အပျက်အစီးထဲမှာ ၈ လကြာ

အပျက်အစီးထဲမှာ ၈ လကြာ
ဓါတ်ပုံ - CJ (မိုခါမုန်တိုင်းတိုက်ခတ်စဉ်က အခြေအနေများ)
ဓါတ်ပုံ - CJ (မိုခါမုန်တိုင်းတိုက်ခတ်စဉ်က အခြေအနေများ)

အားမီ — “စာသင်ဆောင်တွေ မပြင်နိုင်သေးတော့ အတန်းတွေက အခန်းပေါင်းပြီး စာသင်ရတယ်။ အကာတွေလည်း မရှိတော့ တစ်ဖက်နဲ့ တစ်ဖက်က အကုန်လုံး ကြားနေရတယ်။ အဲ့မှာ ကလေးတွေကလည်း စာကို စိတ်မဝင် စားကြတော့ဘူး။ ဆရာမတွေဆို အသံအကျယ်ကြီးနဲ့ အော်ပြီးကို သင်နေရတယ်....”

ရခိုင်လူငယ်တစ်ဦး ကျောက်တော်မြို့နယ်အတွင်းက ပြိုင်းချောင်းကျေးရွာရှိ အခြေခံပညာသင်ကျောင်းကို ရောက်ခဲ့ချိန်က အခြေအနေကို ပြန်လည်ပြောပြခြင်း ဖြစ်သည်။

အလားတူ “ကျမတို့ရွာက ကျောင်းဆို တာပေါ်လင်ကာပြီး သင်ကြတာပါ” ဟု ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် အတွင်းရှိ မြို့ချောင်းရွာ (ဂုဏ်းကျွန်းရွာ)သူ တစ်ဦးက ပြောသည်။

ဂုဏ်းကျွန်းကျေးရွာက အခြေခံပညာသင်ကျောင်းကဲ့သို့ မြောက်ဦးမြို့နယ်အတွင်းရှိ အခြားကျေးရွာများမှ ကျောင်းအများစုသည်လည်း ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ်၏ ကျောင်းပိတ်ချိန် ရောက်သည်အထိ နဂို ပကတိ အတိုင်း ကောင်းမွန်စွာ ပြုပြင် မွန်းမံနိုင်ခဲ့ခြင်း မရှိခဲ့ဘူးဟု ဆိုကြသည်။

‘မိုခါ’ မုန်တိုင်းမှာ ၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နေ့တွင် ရခိုင်ပြည်နယ်တွင် ကုန်းတွင်းသို့ ဝင်ရောက်ခဲ့ရာ၊ လေတိုက် နှုန်း တစ်နာရီလျှင် ၂၅၀ ကီလိုမီတာအထိ ရောက်ရှိခဲ့ပြီး၊ မြန်မာနိုင်ငံ၏ သမိုင်းတွင် အင်အားအပြင်းဆုံး မုန်တိုင်း တစ်လုံး အဖြစ် မှတ်တမ်းဝင်ခဲ့သည်ဟု မြန်မာနိုင်ငံ OCHA အဖွဲ့က ထုတ်ပြန်ထားသည်။

‘မိုခါ’ မုန်တိုင်းအတွင်း ရခိုင်ပြည်နယ်အတွင်းရှိ စာသင်ကျောင်းများသည် ဆိုးဆိုးရွားရွာ ထိခိုက်ပျက်စီးခဲ့ရသည်။ မုန်တိုင်း တိုက်ခတ်ခဲ့သည်မှာ ၈ လ ကြာခဲ့ပြီဖြစ်သော်လည်း ပျက်စီးသွားသော ကျောင်းအများစုမှာ ပြန်လည် ပြင်ဆင်နိုင်ခြင်း မရှိသေးပေ။

ရခိုင်ပြည်တွင် ကျောင်းပေါင်း ၃,၁၉၃ ကျောင်း ရှိသည့်အနက် 'မိုခါ' မုန်တိုင်းကြောင့် ကျောင်းပေါင်း ၁၃၈၀ ကျောင်း ထိခိုက်ပျက်စီးခဲ့သည်ဟု ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်က သတင်းမီဒီယာများအား ဖြေကြားခဲ့ သည်။

