သမ္မတ ဦးသိန်းစိန် ဒုတိယသက်တမ်းအတွက် ၀င်ရောက်မယှဉ်ပြိုင်ဆိုသော သတင်း မမှန်ဟု သမ္မတရုံး အကြီးတန်းအရာရှိပြော

သမ္မတ ဦးသိန်းစိန် ဒုတိယသက်တမ်းအတွက် ၀င်ရောက်မယှဉ်ပြိုင်ဆိုသော သတင်း မမှန်ဟု သမ္မတရုံး အကြီးတန်းအရာရှိပြော
by -
မဇ္ဈိမ
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် လာမည့် ဒုတိယသက်တမ်းအတွက် ဝင်ရောက်မယှဉ်ပြိုင်ဆိုသော သတင်းမှာ မှန်ကန်ခြင်းမရှိဟု နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဇူလိုင် ၁၄ ရက်၊ နံနက်ပိုင်းတွင် မဇ္ဈိမကို ပြောကြားလိုက်သည်။

မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်သည် နိုဝင်ဘာ ၈ရက်တွင် ပြုလုပ်ရန် စီစဉ်ထားသော ပါလီမန် ရွေးကောက်ပွဲတစ်ခုတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း သမ္မတရုံးမှ အကြီးတန်းအရာရှိတစ်ဦးက ဇူလိုင် ၁၃ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းဌာနက ဖော်ပြထားခဲ့သော်လည်း ယင်းသတင်းမှာ မှန်ကန်ခြင်း မရှိဘဲ သမ္မတအနေဖြင့် စဉ်းစားနေဆဲ အခြေအနေတွင်သာ ရှိသည်ဟုလည်း ဦးဇော်ဌေးက ဆိုသည်။

အဆိုပါ သတင်းတွင် သမ္မတ ဦးသိန်းစိန်သည် လာမည့် အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည် မဟုတ်ဟု အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ သူရ ဦးရွှေမန်းထံသို့ စာပို့သည်ဟု ဖော်ပြထားသည်။

သို့သော်လည်း ယင်းစာနှင့် ပတ်သက်ပြီး မည်သို့ ထွက်ပေါ်လာသည် မသိဟုလည်း ဦးဇော်ဌေးက ဆိုသည်။

လာမည့် သက်တမ်းတွင် သမ္မတ ဦးသိန်းစိန် ၀င်ရောက်ယှဉ်ပြိုင်ခြင်း၊ မယှဉ်ပြိုင်ခြင်းနှင့် ပတ်သက်ပြီး ဦးဇော်ဌေးက “နံပါတ်တစ် တိုင်းပြည် အခြေအနေ။ နံပါတ်နှစ် ပြည်တွင်း နိုင်ငံရေး အခြေအနေ။ နံပါတ်သုံး ပြည်သူလူထုပေါ့နော်။ အဲဒီအခြေအနေတွေပေါ် မူတည်ပြီး ဆုံးဖြတ်မယ်။ အဲဒီအတိုင်းပါပဲ” ဟု ဆိုသည်။

“အဲဒီ အခြေအနေ သုံးရပ်ပေါ်မူတည်ပြီးပဲ ဆုံးဖြတ်မယ်။  လက်ရှိ အခြေအနေက စဉ်းစားဆဲလို့ပဲ ပြောလို့ ရမယ်”ဟု ၎င်းက ဆက်လက် ပြောကြားသည်။

လာမည့် သက်တမ်းတွင် ၀င်ရောက်ယှဉ်ပြိုင် မယှဉ်ပြိုင်ကိုမူ နိုင်ငံတော် သမ္မတအနေဖြင့် အချိန်တန် ပါက ထုတ်ပြန်မည်ဟုလည်း ၎င်းက ပြောကြားလိုက်သည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...