ကရင်နီ စစ်ဘေးရှောင် စခန်းများတွင် သောက်သုံးရေရှားပါးမှုနှင့်ကြုံနေရ

ကရင်နီ စစ်ဘေးရှောင် စခန်းများတွင် သောက်သုံးရေရှားပါးမှုနှင့်ကြုံနေရ

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင် သောက်သုံးရေ ရှားပါးမှုနှင့် ကြုံ တွေ့နေရကြောင်း ၎င်းစစ်ဘေးရှောင်များအား အနီးကပ်ကူညီပေးနေသူထံမှ သိရသည်။

ဒီးမော့ဆိုမြို့နယ်တွင် စစ်ဘေးရှောင် စုစုပေါင်းတစ်သိန်းကျော်အထိရှိနေပြီး စစ်ရှောင်စခန်းများအနီးရှိ ချောင်း၊ မြောင်းများတွင် ရေခမ်းခြောက်လာသောကြောင့် သောက်သုံးရေ ရှားပါးပြီး ရေကို ဝယ်ယူသုံးစွဲနေရကြောင်း စစ်ဘေးရှောင်ကူညီသူတစ်ဦးက ယခုလိုပြောသည်။

၎င်းက “ရှားတာကတော့ ဒီနှစ်မှမဟုတ်ဘူး အရင်နှစ်တွေရောပါ။ မိုးရာသီဆိုရင် မိုးရွာတော့ ရေတံလျောက်ကနေ ရေခံလို့ရတယ်လေ။ မိုးမရွာတော့ ရေမရတော့ဘူး။ အဲဒါကြောင့် ရှိရင်းစွဲ ချောင်းတွေမြောင်းကလည်း ခမ်းလာတော့ ရေကိုငွေပေးပြီးဝယ်ရတာတွေ ရှိနေပါတယ်။” ဟု ကေအိုင်စီ သို့ပြောသည်။

လက်ရှိ နှစ်ဖက်တိုက်ပွဲများ အဆက်မပြတ်ဖြစ်ပွားနေသေးသည့် ဒီးမော့ဆိုမြို့နယ်တွင် နှစ်စဉ်နွေရာသီ ရောက်တိုင်း ရေရှားပါးမှုနှင့် ကြုံတွေ့နေရသည့် မြို့နယ်တစ်ခုဖြစ်ပြီး မြို့နယ်၏ အနောက်ဘက်ခြမ်း ဒေသတွင်လည်း ရေရှားပါး သည့် ဒေသတစ်ခုဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ထို့အပြင် ဒီးမော့ဆို အနောက်ဘက်အစွန်ဆုံးရှိ စစ်ဘေးရှောင်စခန်းများအနေဖြင့်လည်း သောက်သုံး ရေရှား ပါးမှုကို အဆိုးဝါးဆုံးခံနေကြရပြီး ရေသယ်ဆောင်ရာတွင်လည်း လမ်းခရီး အခက်အခဲများ နှင့် ကြုံတွေ့နေရ ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

၎င်းက “ထော်လာချီငှားပြီးသယ်တာတို့၊ ဆိုင်ကယ်မှာ ရေပုံးတွေချိတ်ပြီး သယ်တာတို့ရှိကြပါတယ်။ ဝေးတဲ့စခန်းတွေက ရေသယ်ကားတွေ ထော်လာဂျီတွေနဲ့ ရေသယ်ရေဝယ်ကြပါတယ်။ နီးရင်တော့ ၁၀မိနစ် ၁၅ မိနစ်ရှိတယ်။ ဒီးမော့ဆို အနောက်ဖက်ခြမ်း အစွန်ဆုံးစခန်းတွေဘက်ကို ရေသယ်မယ်ဆိုရင်တော့ ၁နာရီကျော်လောက်ထိ ကြာပါတယ်။” ဟု ကေအိုင်စီ သို့ပြောသည်။

စစ်ဘေးရှောင်များ အနေဖြင့် မိုးရာသီတွင် သောက်သုံးရေအဆင်ပြေစွာရရှိသော်လည်း မိုးရေမှ ရရှိသည့် ရေ များကို သိုလှောင်သိမ်းဆည်းရာတွင် လုံလောက်သည့် တာလပတ်များမရှိသည့်အတွက်ကြောင့် ရေများကို ကြာရှည်စွာ အသုံးပြုနိုင်ရန် အခက်အခဲများရှိနေကြောင်းလည်း စစ်ရှောင်ပြည်သူများက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နှစ်နှစ်ခွဲကျော်ကာလအတွင်း မြန်မာနိုင်ငံအနှံ့ တိုက်ပွဲနှင့် လက်နက်ကိုင် ပဋိပက္ခဖြစ်စဉ်များကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ပြည်တွင်း စစ်ပြေးဒုက္ခသည်ပေါင်း လေးသန်း ကျော်ရှိနေပြီး နယ်စပ်ဖြတ်ကျော် ထွက်ပြေးခဲ့ရသည့် စစ်ဘေးရှောင် စုစုပေါင်းတစ်သန်းကျော် ရှိနေ ကြောင်း Institute For Strategy and Policy-Myanmar ၏ ထုတ်ပြန်ထားချက်အရသိရသည်။

လက်ရှိ ကရင်နီပြည်နယ်တွင် ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့မှစ၍ ကရင်နီ တော်လှန်ရေး  အင်အားစုများ မှ (၁၁၁၁)စစ်ဆင်ရေး ဆင်နွှဲပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ရှင်းလင်း နိုင်ပြီး နယ်မြေစိုးမိုးမှု ပိုမိုရရှိလာကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်-KNDF က ဇန်နဝါရီလ ၂၈ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

Most read this week

December 18, 2025
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ ကျုံဒိုး-ဂျိုင်းမြစ်လမ်းကြောင်းမှတစ်ဆင့် မော်လမြိုင်မြို့ဘက်သို့...
December 18, 2025
KNU – ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဘုရားသုံးဆူမြို့နယ်ခွဲ၊ ကြိမ်ချောင်း (လေးဝါးဖလို့)...
December 17, 2025
စစ်တပ်က ထားဝယ်မြို့ပေါ်တွင် လူငယ်များကို တပ်သားသစ်အတွက် ပေါ်တာဆွဲပြီး စစ်သင်တန်းကျောင်းသို့...
Photo credit - social media
December 16, 2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျေးရွာများသို့ ဒီဇင်ဘာလဒုတိယအပတ်အတွင်း စစ်ကြောင်း ထိုးခဲ့သော...