‘မိုခါ’ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီး ၂ ပတ်အကြာတွင် ၂၀၂၃ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် အခြေခံပညာသင် ကျောင်းများ ဖွင့်လှစ်ရန် ပြည်နယ်စစ်ကောင်စီ လက်အောက်ခံ ပညာရေးဝန်ကြီးဌာနက လုပ်ဆောင်ခဲ့သည်။

ရခိုင်ပြည်နယ်တွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် အခြေခံပညာသင်ကျောင်းများကို ပြန်ဖွင့်ခဲ့ပြီး၊ ကျောင်း အပ် ဆက်လက်ခံနေကြောင်း ပြည်နယ်ပညာရေးမှူးက ပြောဆိုခဲ့သည်။

ထို့အပြင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပထမရက်တွင်ပင် တပြည်နယ်လုံးတွင်း ကျောင်းတက်သူပေါင်း ၄ သိန်းနီး ပါး ရှိခဲ့သည်ဟု တာဝန်ရှိသူများက ပြောဆိုခဲ့သော်လည်း မြေပြင်အခြေအနေနှင့် ကွာခြားနေသည်ဟု လေ့လာ စောင့်ကြည့်သူများက သုံးသပ်ပြောဆိုခဲ့သည်။

‘မိုခါ’ မုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်၏ မြို့တော် စစ်တွေအပါအဝင် ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တော၊ ကျောက်တော်၊ ဘူးသီးတောင်နှင့် မြောက်ဦးမြို့နယ်များထဲရှိ စာသင်ကျောင်း အဆောက်အအုံများ ပျက်စီးခဲ့ သည်။

မြို့ပေါ်ရှိကျောင်းများအပြင် ကျေးလက်ဒေသရှိ ကျောင်းများ ပျက်စီးခဲ့ပြီး အချို့ကျောင်းများမှာ မုန်တိုင်းကြောင့် လုံးဝပျက်စီးသွားပြီး အချို့ကျောင်းများမှာမူ ခေါင်မိုးများလန်ကုန်ခြင်း၊ နံရံများပျက်စီးခြင်းနှင့် ကျောင်းသုံး ပစ္စည်းများ၊ စားပွဲများ လုံးဝပျက်စီးကုန်သည်။

မုန်တိုင်း ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး ကာလ၌ပင် အခြေခံပညာသင်ကျောင်းများ ဖွင့်ခဲ့ရပြီး ကျောင်းသူ/ကျောင်းသား ၃သိန်း ၈ သောင်းကျော် တက်ရောက်ခဲ့သည်ဟု ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်က VOA မြန်မာပိုင်းကို ဖြေကြားခဲ့သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မြေပြင်တွင် မုန်တိုင်းသင့် ပြည်သူများအား ကူညီပေးနေသူ စစ်တွေမြို့ခံတစ်ဦးက ယခုကဲ့သို့ ပြောသည်။

“ကျနော်ရောက်ခဲ့တဲ့ ကျောက်တော်မှာဆို ကျောင်းက လုံးဝပျက်သွားတယ်။ ဒီပလောင်ချောင်းရွာက ကျောင်း ပါ။ အစိုးရက ပြင်လည်းမပေးဘူး။ ကိုယ်ထူကိုယ်ထ ပြင်ဖို့ဆိုတာကလည်း မဖြစ်နိုင်ဘူးလေ။ အိမ်ပျက်တာ တောင် မပြင်နိုင်သေးဘူး။ အဲ့ဒါကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ကျောင်းကို ဖွင့်ခိုင်းတယ်။ နှစ်လ သုံးလလောက်အထိ လည်း ကျောင်းက မပြင်နိုင်တော့ ကလေးတွေက ကျောင်းလည်း တက်လိုက် မတက်လိုက်ပဲ။”

