုဒ္ဓဘာသာ စေတီတော်တဆူကို ဖျက်ဆီးတယ်လို့ စွပ်စွဲ ချက်နောက်ပိုင်းမှာ ဒီလိုထုတ်ပြန်ချက်တွေ ပိုများလာတာကိုတွေ့ရပါတယ်" လို့ ထုတ်ပြန်ချက်တွေနဲ့ ပတ်သက်ပြီး သုတေသီ ရဲဟိန်းအောင်က မှတ်ချက်ပြုပါတယ်။

မြန်မာနိုင်ငံအခြေစိုက် သုတေသီအမျိုးသမီးတဦးကတော့ “လောလောဆယ် သူတို့သွားနေတဲ့ လမ်း ကြောင်းက ဘာသာရေးကိုအခြေခံပြီး လူမျိုးတုံးသတ်ဖြတ်ဖို့ထိ လှုံ့ဆော်နေတယ်။ တိုင်းတပါး ကျူး ကျော်မှုပုံစံ ပုံဖော်နေတယ်။ နောက်ထပ် ဘာသာရေးအကြောင်းပြတဲ့ လှုပ်ရှားမှုတွေ ဆက်လုပ်လာ နိုင်တယ်” လို့  ဆိုပါတယ်။

"ဘယ်ဘက်ကမှ မဟုတ်ပါဘူးဆိုပြီးငြိမ်နေတဲ့ မဘသဘုန်းကြီးတွေက MNDAA ကိစ္စမှာ ပြန်ပေါ်လာ တယ်။ ဥပမာ - ဇွဲကပင်ဆရာတော်လို ဘုန်းကြီးတွေက ဆန္ဒပြပွဲတွေမှာ ပြန်ပေါ်လာတယ်။  သဘောထား ကြေညာချက်ထုတ်ပြီး ကန့်ကွက်တာတွေလုပ်တယ်” လို့လည်း သူရဲ့ တွေ့ရှိချက်ကို ပြောပါတယ်။

တဆက်တည်းမှာပဲ နိုင်ငံတော်ပိုင်သတင်းစာနဲ့ စစ်တပ်ပိုင်သတင်းစာတွေမှာလည်း MNDAA တပ်သားရဲ့ လုပ်ရပ်ကို အစပြုပြီး MNDAA ၊ TNLA နဲ့ AA အဖွဲ့တွေကို ဘာသာရေးအပေါ် အကြမ်းဖက်တဲ့ အကြမ်းဖက် သောင်းကျန်းသူတွေအဖြစ် ပုံဖော်ရေးသားကြပါတယ်။

စစ်ကောင်စီတပ်ရဲ့  သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောတဲ့ ဗီဒီယိုဖိုင်ကို လည်း အင်္ဂလိပ်ဘာသာနဲ့စတန်းထိုးပြီး နိုင်ငံတကာကို ရောက်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖြန့်ဝေနေ ကြပါသေးတယ်။

နိုင်ငံတကာမှာကော စစ်ကောင်စီတပ်ကို ဘယ်လို ပုံစံမျိုးနဲ့ သိရှိနေကြပါသလဲ။ အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များအဖွဲ့ (International Commission of Jurists - ICJ) က  ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာစသိမ်းတဲ့အချိန်ကစလို့ ၂၀၂၃ ခုနှစ် ဧပြီ ၃၀ ရက်နေ့ အထိ လေ့လာစောင့်ကြည့်မှု အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။

ဒီအစီရင်ခံစာထဲမှာ စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် ဘာသာသာသနာဆိုင်ရာ အဆောက် အအုံ ၁၉၀ ပျက်စီးခဲ့တယ်လို့ ရေးသားထားပါတယ်။

ဘာသာသာသနာ အဆောက်အအုံတွေကို လက်နက်ကိုင်တပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းမှုဖြစ်စဉ် ၆၄ ခု ရှိခဲ့ပြီး အဲဒီထဲက ဖြစ်စဉ် တခုက တအောင်းလွတ်မြောက်ရေးတပ်မတော် (TNLA) က ကျူးလွန်ခဲ့ပြီး ကျန် ၆၃ ခုကတော့ စစ်ကောင်စီတပ်က စီးနင်းဝင်ရောက်ခဲ့တာပါ။

