ဖမ်းဆီးခံ လွှတ်တော်ကိုယ်စားလှယ်ကို တပတ်ကြာသည်အထိ မိသားစုများ အဆက်အသွယ်မရ

ဖမ်းဆီးခံ လွှတ်တော်ကိုယ်စားလှယ်ကို တပတ်ကြာသည်အထိ မိသားစုများ အဆက်အသွယ်မရ

ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော်က ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးကို ၎င်း၏ နေအိမ်၌ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားပြီးနောက် တပတ်ခန့်ကြာလာသည်အထိ အဆက် အသွယ်မရသေး ဟု မိသားစုနှင့်နီးစပ်သူများက ပြောသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက ကိုယ်စားလှယ် ဦးစိုးမိုးထွန်းကို ကန်ကြီးထောင်မြို့နယ်၊ မြင်းက ဆိပ်ကျေးရွာရှိ ၎င်း၏ နေအိမ်၌ ရှိနေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့် ရဲတပ်ဖွဲ့ဝင်များက အင်အား အလုံး အရင်းဖြင့် ရုတ်တရက် ရောက်လာကာ ဖမ်းဆီးသွားခြင်း ဖြစ်သည် ဟု ဒေသခံများက ပြောသည်။

“ညဖက်ကြီး ရွာထဲ ကို ရုတ်တရက် စစ်ကားနဲ့ ရဲကားပြီး ကားအဖြူ တစ်စီးရောက်လာပြီး အကိုကြီး ကိုစိုး (ဦးစိုးမိုးထွန်း) ကို အိမ်မှာဖမ်းသွားတယ်။ အိမ်ကိုလည်းမွှေနှောက် ရှာတယ်။ ဘာမှ မတွေ့ ဘာမှ မသိမ်းဘူး။ ရွာ ထဲ လူစိမ်းတွေ သေနတ် တကားကားချိန်ပြီး အုပ်လိုက်ကြီး ရုတ်ရုတ်သဲသဲနဲ့ ဆိုတော့ ခွေးတွေ ဟောင်တာ ဓါးပြ တွေ ရွာထဲဝင်လာသလား မှတ်ရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဇန်နဝါရီ ၁၈ ရက်နေ့ ညက ဖမ်းဆီးခံလိုက်ရသည့် ဦးစိုးမိုးထွန်းနှင့် ဇန်နဝါရီ ၂၃ ရက်နေ့အထိ အဆက်အသွယ် မရသေးသောကြောင့် မိသားစုဝင်များက စိုးရိမ်နေကြသည်။

လက်ရှိ အခြေအနေမှာ ဦးစိုးမိုးထွန်းကို မည်သည့် နေရာ၌ ဖမ်းဆီး ခေါ်ဆောင်သွားသည်ကို စုံစမ်း၍ မရသေး သလို၊ မည်သည့် အကြောင်းအရင်းကြောင့် ဖမ်းဆီးသွားသည်ကိုလည်း မသိရသေးကြောင်း မိသားစုနှင့် နီးစပ်သူများက ပြောသည်။

ဦးစိုးမိုးထွန်း မှာ ကျန်းမာရေး မကောင်းသဖြင့် ဆေးကုသမှု ခံယူနေသူ တစ်ဦးဖြစ်ပြီး မည်သည့်အကြောင်း နှင့် မျှ တိမ်းရှောင်နေသူ မဟုတ်ကြောင်း ဦးစိုးမိုးထွန်း မိသားစုနှင့် နီးစပ်သူတစ်ဦး က ပြောသည်။

“ကန်ကြီးထောင့် ရဲစခန်းကလည်း သူတို့ဆီမှာ မရှိဘူး မသိဘူး ပြောတဲ့အတွက် အနောက်တောင်တိုင်း စစ်ဌာန ချုပ်က စစ်ကြောရေး စခန်းတစ်ခုခုကို ခေါ်သွားတာပဲ ဖြစ်မယ်” ဟု  ဦးစိုးမိုးထွန်း မိသားစုနှင့် နီးစပ်သူ တစ်ဦး ပြောသည်။