ကျောက်တော်မြို့နယ်ရှိ ကျေးရွာများဖြစ်သည့် သရက်တပင်၊ ဘုရားပေါင်း၊ အပေါက်ဝ၊ သင်္ဘောကွေ့၊ သရက် အုပ်၊ ပုလဲကိုင်း၊ မင်းသားဆိပ်၊ ခမောင်းချောင်း၊ တောဝချောင်း၊ ပလောသုံးခွ၊ ပြိုင်းချောင်း စသည့်ကျေးရွာများ အပါအဝင် ကျေးရွာအများအပြားတွင်လည်း စာသင်ကျောင်းများ ပြိုကျ ပျက်စီးသွားခဲ့သည်။

ကျောက်တော်မြို့က လူငယ်တစ်ဦးက “ကျောက်တော်က ခမောင်း တောဝချောင်း ဆိုတဲ့ရွာမှာဆို အခုထိ ကျောင်းက မပြင်နိုင်သေးဘူး။ သူက အမကကျောင်း မူလတန်းကျောင်းပေါ့။ ကျနော် ဒီဇင်ဘာလတုန်းက ရောက်ခဲ့တယ်။ ကျောင်းက မပြင်နိုင်သေးတော့ ဆရာ၊ ဆရာမတွေ အိမ်မှာ ကလေးတွေကို စာခေါ်သင်နေကြ တယ်။ ကျောင်းက ကောင်းတဲ့ စာရေးခုံတွေယူပြီးတော့ပေါ့။ သလူချောင်းတို့ဘက်လည်း မပြင်ရသေးဘူး။ ပြိန်းချောင်းဘက်က ကျောင်းလည်း အဲ့အတိုင်းပဲ” ဟု ပြောသည်။

ထို့အပြင် အချို့ကျောင်းများမှာမူ ကိုယ်ထူကိုယ်ထ ကျေးရွာအလိုက်ပြုပြင်နိုင်သလောက် ပြုပြင်ကာ တာပေါ် လင်စများကာပြီး စာသင်ခဲ့ကြသည်ဟုဆိုသည်။ အလားတူ အချို့ကျောင်းများမှာမူ ကျေးရွာဘုန်းကြီးကျောင်း ဆောင်များတွင် ယခုနှစ်ပညာသင်ကို ကျော်ဖြတ်ခဲ့ရသည်ဟု ဆိုကြသည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် အဆိုပါကျောင်းများ ပြန်လည်ပြုပြင်နိုင်ရေး ဘတ်ဂျက်များ ကျလာပြီဖြစ်သော် လည်း ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်း၌ ပြန်လည်ဖြစ်ပွားနေ သည့် တိုက်ပွဲများကြောင့် လက်ရှိတွင် ကျောင်းများပါ ပိတ်ထားရသည်ဟု ဆိုသည်။

ကျောက်တော်မြို့နယ်ထဲရှိ ကျေးရွာများတွင် ‘မိုခါ’ မုန်တိုင်းကြောင့် ပျက်စီးသွားသည့် ပြန်လည်ပြုပြင်ရန် ကျောင်းပေါင်းမြောက်မြားစွာ ကျန်နိုင်သေးသော်လည်း မြေပြင်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများ၊ လမ်းပန်း ဆက်သွယ်ရေး အခက်အခဲများကြောင့် စာရင်းအတိအကျ ရယူနိုင်ရေး အခက်အခဲများ ရှိနေသည် ဟု ကူညီပေး နေသူများက ပြောသည်။

မြောက်ဦးမြို့နယ်အတွင်းရှိ မြို့ချောင်းရွာ (ဂုဏ်းကျွန်းရွာ)သူ တစ်ဦးကလည်း “ကျမတို့ရွာကျောင်းက တစ် ဆောင်က အမိုးလန်တယ်၊ တစ်ဆောင်ကတော့ ပျက်သွားတယ်။ ကိုယ်ထူကိုယ်ထ တစ်ဆောင်ပဲ အမိုးကာပြီး သင်ရတယ်။ စာသင်ချိန်ကို ခွဲပြီးသင်တာပေါ့နော်။ တချို့အတန်းကို မနက်ပိုင်း၊ တချို့ကို နေ့လည်ပိုင်းပေါ့နော် အဲ့လိုပဲ။ အခုတော့ တိုက်ပွဲဖြစ်လို့ ကျောင်းအားလုံးပိတ်တယ်။ ဆရာမတွေလည်း မလာဘူး” ဟု ပြောသည်။

၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်အတွင်း ကျေးလက်ဒေသက အခြေခံပညာသင်ကျောင်းများကို ပြင်ဆင်နိုင်မှု မရှိခဲ့သလို မြောက်ဦးမြို့နယ်အတွင်းရှိ ကျေးလက်ဒေသများက ကျောင်းများကိုလည်း ပြင်ဆင်နိုင်မှု မရှိခဲ့ဘူးဟု ဆိုကြသည်။

ထို့အပြင် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ တောဖျားချောင်းဒေသက ကျောင်းများနှင့် ဂဏန်းတောင်ကျေးရွာရှိ စာသင်ကျောင်းဆောင်များကိုလည်း တာပေါ်လင်စများ ကာမိုးပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကို ကျော်ဖြတ်ခဲ့ကြ ရသည်။

ပုဏ္ဏားကျွန်းမြို့နယ်ဘက် အခြေအနေနှင့် ပတ်သက်၍လည်း ဒေသခံတစ်ဦးက “တောဖျားချောင်းဘက်တို့ တချို့ နေရာတွေမှာတော့ ယာယီကျောင်းဆောင်တွေမှာ တာပေါ် လင်စတွေ မိုးပြီး သင်ခဲ့တာမျိုးရှိတယ်။ တချို့ ကတော့ ကျောင်းဆောင်မလုံလောက်တော့ အသုတ်လိုက် အသုတ်လိုက် ခွဲသင်ရတာမျိုးရှိတယ်။ အချိန်ပိုင်းခွဲ ပြီး သင်ခဲ့ရတာပေါ့။ အခုချိန်ထိ မပြင်နိုင်တာက ဝေးလံ ခေါင်ဖျားတဲ့နေရာတွေကို ဘယ်သူမှ မသွားချင်တာပါ တယ်။ လက်လှမ်းမှီသလောက်ကိုပဲ ပြင်တာမျိုးပေါ့။ ပြန်လည်ထူထောင်ရေး ကာလ ဘယ်လောက်ပဲ ကြာသွား ပါစေ မရောက်တော့ဘူး။ မြို့ပေါ်နဲ့ အနီးပတ်ဝန်း ကျင်ကိုပဲ ဦးစားပေးပြီး လုပ်ခဲ့တာမျိုးပေါ့” ဟု ပြောသည်။

ပြင်ဆင်နိုင်ခဲ့သည့် ကျောင်းအများစုမှာ မြို့ပေါ်ရှိ ကျောင်းများသာ ဖြစ်သည်ဟု ဆိုသည်။

စစ်တွေအပါအဝင် ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တော၊ ကျောက်တော်၊ ဘူးသီးတောင်နှင့် မြောက်ဦးမြို့ ပေါ်ရှိ စာသင်ကျောင်း အဆောက်အအုံများမှာ ပြင်ဆင်နိုင်ခဲ့သည်ဟု မြို့ခံများက ပြောသည်။

စစ်တွေမြို့ခံ အမျိုးသမီးတစ်ဦးက “ညီမတို့ စစ်တွေဘက်မှာတော့ ညီမတို့အိမ်နားမှာ မူလတန်းကျောင်း တစ် ကျောင်းရှိတယ်။ အဲ့ကျောင်းလည်း ပြင်လိုက်တယ်။ ပြီးတော့ အလက ၆ ဆိုပြီးတော့ အလယ်တန်းကျောင်း တစ်ကျောင်းရှိတယ်။ အဲ့ဒါလည်း ပြင်ထားတယ်။ နောက်ပြီး ညီမတို့နဲ့ သိပ်မနီးမဝေးက အထက်တန်းလည်း ပြင်ထားတယ်။ စစ်တွေမြို့ပေါ်က ကျောင်းတွေက ပြင်ထားတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်ကမူ မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသည့် စာသင်ကျောင်းများကို ပြန် လည်ပြုပြင်ရာတွင် ၉ဝ ရာနှုန်းပြီးစီးနေပြီဖြစ်ကြောင်း ၂၀၂၃ ခုနှစ် စက်တင်ဘာလထဲတွင် ပြောဆိုခဲ့သော်လည်း မြေပြင်က အခြေအနေမှာ ထိုကဲ့သို့ မဟုတ်ကြောင်း ဒေသခံများနှင့် ကူညီကယ်ဆယ်ရေး လုပ်ဆောင်ခဲ့သူများက ပြောသည်။