စစ်စခန်းတွေ၊ စစ်ကြောရေးစခန်းတွေအဖြစ် ဘာသာသာသနာဆိုင်ရာအဆောက်အအုံတွေကို မြန်မာ စစ်တပ်ကအသုံးပြုမှု အနည်းဆုံး ၁၁၀ ခု ရှိပါတယ်။ ဗုဒ္ဓဘာသာဘုန်းတော်ကြီး အများစုအပါအဝင်၊ ခရစ်ယာန် သာသနာ့ဝန်ထမ်း နဲ့ အစ္စလာမ်ဘာသာရေးဆရာအပါအဝင် သာသနာ့ဝန်ထမ်း ၁၁၇ ဦးကို ဖမ်းဆီးထိန်းသိမ်းထားတာတွေ ပြုလုပ်ခဲ့တယ်လို့ ICJ ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ တဖက်မှာ ဘာသာရေးဆိုင်ရာအဆောက်အအုံတွေ၊ သာသနာ့ဝန်ထမ်းတွေကို အကြမ်း ဖက်နေတာတွေကို လွယ်လင့်တကူပြုလုပ်နေပြီး တော်လှန်ရေး အင်အားစုတွေဘက်က ကျူးလွန်မှုကို တော့ ပုံကြီးချဲ့ နေတဲ့ လုပ်ရပ်ပဲဖြစ်ပါတယ်။

ဒီလုပ်ရပ်တွေကိုတော့ "နိုင်ငံရေးဆိုင်ရာကိစ္စကို ဘာသာရေးနဲ့မှိုင်းတိုက်တဲ့ ဖြစ်ရပ်ပဲဖြစ်တယ်။ ပြည်တွင်း စစ်ကို ဘာသာ‌ရေးပဋိပက္ခဖြစ်လာအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တဲ့ လုပ်ရပ်တွေပဲဖြစ်တယ်" လို့ သုတေသီ ရဲဟိန်းအောင်က မှတ်ချက်ပြုပါတယ်။

စစ်ကောင်စီလော်ဘီချန်နယ်တွေကနေ မြောက်ပိုင်းတိုက်ပွဲတွေကို ပြည်ပကျူးကျော်စစ်အဖြစ် ဇာတ်လမ်းဆင် ပုံဖော်ဝါဒဖြန့်ခဲ့ပါသေးတယ်။ တဆက်တည်း တရုတ်မုန်းတီးရေးကိုလည်း ဦးတည်လာပါ တယ်။

ဒီမိုကရေစီအတွက် တိုက်တာမဟုတ်သလို စစ်အာဏာရှင်ဖြတ်ချရေးအတွက် တိုက်တာမဟုတ်ဘဲ “ဒါ ဟာ ပြည်ပကျူးကျော်စစ်ကြီးပါ” “ကြိုတင်စီစဉ်ထားသော ပြည်ပကျူးကျော်စစ်” ဆိုတဲ့ စကားလုံးတွေ သုံးပြီး တပ်မတော်ဦးဆောင်တဲ့ တရားသောစစ်အဖြစ် ပုံဖော်နေဆဲပါ။

“မြန်မာနိုင်ငံအနှံက ကိုးကန့်တရုတ်ဘုံကျောင်းတွေ လက်တုန့်ပြန်ဖျက်ဆီးရမလား” ဆိုတဲ့ ခြိမ်းခြောက်မှု အဖြစ်ပုံဖော်တာတွေအပြင် တရုတ်ကို “တယုတ်” ဆိုတဲ့ အမုန်းစကားမြောက်တဲ့ စကားလုံးတွေကိုလည်း သုံးနှုန်းလာခဲ့ပါတယ်။ မြန်မာပြည်ဖွားတရုတ်တွေကို ဦးတည်လာတဲ့အရေးအသားတွေကိုလည်း တွေ့နေ ရပါပြီ။

စစ်ကောင်စီဟာ တဖက်မှာလည်း အင်တာနက်ပေါ်မှာ သတင်းတု/မှား တင်တာ၊ မဖွယ်မရာတင်တာ၊ နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုတာတွေကို ဥပဒေကြောင်းအရ တားမြစ်အရေးယူဆောင်ရွက်နိုင်ဖို့ ကော်မတီ ဖွဲ့စည်းတဲ့အကြောင်း ဒီဇင်ဘာ ၁၅ ရက်နေ့မှာ အမိန့်ကြော်ငြာစာ ထုတ်ထားပါတယ်။