ဦးစိုးမိုးထွန်းသည် စစ်တပ် အာဏာသိမ်းသည့်နေ့က ပုသိမ်မြို့ ရှိ တိုင်းဒေသကြီး လွှတ်တော် ရုံးဝန်းရှိ ကိုယ်စား လှယ်များ နားနေသည့် အဆောင်၌ အခြားသော တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များနှင့် အတူ ထိန်း သိမ်းထားခဲ့ခြင်းခံရ ပြီးနောက် ပြန်လည်လွှတ်မြောက် လာသူတစ်ဦး ဖြစ်သည်ဟု NLD ပါတီ အသိုင်းအဝိုင်းထံမှ သိရသည်။

ထို့နောက် စစ်ကောင်စီက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ လွှတ်တော်ကိုယ်စားလှယ် အချို့ကို ပုဒ်မ အမျိုးမျိုးတပ်ကာ ဖမ်းဝရမ်း ထုတ်ခဲ့‌‌သော်လည်း ထိုဝရမ်းထုတ် အမည်စာရင်းတွင် ဦးစိုးမိုးထွန်း မပါဝင်ဘဲ ယခု မှ ရုတ်တရက် အဖမ်းခံရခြင်းဖြစ်သည်ဟု မိသားစုနှင့်နီးစပ်သူက ပြောသည်။

ဦးစိုးမိုးထွန်းမှာ ယခင်က ကျောင်းဆရာ တစ်ဦးဖြစ်ပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှ စတင်ကာ ကန်ကြီးထောင့် မြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာပြီး ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ၌လည်း ကန်ကြီး ထောင့်မြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် အဖြစ် အနိုင်ရရှိခဲ့သူ ဖြစ်သည်။

၂၀၁၅ ခုနှစ် ဧရာဝတီတိုင်း ဒေသလွှတ်တော်၌ ဦးစိုးမိုးထွန်းက အလုပ်သမားရေးရာ ကော်မတီ အတွင်းရေးမှူး တာဝန် နှင့် ပြည်သူများ၏ တိုင်ကြားစာများ စိစစ်ရေးကော်မတီဝင် တာဝန်တို့ကို ထမ်းဆောင်ခဲ့ပြီး သိမ်းဆည်း ခံမြေယာများ ပြန်ရရှိရေးအတွက် လွှတ်တော်တွင်း တက်ကြွစွာ ဆောင်ရွက်ခဲ့သူဖြစ်သည်ဟု လွှတ်တော် တွင်း နိုင်ငံရေး သတင်းအရင်းအမြစ်များက ပြောသည်။

စစ်ကောင်စီသည် အမျိုးသား ဒီမိုကရေ အဖွဲ့ချုပ်က ထက်မြက်သည့် ပါတီခေါင်းဆောင် အချို့နှင့် ၂၀၂၀ ရွေး ကောက်ပွဲ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ် အချို့ကို ပုဒ်မအမျိုးမျိုးတပ်ကာ ဖမ်းဆီး ထောင်ချထားသည်။

ထိုသူများထဲမှ ပန်းတနော်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဗဟိုကော်မတီဝင် ဧရာဝတီတိုင်း အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာတင်မင်းထွဋ် နှင့် သာပေါင်းမြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦး၊ ပုသိမ်မြို့နယ်က တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် တစ်ဦး၊ ငပုတော မြို့နယ်က တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် တစ်ဦး တို့ကို ပုသိမ် ထောင်ထဲတွင် ထောင်နှစ်ရှည်ချထားသည်ဟု ပုသိမ်ထောင်မှ ပြန်လွတ်လာသူများက ပြောသည်။

Most read this week

May 1, 2024
ကရင်နီပြည်ရှိ တော်လှန်ရေးတပ်ပေါင်းစုများ သိမ်းပိုက်ထားသော မြို့အများစုတွင် မြေမြုပ်မိုင်း...
April 20, 2024
ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများတွင် အချိန်ခါ မဟုတ် မိုးရွာသွန်းမှုကြောင့် နေအိမ်အမိုးအကာများ...
April 6, 2024
တနင်္သာရီတိုင်း ထားဝယ်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး...
April 4, 2024
ရှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့ လေဆိပ်တွင် လေယာဉ် လိုက်ပါစီးနင်းမည့် ခရီးသည်များအား...