ပြိုပျက်နေသည့် စာသင်ကျောင်းများ၊ မိုးမလုံ လေမလုံသည့် စာသင်ကျောင်းဆောင်များတွင် တစ်နှစ်တာလုံး စာသင်ခဲ့ရသည့် ကျောင်းသူကျောင်းသား ကလေးငယ်များအနေဖြင့် လုံခြုံမှုမရှိခြင်းတို့ကြောင့် ကလေးငယ် များ ၏ စိတ်ပိုင်းဆိုင်ရာများ ထိခိုက်မှုရှိလာသည်ဟု ကျောင်းသားမိဘများက ပြောသည်။

ကျောင်းသူ၊ ကျောင်းသား အချို့မှာ ကျောင်းပင် မသွားတော့သည့် အခြေအနေမျိုးများပါ ဖြစ်လာသည်ဟု ဆိုကြသည်။

ကျောက်တော်မြို့၊ သရက်တပင်ကျေးရွာက ကျောင်းသားမိဘတစ်ဦးက “ကျမတို့က ကျောင်းကို အမြန်ဆုံး ပြင်ပေးစေချင်တာ။ အခုတော့ တိုက်ပွဲပါ ပြန်ဖြစ်တော့ ပိုဆိုးသွားပြီ။ မျှော်လင့်လို့ မရသေးဘူး။ အခုလည်း ကျောင်းပိတ်ထားတယ်။ ကျောင်းက ဖွင့်ချိန်လည်း ကလေးတွေက ကျောင်းမသွားချင်တော့ဘူး။ အခန်းတွေ ပေါင်းပြီးသင်တော့ စာသင်ရတာ အဆင်မပြေဘူးတဲ့။ မိုးတွင်းတုန်းကလည်း မိုးကယို၊ မိုးရလည်းပက်နဲ့ တော် တော် အဆင်မပြေဘူး။ ဆရာမတွေလည်း မလာတာများတယ်” ဟု ပြောသည်။

ရခိုင်ပြည်တွင် မုန်တိုင်းသင့်ပြည်သူများကို စစ်ကောင်စီက အပြည့်အဝ ကူညီထောက်ပံ့နိုင်ခြင်းမရှိခဲ့သည့် အပြင် နိုင်ငံတကာအဖွဲ့အစည်းများ၏ သွားလာ ကူညီထောက်ပံ့ခွင့်ကို စစ်ကောင်စီက ပိတ်ပင်ထားခဲ့သည်။

ထို့ကြောင့် မုန်တိုင်းသင့်ပြည်သူများမှာ ပြန်လည်ထူထောင်ရေးများ လုပ်ဆောင်ရာတွင် များစွာအခက်ကြုံခဲ့ရပြီး ယနေ့အချိန်ထိလည်း နလံမထူနိုင်သေးသည့် ရပ်ရွာများ ရှိနေဆဲ ဖြစ်သည်။

ရခိုင်ပြည်နယ် စစ်ကောင်စီဥက္ကဋ္ဌ ဦးထိန်းလင်းကမူ ရခိုင်ပြည်နယ်အတွင်းက မုန်တိုင်းဒဏ်သင့် ပြည်သူများ အတွက် စစ်ကောင်စီ၏ ပြန်လည်ထူထောင်ရေးကာလ ပြီးဆုံးပြီသွားပြီဟု ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက် နေ့က ပြည်နယ်ကောင်စီ အစိုးရအဖွဲ့ရုံးခန်းမတွင် ပြောဆိုသွားခဲ့သည်။