ကျူးလွန်သူတွေကို တယ်လီဖုန်းနံပါတ်ပိတ်တာ၊ ဘဏ်အကောင့်တွေပိတ်တာ၊ ငွေသွင်းငွေထုတ် အချက် အလက်တွေရယူပြီး ဘဏ်အကောင့်ယာယီတားဆီးတာတွေ၊ တည်ဆဲဥပဒေများနဲ့အညီ တရားစွဲဆိုတာ တွေပြုလုပ်သွားဖို့တွေအတွက်လည်း ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး အမည်နဲ့ အမိန့်ကြေညာချက် ထုတ်ပြန်ထားပါသေးတယ်။

မြန်မာနိုင်ငံက အချက်အလက်တွေကို ပံ့ပိုးတဲ့ လွတ်လပ်တဲ့ အဖွဲ့အစည်း တခုဖြစ်တဲ့ Data for Myanmar ရဲ့ ထုတ်ပြန်တဲ့ထုတ်ပြန်ချက်အရ စစ်ကောင်စီကိုဝေဖန်တဲ့ အတိုက်အခံအင်အားစုတွေကို အွန်လိုင်းမှ ထောက်ခံအားပေးတဲ့အတွက် လူပေါင်း ၁,၄၈၀ ကျော် ကို  ဖမ်းဆီးခံရတယ်လို့ ဖော်ပြထားပါတယ်။ ၂၀၂၂ ခုနှစ်ဖေဖော်ဝါရီ ၂၉ ရက်ကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၀ ရက်နေ့အထိ နှစ်နှစ် နီးပါးအတွင်း စစ်ကောင်စီရဲ့ ဖမ်းဆီးမှုကို ဖော်ပြထားတာပါ။

အခုလို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တွေကို ထိခိုက်နေတဲ့လုပ်ရပ်တွေ လုပ်နေတာအပြင် ကော်မတီ ကိုပါဖွဲ့စည်းပြီး အတိုက်အခံပြည်သူတွေကို ဖိနှိပ်ဖို့ပြင်ဆင်နေတဲ့ စစ်ကောင်စီဟာ တဖက်မှာတော့ သူတို့ လော်ဘီတွေရဲ့ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခကိုဦးတည်နေတဲ့ လှုံ့ဆော်မှုတွေ၊ အမုန်းစကားတွေကို တော့ လျစ်လျူရှုထားဆဲပါ။

အမျိုးသားညီညွှတ်ရေးအစိုးရရဲ့ ယာယီသမ္မတ ဒူဝါလရှီးလကတော့ ဇန်နဝါရီ ၃၀ ရက်နေ့က ပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ  “လူမျိုးရေးအရ အက်ကြောင်းတွေကိုနက်ရှိုင်းစေမယ့် လူမျိုးရေးမိုင်းဗုံးတွေ ကို အထူးရှောင်ကြဉ်နိုင်ဖို့ အလေးအနက်ထား ဂရုစိုက်ရမှာ ဖြစ်ပါတယ်။ ကျနော်တို့ဟာ အမှားဟောင်းကို လည်း ရှောင်ရှားနိုင်ဖို့လိုသလို အမှားသစ်တွေကို မဖန်တီးဖြစ်ဖို့ နိုင်ငံရေးသတိ အမြဲရှိနေရမှာ ဖြစ်ပါ တယ်” လို့ ဆိုထားပါတယ်။

Most read this week

May 16, 2024
ပညာသင်ယူမှုပြီးမြောက်လျှင် လူ့အသက်များကို ကယ်တင်ရင်း အမျိုးသားရေးပခုံးပြောင်းတာဝန်များကို...
May 14, 2024
အိန္ဒိယနိုင်ငံရောက် မြန်မာစစ်ဘေးရှောင်များအား ပံ့ပိုးကူညီပေးရန် လူ့အခွင့်အရေး လှုပ်ရှားသူ...
May 14, 2024
ကချင်လွတ်လပ်ရေးတပ်မတော်(KIA )စစ်ဦးစီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး Rခေါင်လွမ်း ကွယ်လွန်ခြင်းအတွက်...
May 3, 2024
စာနယ်ဇင်းလွတ်လပ်ခွင့်သည် ပြည်သူများ၏ သတင်းအချက်အလက် သိပိုင်ခွင့်နှင့် စဉ်းစားဆင်ခြင်...