ရခိုင်ပြည်အတွင်းက မုန်တိုင်းသင့်မြို့နယ်များထဲက ကျောင်းဆောင်များကို ပြုပြင်ရာတွင် စစ်တွေ၊ မြေပုံ၊ မောင်တော၊ မြို့နယ်များတွင် ၁၀၀ ရာခိုင် နှုန်း၊ ကျောက်တော်နှင့် မင်းပြားမြို့နယ်တွင် ၉၀ ရာခိုင်နှုန်း၊ မြောက်ဦး မြို့နယ်တွင် ၉၅ ရာခိုင်နှုန်း၊ ပုဏ္ဏားကျွန်းမြို့ နယ်တွင် ၈၅ ရာခိုင်နှုန်းနှင့် ဘူးသီးတောင်တွင် ၆၀ ရာခိုင်နှုန်းကျော်ပြီး နေစီးပြီဟု ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်က စက်တင်ဘာလတွင် ပြောဆိုခဲ့သည်။

သို့သော်လည်း မြေပြင်က အခြေအနေများမှာ ဦးဘထွီးစိန် ပြောဆိုထားသကဲ့သို့မဟုတ်ဘဲ ကွာခြားမှုများရှိနေ သည်။

မုန်တိုင်းသင့်ပြည်သူများအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ လိုအပ်ချက်များစွာ ရှိနေသေးပြီး ယခု အချိန်ထိ အမိုးအကာမလုံခြုံဘဲ နေရသူများ ကျေးလက်ဒေသများတွင် အများအပြားရှိနေသးသည့်အပြင် စာသင် ကျောင်းဆောင်များနှင့် ဘာသာရေး အဆောက်အအုံများလည်း ယခုအချိန်ထိ ပြုပြင်နိုင်ခြင်း မရှိသေးဘူး ဟု ဆိုကြသည်။

ထိုအခြေအနေများနှင့် ပတ်သက်၍ ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်ကို ဆက်သွယ်ခဲ့သော်လည်း လက်ခံ ဖြေကြားခြင်း မရှိခဲ့ပေ။

မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်အတွင်း စာသင်ကျောင်းပေါင်း ၉၇၁ ကျောင်း၊ ဘာသာရေး အဆောက်အအုံ ၁,၅၀၇ ဆောင်၊ ဆေးရုံ/ဆေးခန်း ၂၅၂ ဆောင်ပျက်စီးခဲ့ပြီး ကျွဲ၊ နွား စုစုပေါင်း ၁၅, ၃၈၈ ကောင် သေဆုံးခဲ့ကာ ပျက်စီးဆုံးရှုံးမှုတန်ဖိုး ဒေါ်လာ တစ်ဘီလီယံခွဲခန့် ရှိခဲ့သည်ဟု ရက္ခိုင့်တပ်တော် ULA/AA က ထုတ်ပြန်ထားသည့်  စာရင်းအရ သိရသည်။

ရခိုင်တွင် မုန်တိုင်းကြောင့် သေဆုံးသူ ၁၄၆ ဦးရှိခဲ့ပြီး ၎င်းတို့မှာ စစ်တွေမြို့နယ်တွင် ၉၆ ဦး၊ ရသေ့တောင်မြို့ နယ်တွင် ၃၇ ဦး၊ ပေါက်တောမြို့နယ်တွင် ၇ ဦး၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ၄ ဦး၊ ကျောက်တော်မြို့နယ်တွင် ၂ ဦး ဖြစ်သည်ဟု ULA/AA က ထုတ်ပြန်ထားသည်။

Most read this week

May 1, 2024
ကရင်နီပြည်ရှိ တော်လှန်ရေးတပ်ပေါင်းစုများ သိမ်းပိုက်ထားသော မြို့အများစုတွင် မြေမြုပ်မိုင်း...
April 20, 2024
၂၀၂၁ အာဏာသိမ်းပြီးနောက် တိုက်ပွဲတွေကြားက အကောင်အထည်ဖော်နေတဲ့ ကရင်နီပြည်ရဲ့ ပညာရေးဟာ...
April 20, 2024
ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများတွင် အချိန်ခါ မဟုတ် မိုးရွာသွန်းမှုကြောင့် နေအိမ်အမိုးအကာများ...
April 19, 2024
Salai Vakok — တောတောင်ထူထပ်၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ဒေသကို ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ၃...